“ချွေးထွက်ခြင်းနှင့် ကျန်းမာရေး”
ချွေးငုပ်လို့ နေလို့ထိုင်လို့မကောင်းဘူး၊ ချွေးကလေးနည်းနည်းစို့နေမှ နေသာထိုင်သာရှိတယ်ဆိုတဲ့ အပြောမျိုးကို လူကြီးသူမတွေထံက မကြာမကြာကြားရတတ်ပါတယ်။ အဲဒီချွေးက လူ့ကျန်းမာရေးအတွက် တကယ်ပဲ အရေးကြီးပါသလား။
လူ့အရေပြားမှာ ချွေးထုတ်ပေးတဲ့ ဂလင်း (gland) ပေါင်း နှစ်သန်းကနေ လေးသန်းလောက်အထိ ရှိတယ်ဆိုပါတယ်။ အဲဒီဂလင်းတွေထဲမှာ ရိုးရိုးချွေးကိုထုတ်ပေးတဲ့ eccrine နဲ့ ဇောချွေး (ချွေးစေး) တွေကိုထုတ်ပေးတဲ့ apocrine ဆိုပြီး နှစ်မျိုးရှိပါတယ်။ ချွေးဂလင်းတွေက နဖူး၊ လက်ဖဝါး၊ ခြေဖဝါးနဲ့ ချိုင်း(ဂျိုင်း) တွေမှာ တခြားနေရာတွေထက် ပိုများများရှိပါတယ်။
အဲဒီချွေးမှာ ရေဓာတ် ၉၉ % နဲ့ ဆား၊ တခြားဓာတ်နဲ့ အဆီက ၁ % လောက်ပါပါတယ်။ ဒါပေမယ့် ဦးရေပြား၊ ချိုင်းကြားနဲ့ ပေါင်ခြံတွေမှာရှိတဲ့ apocrine ကထုတ်တဲ့ ချွေးစေးထဲမှာတော့ အဆီတွေက ရိုးရိုးချွေးမှာထက် ပိုများများပါပါတယ်။
..
..
????ချွေးက ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ပေးသလဲ
1️⃣ချွေးရဲ့ အရေးအကြီးဆုံးတာဝန်က ခန္ဓာကိုယ်အတွင်းထဲက အပူကိုစွန့်ထုတ်ပေးပြီး ခန္ဓာကိုယ်အပူချိန်ကို ပုံမှန် ၃၈ ဒီဂရီစင်တီဂရိတ်မှာ အမြဲရှိနေအောင် ထိန်းပေးတာပါ။
ခန္ဓာကိုယ်ထဲမှာ အပူချိန်မြင့်လာတဲ့အခါ အရေပြားအောက်သွေးကြောများထဲမှာ သွေးအသွားအလာ ပိုများလာပြီး ကိုယ်တွင်းထဲကအပူကို အရေပြားအထိ သွေးကသယ်လာပါတယ်။ အဲဒီအခါချွေးတွေလည်း အများကြီးထွက်ပြီး ထွက်တဲ့ချွေးက အရေပြားပေါ်မှာ အငွေ့ပျံကာ အပူကိုစုပ်ယူလို့ အရေပြားမျက်နှာပြင် အပူချိန် လျော့လာပါတယ်။
အဲဒီတော့ သွေးကြောထဲက အပူတွေက ပိုအေးတဲ့ အရေပြားမျက်နှာပြင်ကို အပူကူးပြီး သွေးပြန်ကြောထဲကသွေးမှာ အပူချိန်လျော့သွားပါတယ်။ ဒီလိုနဲ့ သွေးက ကိုယ်ထဲက အပူကိုသယ်လာလိုက်၊ အရေပြားက ချွေးထွက်ပြီး ချွေးအငွေ့ပျံကာ သွေးထဲက အပူတွေကိုစုပ်ယူလိုက်နဲ့ ကိုယ်ထဲက အပူချိန်က လိုအပ်တဲ့အပူချိန်အထိ ကျသွားတော့မှသာ ချွေးထွက်ပြီး အပူစွန့်တဲ့အလုပ်က နားပါတယ်။
..
