“ ဇီဝနာရီနဲ့ တစ်နေ့တာအတွင်း သွေးပေါင်ချိန်ပြောင်းလဲမှု”
ဇီဝနာရီ
သက်ရှိသတ္တဝါတို့ရဲ့ နေ့စဉ် တစ်နေ့တာအတွင်း ရုပ်၊ စိတ်နဲ့ အမူအကျင့် စတဲ့ ဇီဝကမ္မဖြစ်စဉ်တွေဟာ နေ့နဲ့ည အချိန်ကိုလိုက်ပြီး စည်းဝါးကိုက်ခါ ပြောင်းလဲကြပါတယ် (Diurnal rhythms) ။
အထူးသဖြင့် နေ့ဘက်နိုးထနေချိန်နဲ့ ညအိပ်နေချိန်တွေမှာ အလင်းအမှောင်ပြောင်းလဲမှုကိုလိုက်ပြီး ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေ အလုပ်လုပ်ပုံ မတူညီကြပါ။
အဲဒီလို ပြောင်းလဲမှုကို စီမံခန့်ခွဲပေးဖို့ ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်း အားလုံးနီးပါးမှာရှိကြတဲ့ အထူးမော်လီကျူးကလေးတွေနဲ့ဖွဲ့ထားတဲ့ ဇီဝနာရီ (biological clocks) တွေက ပတ်ဝန်းကျင်အလင်းအမှောင်ပြောင်းလဲမှုနဲ့ အမူအကျင့်တို့ကိုလိုက်ပြီး အချင်းချင်း ဆက်သွယ်တုန့်ပြန် လုပ်ဆောင်ကြပါတယ်။
အဲဒီ ဇီဝနာရီတွေကို ညှိနှိုင်းထိန်းချုပ်ပေးတဲ့ (Master clock) နာရီကြီးကတော့ ဦးနှောက်ထဲမှာရှိပြီး မျက်စိကလာတဲ့ အလင်းရောင်ဆိုင်ရာ သတင်းပို့ချက်တွေကိုတည်လို့ ထိန်းညှိမှုတွေကိုလုပ်ပါတယ်။
..
..
ဇီဝနာရီက လူတစ်ယောက်ရဲ့သွေးပေါင်ချိန်ကို ဘယ်လိုပြောင်းလဲပေးလဲ
သာမန်လူတစ်ယောက်ရဲ့ သွေးပေါင်ချိန်ဟာ စိတ်ရောခန္ဓာပါ အနားယူရတဲ့ ညဘက်မှာ နေ့ဘက်သွေးပေါင်ချိန်ထက် (၁၀-၂၀) ရာခိုင်နှုန်းလောက် ပိုနည်းပါတယ်။ night dip လို့ ခေါ်ပါတယ်။
လူတွေမနက်ဘက် အိပ်ရာနိုးထလာတဲ့အခါမှာတော့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကိုလုပ်ဖို့ စွမ်းအင်တွေ၊ အောက်ဆီဂျင်တွေ ပိုလိုလာလို့ အဲဒါတွေကိုဖြည့်ဆည်းပေးဖို့ သွေးပေါင်ချိန်ကို ရုတ်တရက် မြှင့်ပေးလိုက်ရပါတယ် (Morning Blood Pressure Surge) ။
..
မနက်အိပ်ရာထချိန် သွေးပေါင်ချိန်ထိုးတက်ခြင်း (Morning Blood Pressure Surge)
မနက်အိပ်ရာထ သွေးပေါင်ချိန်က သာမန်အချိန်ထက် အနည်းငယ်ပိုများတာက ပုံမှန်ဖြစ်စဉ်ဆိုပေမယ့် ပုံမှန်ထက် အများကြီးပိုပြီးမြင့်တက်တဲ့ အခြေအနေတွေလည်းရှိပါတယ်။
အဲဒီလို မနက်နိုးထချိန် သွေးပေါင်ချိန်အတက်များရင် သွေးကြောနံရံရှိအဆီခဲတွေ ရုတ်တရက်ပြုတ်ထွက်ပြီး ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ်တာ၊ နှလုံးသွေးကြောထဲပိတ်ကာ၊ နှလုံးသွေးငတ် ပျက်စီးတာ မျိုးတွေ ဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေက မနက် ၆ နာရီနဲ့ မွန်းတည့်ချိန်အကြား အဖြစ်များတာ အဲဒီလို ရုတ်တရက် သွေးပေါင်ချိန်ဆောင့်တက်လို့ပါ။
ဒီလို သွေးပေါင်ချိန် ပုံမှန်ထက်ပိုများများ ထိုးတက်တာမျိုးကို ကြုံရတတ်သူများကတော့ အသက်ရွယ်ကြီးရင့်သူ၊ ဆေးလိပ်/အရက်သောက်သုံးသူ၊ သွေးတိုး/ဆီးချို ရှိသူ၊ ကိုလက်စထရောများသူ၊ ကျောက်ကပ်ရောဂါရှိသူ၊ စိတ်ဖိစီးမှုများသူ၊ ဆားအစားများသူ၊ အိပ်နေစဉ်အသက်ရှူရပ်သွားတတ်သူတို့နဲ့ အလွန်အေးမြတဲ့ပတ်ဝန်းကျင်တို့ကြောင့်လို့ ဆိုပါတယ်။
..
