အကြိုဆီးချိုအဆင့် (Prediabetes)

အကြိုဆီးချိုကို ကနဦးအဆင့်ဆီးချိုလို့လည်း မြန်မာဘာသာပြန်ပြီး ခေါ်ဆိုကြပါတယ်။

အကြိုဆီးချိုဆိုတာဟာ သွေးထဲမှာ သကြားဓာတ်ပမာဏ သာမန်ထက်များပြားပေမယ့်လည်း ဆီးချိုဖြစ်တဲ့အဆင့်ပမာဏအထိ မရောက်သေးတဲ့ ပုံမှန်နဲ့ ဆီးချိုအဆင့်ကြားက အခြေအနေဖြစ်ပါတယ်။

..

..

????အကြိုဆီးချိုက အရေးကြီးသလား

• အကြိုဆီးချိုပါ… ဆီးချို ရောဂါ မဖြစ်သေးပါဘူးဆိုပြီး မပေါ့သင့်ပါ။ အရေးကြီးပါတယ်။

• အကြိုဆီးချိုဟာ မသိလို့ မဆင်မခြင်နေရင် ၅ နှစ်အတွင်း အမျိုးအစား (၂) ဆီးချိုရောဂါအဆင့်ကို ရောက်နိုင်ပါတယ်။

• အကြိုဆီးချိုအဆင့်မှာတင် လေဖြတ်ရောဂါ၊ နှလုံးရောဂါတွေ ပိုမိုဖြစ်ပွားခြင်းနဲ့ သက်ဆိုင်တဲ့အတွက်လည်း သိရှိနားလည် ကာကွယ်သင့်တဲ့ အနေအထားတစ်ခုပဲ ဖြစ်ပါတယ်။

• ဆီးချိုဖြစ်သွားရင် ဒီလိုနောက်ဆက်တွဲဆိုးကျိုး ဖြစ်နိုင်ခြေတွေဟာ ဒီထက်ပိုများလာပါလိမ့်မယ်။

• အဲဒီအခါ အစားအစာချင့်ချိန်ရမှု၊ ဆေးဝါးသောက်သုံးရတာတွေ၊ ငွေကုန်ကြေးကျမှုတွေနဲ့ စိတ်ဖိစီးရမှုတွေလည်း ပိုများလာနိုင်ပါတယ်။

• ဆီးချိုရောဂါရှိတဲ့အခါမှ ကုသတာထက် အကြိုဆီးချိုအဆင့်မှာ ဆင်ခြင်ခြင်းက ငွေကုန်ကြေးကျမှုရော၊ စိတ်ပင်ပန်းလူပင်ပန်းဖြစ်မှုတွေပါ များစွာသက်သာပါတယ်။

..

..

????အကြိုဆီးချို ဘယ်လိုဖြစ်ရတယ်...

• ပန်ကရိယကနေ ထွက်တဲ့ အင်ဆူလင်ဟော်မုန်းဟာ သွေးထဲရှိ သကြားဓာတ်ကို ခန္ဓာကိုယ်ဆဲလ်များမှ အသုံးပြုပြီး စွမ်းအင်အဖြစ် ပြောင်းလဲတဲ့ဖြစ်စဉ်မှာ အထူးအရေးပါတဲ့ အခရာ ဟော်မုန်းပါ။

• ခန္ဓာကိုယ်ဆဲလ်တွေဟာ အင်ဆူလင်ကိုတုံ့ပြန်မှု ပုံမှန်ထက်လျော့နည်းလာရင် ဆီးချိုအကြိုအဆင့် စတင်ဖြစ်လာပါ‌တယ်။

• အဲဒီအခါ ပန်ကရိယကဆဲလ်တွေ အလုပ်ပိုလုပ်ရပြီး ပုံမှန်ထက် အင်ဆူလင်များများ ပိုထုတ်ပေးရပါတော့တယ်။

• တဖြည်းဖြည်းနဲ့ ပန်ကရိယရဲ့ လုပ်ဆောင်နိုင်စွမ်း ကျလာပြီး သွေးထဲမှာ သကြားဓာတ်တွေကို ဆဲလ်ထဲမသွင်းနိုင်တော့ဘဲ အကြိုဆီးချို ဖြစ်လာမယ်။

• ဂရုမစိုက်ဘဲထားရင် တ​ဖြည်းဖြည်း ဆီးချိုအမျိုးအစား (၂) ရောဂါဖြစ်တဲ့အထိ သွေးတွင်းသကြားဓာတ်တွေ ထိန်းညှိမရ ဖြစ်လာပါမယ်။

..