2️⃣ချွေးထဲကပါတဲ့ ရေနဲ့အဆီက ခန္ဓာတစ်ခုလုံးကို ကာကွယ်ပေးထားတဲ့ အရေပြားကို အမြဲစိုစွတ်ပျော့ပြောင်းနေစေပါတယ်။
ချွေးသာမထွက်ရင် အရေပြားလည်းခြောက်ပြီး ကွဲအက်ကုန်လို့ ရောဂါပိုးမျိုးစုံလည်း ကိုယ်ခန္ဓာထဲကို အလွယ်တကူ ဝင်ရောက်နိုင်မှာပါ။
..
3️⃣သွေးထဲက ဆားနဲ့မကောင်းတဲ့ဓာတ်တချို့ကို ချွေးကနေ စွန့်ပေးပါတယ်။
ဒါပေမယ့် ကျောက်ကပ်နဲ့ အသည်းလောက် ဆားနဲ့အဆိပ်ဓာတ်စွန့်ထုတ်မှုအား မကောင်းပါ။ ချွေးထုတ်ပြီး Detox လုပ်တယ်ဆိုကြပေမယ့် ချွေးထုတ်ခြင်းက ခန္ဓာကိုယ်ထဲကမလိုလားအပ်တဲ့ အဆိပ်ဓာတ်တွေကို ထိထိရောက်ရောက် မရှင်းပစ်နိုင်ပါ။ အဲဒီလိုလုပ်တော့ အဆိပ်ဓာတ်လျော့တာထက် ရေဓာတ်အများအပြားဆုံးရှုံးတာသာ အဖတ်တင်ပါတယ်။
..
..
????ချွေးဘယ်အချိန်တွေမှာထွက်သလဲ
သာမန်အချိန်တွေမှာတော့ ချွေးအထွက်နည်းလို့ ထွက်မှန်းမသိစေဘဲ ကိုယ်အပူချိန်ကို ထိန်းပေးနေပါတယ်။
သိသိသာသာချွေးထွက်တာကတော့..
- ပူပြင်းတဲ့ ပတ်ဝန်းကျင်၊ ရာသီဥတု
- ကိုယ်ထဲက အပူချိန်များနေတဲ့အခါ (ဖျားပြီး ကိုယ်ပူခြင်း၊ ကိုယ်လက်လှုပ်ရှားလုပ်ပြီး ကိုယ်တွင်းမှ အပူများထွက်ခြင်း၊ အစာစားပြီးချိန် စသည်)
- စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးခြင်း (ဇောချွေးထွက်တဲ့အခြေအနေမှာ eccrine က အဆီများတဲ့ ချွေးစေးပိုထွက်ပါတယ်)
- အပူအစပ်များကို စားပြီးချိန်တွေမှာ သိသိသာသာချွေးထွက်ကြပါတယ်။
..
..
????ချွေးနံ့ရခြင်း
တကယ်တော့ ချွေးဂလင်းကထွက်လာတဲ့ချွေးမှာ အနံ့မရှိပါ။ ချွေးထဲမှာပါတဲ့အဆီတွေကို အရေပြားပေါ်ရှိ ဘက်တီးရီးယားတွေက ပြောင်းလဲမှုတွေလုပ်ရာက ချွေးနံ့သင်းသင်းကလေး ဖြစ်ပေါ်လာတာပါ။
ချိုင်း၊ ပေါင်ခြံ၊ ဦးရေပြားတို့မှာ ထွက်တဲ့ချွေးစေးမှာ အဆီပိုများတော့ အဲဒီနေရာတွေမှာ ချွေးရနံ့ပိုပြင်းပါတယ်။
..
..
????ချွေးထွက်များခြင်း
အထက်ဖေါ်ပြပါအခြေအနေတွေမှာ သာမန်ထက် ချွေးပိုထွက်တာ သဘာဝဖြစ်ပေမယ့် ထွက်သင့်တာထက် ချွေးပိုထွက်တဲ့ အခြေအနေမျိုးတွေလည်း ရှိပါသေးတယ်။ အဲဒီလို ဖြစ်လာရင်တော့ အကြောင်းရင်းကိုရှာဖွေစစ်ဆေးပြီး လိုအပ်သလို ကုသမှုခံယူရပါမယ်။
အဖြစ်များတဲ့ ပုံမှန်ထက် ချွေးထွက်လွန်စေတဲ့ အကြောင်းတွေကတော့..
