ရာသီလာချိန် အဆုတ်ထဲမှာပါ သွေးထွက်ပြီး၊ ချောင်းဆိုးသွေးပါ ဖြစ်စေနိုင်တဲ့ ရောဂါအခြေအနေတစ်မျိုးဟာ တကယ်ကြီးရှိနေပြီး အဲဒါကို (Thoracic Endometriosis) လို့ ခေါ်ပါတယ်နော်…

အဲဒီတော့…

TE အကြောင်းကို မပြောခင် Endometriosis ဆိုတာလေးကို အရင်ဆုံးရှင်းပြဖို့ လိုမယ်ထင်ပါတယ်။

Endometriosis ဆိုတာကတော့ သားအိမ်ရဲ့ အတွင်းနံရံတစ်သျူးအချို့ဟာ သားအိမ်အတွင်းမှာ ရှိမနေဘဲ တခြားတစ်နေရာမှာ သွားပြီးရှိနေတာကို ဆိုလိုချင်တာပါ။

များသောအားဖြင့် ဝမ်းဗိုက်အောက်ပိုင်း တင်ပါးဆုံအတွင်းက တခြားအင်္ဂါအစိတ်အပိုင်းတွေမှာ ရှိနေတတ်ပြီး၊ အဓိကကတော့ သားဥအိမ်နဲ့ သားဥပြွန်မှာ အဖြစ်အများဆုံးပါပေါ့။

Endometriosis ဟာ အမျိုးသမီးတွေရဲ့ (၆ – ၁၀%) အထိ ဖြစ်တတ်ကြတယ်လို့လည်း ဆိုပါတယ်။

..

..

အဲဒီတော့ ပြဿနာက ဘာလဲ ????

ပြဿနာက ဘာလဲဆိုတော့ အဲဒီ (တခြားနေရာမှာ ရောက်နေတဲ့) တစ်သျူးလေးက သူ့ကိုယ်သူ သားအိမ်လိုမျိုး ရာသီစက်ဝန်း ဟော်မုန်းအပြောင်းအလဲတွေပေါ်မူတည်ပြီး ထူလာလိုက်၊ ကြွေကျပြီး သွေးထွက်လိုက် ဖြစ်တော့တာပါပဲ။ အလွယ်ပြောရရင် ရာသီသွေး ဆင်းတော့တာပေါ့။

ဒီတော့ သားအိမ်မဟုတ်တဲ့ တခြားနေရာတွေမှာပါ သားအိမ်နဲ့အတူတူ သွေးတွေ လိုက်ထွက်တော့တာပေါ့…

ဒါကြောင့် Endometriosis ဖြစ်နေတဲ့ အမျိုးသမီးတွေဟာ တခြားသူတွေထက်စာရင် ဝမ်းဗိုက်အောက်ပိုင်း နာကျင်တာမျိုးတွေ ပိုပြီးခံစားရတတ်ပါတယ်။

သားဥအိမ်တို့၊ သားဥပြွန်တို့ကပါ သွေးထွက်နေတော့လေ ????

(Endometriosis အကြောင်း အသေးစိတ်ရေးထားတဲ့ ပိုစ့်လေးကိုတော့ အပြာရောင်စာသားလေးကိုနှိပ်ပြီး ဝင်ဖတ်ကြည့်ပါနော်)

အခုတော့ Thoracic Endometriosis အကြောင်းလေး ရှေ့ဆက်ပါရစေ…

Thoracic Endometriosis ဆိုတာကတော့ နာမည်အတိုင်း ရင်ဘတ်/ရင်ခေါင်းထဲမှာ သားအိမ်အတွင်းနံရံတစ်သျူးလေးတွေ ရှိနေတာပါ…

ဒီလိုအဖြစ်အပျက်မျိုးဟာ အင်မတန်ရှားပြီး ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ တိကျခိုင်မာတဲ့အထောက်အထားလည်း မရှိသေးပါဘူး။

တချို့သီအိုရီတွေကတော့ (retrograde menstration) လို့ခေါ်တဲ့ ရာသီလာစဥ် သားအိမ်တစ်သျူးတွေနဲ့ သွေးတချို့ဟာ အောက်ကိုဆင်းမသွားဘဲ သွေးပြန်ကြောတွေကတစ်ဆင့် အပေါ်ဘက်ကို ရောက်လာတယ်လို့ဆိုကြပေမယ့် ဒီအတွေးအခေါ်ဟာလည်း ပြီးပြည့်စုံအောင် မှန်ကန်မှုမရှိဘူးလို့ ဆိုကြပါတယ်။

ဘာပဲဖြစ်ဖြစ် တစ်သျူးလေးကတော့ ရင်ဘတ်ထဲ၊ အဆုတ်ထဲ ရောက်ရှိလို့နေပါပြီ….