..

????လက္ခဏာများ

• လက္ခဏာ မယ်မယ်ရရ မရှိတဲ့အတွက် အကြိုဆီးချိုရှိသူ ၉၀ ရာခိုင်နှုန်းကျော်ဟာ သူတို့ကိုယ်သူတို့ မသိကြပါဘူး။

• သင်ဟာ နှစ်ပေါင်းများစွာ ဘာလက္ခဏာမှ မခံစားရဘဲ သွေးထဲသကြားဓာတ်ပမာဏ အကြိုဆီးချိုအဆင့် ဖြစ်နေနိုင်ပါတယ်။

• ဒီအဆင့်မှာမသိဘဲ ဆီးချိုရောဂါဖြစ်မှသာ သိရှိလိုက်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

.

အဲဒါကြောင့် အကြိုဆီးချိုအဆင့်ကို သိရှိနိုင်ဖို့ အောက်ပါအချက်တွေရှိရင် စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။

  • အသက် ၄၅ နှစ် ကျော်လာရင်
  • အဝလွန်ခြင်းရှိရင်
  • မိသားစုအရင်းအချာထဲမှာ အမျိုးအစား (၂) ဆီးချို ရှိရင်
  • တစ်ပတ်ကို ၃ ခါ အနည်းဆုံး လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်
  • ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ခဲ့ဖူးရင်
  • မွေးကင်းစကလေး ကိုယ်အလေးချိန် ၉ ပေါင်အထက် မွေးဖူးရင်
  • Polycystic ovary syndrome လို့ခေါ်တဲ့ သားဥအိမ်မှာ အရည်အိတ်တွေ များစွာရှိနေတဲ့ ရောဂါရှိရင်
  • အချို့သော မျိုးနွယ်စုများ (အာရှ၊ အိန္ဒိယ၊ အာဖရိကန်၊ အမေရိကန် စသည်) စတဲ့အချက်တွေရှိရင် သင်ဟာ ဆီးချိုဖြစ်နိုင်ခြေ သူများထက် များပါတယ်။ စစ်ဆေးကြည့်ပါ။

..

..

???? ဘယ်လိုစစ်ဆေးသိရှိနိုင်လဲ

သွေးတွင်းဆီးချိုပမာဏနှင့် HbA1C ကိုစစ်ဆေးခြင်းဖြင့် ဆီးချိုရောဂါရော အကြိုဆီးချိုအဆင့်ကိုပါ သိရှိနိုင်ပါတယ်။

  • အစာမစားမီ သွေးချိုဓာတ် ၁၁၀ – ၁၂၅ mg/dL ကြားရှိသူများ
  • ဂလူးကို့စ်တိုက်ပြီး ၂ နာရီအကြာ သွေးချိုဓာတ် ၁၄၀ – ၁၉၉ mg/dL ကြားရှိသူများ
  • HbA1C ခေါ် သွေးနီဥအတွင်း သွေးချိုဓာတ်ပါဝင်မှု ၅.၆ – ၆.၄% ကြားရှိသူများကို အကြိုဆီးချိုအဆင့်ဟု သတ်မှတ်နိုင်ပါတယ်။

ဒီလူများဟာ နောင်နှစ်အနည်းငယ်အတွင်းမှာ ဆီးချို အမျိုးအစား (၂) အဆင့်ကို ရောက်လာနိုင်လို့ အကြိုဆီးချိုအဆင့်မှာသိဖို့ အလွန်အရေးကြီးပါတယ်။

..

..