ညအိပ်ချိန် သွေးပေါင်ချိန် ကျသင့်သလောက်မကျတဲ့ပြဿနာ (Non-dipper)
တချို့လူတွေမှာ ညအိပ်ချိန် သွေးပေါင်ချိန်က နေ့ဘက်သွေးပေါင်ထက် သိသိသာသာလျော့နည်းမသွားဘဲ (လျော့ကျမှု ၁၀ % ထက်နည်းပြီး) ဆက်ပြီးတင်းခံနေတတ်ပါတယ်။ အဲဒီလိုလူတွေမှာ နှလုံးနဲ့ ဦးနှောက်သွေးကြောဆိုင်ရာပြဿနာတွေ အဖြစ်များပါတယ်။
..
ညအိပ်ချိန် သွေးပေါင်ချိန်တက်တဲ့ ညသွေးတိုးရောဂါ ( Nocturnal Hypertension)
ညအိပ်နေချိန် သွေးပေါင်ချိန် ၁၁၀/ ၆၅ ထက်များနေရင် ညသွေးတိုးရောဂါရှိတယ်လို့ ဆိုပါတယ်။ တချို့သူတွေမှာ နေ့ခင်းဘက်သွေးပေါင်ချိန်က ၁၃၀/၈၀ ထက်ပိုမတက်ဘဲ ညဘက်မှာပဲ သွေးတိုးတာမျိုးလည်း ရှိပါတယ်။ အဲဒီသူတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေကို ပိုခံရပါတယ်။ ဒီလိုလူတွေမှာ ညဘက်သွေးတက်တာကို သတိမထားမိဘဲ ထိရောက်တဲ့ ဆေးကုသမှုမရတတ်လို့ နှလုံး၊ ဦးနှောက်နဲ့ သွေးကြောဆိုင်ရာပြဿနာတွေပိုဖြစ်ပြီး အသက်ပါတိုနိုင်ပါတယ်။
..
ညအချိန် သွေးပေါင်ချိန် ထိုးတက်ခြင်း (Nocturnal BP surge)
တချို့တွေမှာ ညအိပ်နေစဉ် သွေးပေါင်ချိန် ရုတ်တရက်ထိုးတက်တဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် အိပ်နေစဉ် အသက်ရှူလမ်းပိတ်ပြီး ခေတ္တအသက်ရှူရပ်တတ်သူတွေ (sleep apnea) ၊ ညဘက် နိုးထတတ်သူ၊ ဆီးခဏခဏထသွားသူ၊ အိပ်မက်မက်လေ့ရှိသူတွေမှာ ဖြစ်တတ်ပါတယ်။
ခက်တာက ညဘက်မှာ သွေးပေါင်ချိန်ကျသင့်သလောက်မကျတာ၊ သွေးပေါင်တက်တာတွေကို ပုံမှန်သွေးပေါင်ချိန်တိုင်းရုံနဲ့ မသိနိုင်ပါ။ ၂၄ နာရီ ပတ်လည်သွေးပေါင်ချိန်တိုင်းမှ (Ambulatory BP monitor or Home BP monitor with automatic machine အသုံးပြုပြီးမှ) သိနိုင်လို့ အဲဒီပြဿနာရှိသူအများစုက ပြဿနာရှိမှန်းမသိဘဲ ထိရောက်တဲ့ကုသမှု မရကြပါ။
..
ကျန်းမာရေးအတွက် ဇီဝနာရီအလိုက် သွေးပေါင်ချိန်ပြောင်းလဲမှုကို မှန်ကန်အောင် ဘယ်လိုထိန်းညှိမလဲ
ညဘက် သွေးပေါင်ကျသင့်သလောက် မကျခြင်း၊ သွေးပေါင်တက်ခြင်း၊ မနက်အစော သွေးပေါင်ချိန် အလွန်အမင်း ဆောင့်တက်ခြင်းတို့မှ ကာကွယ်ရန်….
• အငန်လျှော့စားပါ။
• ဆေးလိပ်သောက်ခြင်း/ညဘက် အရက်သောက်ခြင်းတို့ကို ရှောင်ပါ။
• အိပ်ရေးဝဝ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ညဘက် လက်ဖက်ရည်/ကော်ဖီ ရှောင်ပါ။
• ညအိပ်လျင်ဟောက်တတ်သူများ၊ မကြာခဏအိပ်မက်မက်သူများ သေချာစစ်ဆေးကုသမှု ခံယူပါ။
• ည မကြာခဏ ဆီးထမသွားရအောင် ညအိပ်ခါနီးအရည်လျှော့သောက်ပါ။
• မနက်စောစော ရာသီဥတုအေးလာလျှင် နွေးနွေးထွေးထွေးဖြစ်အောင် စောင်ခြုံပါ။
• စိတ်ဖိစီးမှုများနေလျှင် တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားလုပ်ခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း စသည်ဖြင့် လျှော့ချပါ။
• ဆီးချိုရောဂါရှိလျှင် သေချာကုသ ထိန်းချုပ်ပါ။
• အဝလွန်ခြင်းမှကာကွယ်ရန် အဆီအအိမ့်လျှော့စားပြီး ကိုယ်လက်လှုပ်ရှား မှန်မှန်လုပ်ပါ၊။
အထက်ပါပြဿနာရှိသူများ သွေးကျဆေးကို မနက်သောက်မည့်အစား ညအချိန်ကို ပြောင်းသောက်သင့်/မသင့် မိမိဆရာဝန်နဲ့တိုင်ပင်ပါ။
Ref :
https:// nigms. nih. gov /education/fact-sheets/Pages/circadian-rhythms.aspx
Kazuomi Kario. Hypertension. Nocturnal Hypertension, Volume: 71, Issue: 6, Pages: 997-1009, DOI: (10.1161/HYPERTENSIONAHA.118.10971)
Akasaki Y, Ohishi M. [Dipper, non-dipper pattern]. Nihon Rinsho. 2014 Aug;72(8):1400-3. Japanese. PMID: 25167742.
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.