- အဝလွန်ခြင်း
- ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း (သွေးဆုံးကိုင်ခြင်း)
- သိုင်းရွိုက်ဟော်မုန်းများခြင်း
- ဆီးချိုရောဂါ
- အဖျားတက်စေသော ငှက်ဖျားကဲ့သို့သောရောဂါများ
- တချို့သောဆေးဝါးများ စတာတွေ ဖြစ်ပါတယ်။
ချွေးထွက်များရင် ခန္ဓာကိုယ်မှ ရေအများအပြားဆုံးရှုံးပြီး ရေဓာတ်ခန်းခြောက်ခြင်းနဲ့ ဆက်စပ်တဲ့ ပြဿနာတွေ ရတတ်ပါတယ်။ ဒါကြောင့် ချွေးထွက်များတဲ့အခါ ရေကို လုံလောက်အောင်သောက်ပေးဖို့ အရေးကြီးပါတယ်။
..
..
????ချွေးငုပ်ခြင်း
အလားတူပါပဲ… ချွေးက ထွက်သင့်တဲ့အခြေအနေတွေမှာ ထွက်သင့်သလောက် မထွက်ရင်လည်း ကျန်းမာရေးထိခိုက်ပါတယ်။ အဲဒီလိုဖြစ်လာရင် ကိုယ်ထဲက အပူကို စွန့်ထုတ်နိုင်စွမ်းကျပြီး ကိုယ်တွင်းအပူချိန်များလာလို့ မအီမသာဖြစ်ပါတယ်။
အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့..
- အရေပြားရောဂါတချို့
- မီးလောင်၊ ရေနွေးပူလောင်ပြီး ချွေးဂလင်းအများအပြား ပျက်ဆီးကုန်ခြင်း
- သိုင်းရွိုက်ဟော်မုန်း ချို့တဲ့ခြင်း
- ရေဓာတ်ဆုံးရှုံးမှု များနေခြင်း
- ပူပြင်းသောရာသီတွင် ပြင်းထန်သောအပူချိန်နှင့် ကြာမြင့်စွာထိတွေ့ခြင်း
အထူးသဖြင့် ပူပြင်းတဲ့ ပတ်ဝန်းကျင်နဲ့ ရာသီဥတုတွေမှာ ချွေးထွက်ဖို့လိုသလောက် မထွက်ခြင်းကြောင့် ကိုယ်တွင်းက အပူချိန်ကို လျှော့ချမပေးနိုင်တဲ့အခါ Heat stroke လို့ခေါ်တဲ့ ရုတ်တရက် ကိုယ်အပူချိန် တရှိန်ထိုးမြင့်တက်ပြီး ကြွက်တတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းတွေဖြစ်နိုင်ပြီး၊ ပိုဆိုးရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အပူရှပ်တယ်လို့ ပြောလေ့ရှိကြပါတယ်။
ဒီလိုမဖြစ်အောင် အေးပြီး အရိပ်ရသောနေရာကို ရွှေ့ပြောင်းနားနေခြင်း၊ အရည်များများသောက်ခြင်း၊ ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးခြင်း စသည်တို့လုပ်ပေးနိုင်ပါတယ်။
..
အဲဒီတော့ ချွေးထွက်ခြင်းက လူတိုင်းကျန်းမာဖို့ မရှိမဖြစ်လိုအပ်ပေမယ့် ထွက်သင့်တဲ့အချိန် လိုအပ်သလောက်ထွက်ဖို့က အရေးကြီးပါတယ်။
မလိုအပ်ဘဲ အလွန်အမင်းချွေးထွက်ခြင်း၊ ချွေးငုပ်ခြင်း၊ တမင်တကာ ချွေးထုတ်ခြင်း၊ ချွေးငုပ်စေခြင်းတို့က ကျန်းမာရေးကို ထိခိုက်စေပါတယ်။
..
Reference: ????
https: //health. clevelandclinic. org/why-we-sweat/
https: //www. Betterhealth. vic. gov. au/health/conditionsandtreatments/sweat
Is sweating good for you? – Food & Health (msu.edu)
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.