???? သွေးဖောက်စစ်၍ စမ်းသပ်အပြီး သင့်မှာ အကြိုဆီးချိုရှိနေပြီ ဆိုပါစို့…

ဆီးချိုအဆင့်အထိ မရောက်အောင် ကာကွယ်လို့ရလား

ကာကွယ်လို့ရတာပေါ့…

ကာကွယ်ရန် နည်းလမ်းတွေထဲက အရေးကြီးတဲ့ တချို့ကို ပြောပြပါမယ်။

• ကိုယ်အလေးချိန်များတဲ့ သူတွေအဖို့ နဂိုရှိတဲ့ အလေးချိန်ရဲ့ ၅ – ၇% ခန့် လျှော့ရပါမယ်။

• ပြင်းအားအသင့်အတင့်ရှိ ကိုယ်လက်လှုပ်ရှား အားကစားကို တစ်ပတ်ကို ၁၅၀ မိနစ် အချိန်ပေးလုပ်ရပါမယ်။ တစ်နေ့ကို နာရီဝက်ခန့် တစ်ပတ် ၅ ရက် လမ်း ခပ်သွက်သွက်လျှောက်ခြင်း (သို့) အလားတူ အားကစားတွေ လုပ်ပေးရင် ရပါပြီ။

• မိမိရဲ့နေ့စဉ်ဘဝမှာ ကိုယ်လက်လှုပ်ရှားမှု ထည့်ပေးပါ။ အစားစားပြီးတိုင်း ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ လမ်းလျှောက်ပေးပါ။ အထက်မြင့်တက်ရင် တတ်နိုင်သမျှ လှေကားကိုအသုံးပြုပြီး တက်ပါ။ မိမိအိမ်ခြံအတွင်း သစ်ပင်ပန်းမန်များ ပြုစုပျိုးထောင်ပါ။ မိမိ၏ ကလေးငယ်များနှင့် ကစားခုန်စား လုပ်ပါ။

• သွေးတိုးနှင့် သွေးတွင်းအဆီဓာတ်ကို ထိန်းညှိပါ။

• စိတ်ဖိစီးမှုလျှော့ချသော နည်းလမ်းများကို ‌နေ့စဉ်ကျင့်သုံးပါ။

• လိုအပ်လျှင် ဆရာဝန်မှ Metformin ဆေးကို ဆီးချိုမဖြစ်အောင် ကာကွယ်ရန် ကြိုတင်သောက်သုံးဖို့ ညွှန်ကြားပါလိမ့်မယ်။

• တစ်နှစ်တစ်ခါ ဆီးချိုရောဂါ ရှိ/မရှိ ပြန်လည်စစ်ဆေးပါ။

..

..

???? Prediabetes = Pre????????????????diabetes

• အကြိုဆီးချို ဖြစ်နေပြီဆိုပြီး တအားလန့်မသွားပါနဲ့ဦး။

• အကြိုဆီးချိုဆိုတာ ဆီးချို‌ရောဂါကို သင်ကာကွယ်နိုင်အောင်လို့ သင့်ရဲ့ရှေ့ပြေးသတိပေးချက်ပါ။

• ဒီအခြေအနေမှာ လစ်လျူရှုထားမိရင်တော့ ဆီးချိုအဆင့်အထိ ရောက်နိုင်ပါတယ်။

• ဆီးချိုမဖြစ်အောင် မျိူရိုးဗီဇကို ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် စားသောက်နေထိုင်မှုပုံစံကို ကျန်းမာရေးနှင့် ညီညွတ်အောင် ကျင့်သုံးပြောင်းလဲပြီး ကိုယ်လက်လှုပ်ရှား မှန်မှန်လုပ်ကာ အဝလွန်ခြင်းမဖြစ်အောင် ထိန်းထားနိုင်ရင် ဆီးချိုရောဂါဖြစ်ပွားနှုန်းကို တစ်ဝက်လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

Ref : ????

https://www. cdc. gov/diabetes/basics/prediabetes.html

https://myanmardiabetes. org. mm/

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here