ဒီတော့ ဘာဆက်ဖြစ်ကြမလဲ ????

ဘာဆက်ဖြစ်ကြမလဲဆိုတော့ အပေါ်မှာ ပြောခဲ့သလို…

အဆုတ်ထဲရောက်နေတဲ့ တစ်သျူးလေးဟာလည်း သားအိမ်နဲ့အတူတူ ရာသီလာချိန် သွေးထွက်လာမှာပေါ့နော်…

အဲဒီအခါ တစ်သျူးလေး ရောက်နေတဲ့နေရာပေါ် မူတည်ပြီး အသက်ရှုကျပ်တာ၊ ချောင်းဆိုးတာ၊ အဆုတ်အမြှေးပါးတွေကြားထဲ သွေးအိုင်တာ/လေခိုတာ၊ ချောင်းဆိုးရင်း သွေးပါတာ စတာမျိုးတွေ ဖြစ်တတ်တာပေါ့။

ဒီလိုလက္ခဏာတွေဟာ တခြားအဖြစ်များတဲ့ ရောဂါတွေနဲ့ ဆင်တူယိုးမှား ဖြစ်နေတတ်တာမို့ Thoracic Endometriosis ကို တော်ရုံသတိမထားမိဘဲ အချိန်အတော်ကြာမှ ရောဂါနာမည် တပ်ဖြစ်ကြတာလည်း များပါတယ်။

ပြောရရင် တခြားရောဂါဖြစ်တယ်ထင်ပြီး အရင်ကုမိပြီး မသက်သာမှ နောက်ဆုံးမှ ရောဂါအမှန်ကို တွေ့ကြတာပေါ့။

(TE က ဖြစ်ကြတာ အလွန်ရှားတယ်လေ)

ဟုတ်ပါပြီနော်

ဒီလောက်ဆိုရင်…

ရာသီလာချိန် အဆုတ်ထဲမှာပါ သွေးထွက်ပြီး ချောင်းဆိုးသွေးပါ ဖြစ်တတ်တယ်ဆိုတာလေးအကြောင်း တီးမိခေါက်မိ ရှိလောက်ပြီ ထင်ပါတယ်။

အခုပိုစ့်လေးကို ဖတ်ကြည့်အပြီးမှာ…

“ ဟယ်.. ငါ့မှာလည်း ဒါမျိုးဖြစ်နေတာလား မသိ။ ငါလည်း ဟိုဟာဖြစ်ချိန်ဆို အသက်ရှုကျပ်ချင်တာလိုလို မောတာလိုလိုနဲ့ တစ်မျိုးပဲ”

“ ဒီလိုဟာမျိုး ငါ့ဆီဖြစ်နေရင် ဘယ့်နှယ့်လုပ်ရမလဲ… ကြောက်စရာကြီး အဆုတ်ထဲ သားအိမ်တစ်သျူးတွေ ရှိနေတာတဲ့” စသဖြင့်လည်း အစိုးရိမ်မလွန်ကြပါနဲ့နော်????

စကော့တလန်ထီ ပေါက်ဖို့ကမှ လွယ်ပါသေးတယ်

TE ဖြစ်ဖို့က အင်မတန် ခက်ပါတယ်နော်။

ဒါကြောင့် သောကမပွားကြပါနဲ့…

ကြားဖူးနားဝ ရှိသွားတယ်ဆိုရုံလေးသာ မှတ်ထားပေးကြပါ။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ ကျန်းမာရေးဗဟုသုတတွေလည်း ပွားများကြပါစေလို့ ဆုတောင်းပေးလျက်….????

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here