သတ္ထုဓာတ်ကြွယ်ဝပြီး ရေဓာတ်ပြည့်ဝစေတဲ့ဖျော်ရည်များ

မိုးက အုံ့တုံ့တုံ့နဲ့ ပူအိုက်အိုက်ကြီး ဖြစ်နေပြီလား…

ပူပြင်းစိုစွတ်တဲ့ မြန်မာနိုင်ငံမှာ နေထိုင်ရတဲ့အခါ ကျွန်ုပ်တို့ဟာ ရေဓာတ်ပမာဏကို ဦးစားပေးဖို့က အရေးကြီးလာပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းဟာ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းနဲ့ ကြွက်တက်ခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ ပြဿနာအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။

ရိုးရိုးရေဟာ ရေငတ်ပြေစေတယ်ဆိုပေမယ့်လည်း အလွန်ပူပြင်းစိုစွတ်တဲ့နေ့တွေနဲ့ အချို့သောအခြေအနေတွေမှာ ခန္ဓာကိုယ်ရဲ့သတ္ထုဓာတ် (electrolyte) တွေ ပြန်လည်ဖြည့်တင်းဖို့ဟာလည်း ထပ်တူအရေးကြီးပါတယ်။

ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးပြီး မရှိမဖြစ်လိုအပ်တဲ့ electrolyte တွေကိုလည်း ပြန်လည်ဖြည့်တင်းပေးတဲ့ လန်းဆန်းစေပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အချိုရည်များစွာ ရှိပါတယ်။

????ခန္ဓာကိုယ်မှာရှိတဲ့ electrolyte တွေဆိုတာ ဘာလဲ

Electrolytes ဆိုတာဟာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှ အရည်များအပါအဝင် အခြားသောအရည်များတွင် ပျော်ဝင်တဲ့အခါ လျှပ်စစ်အား သယ်ဆောင်ပေးတဲ့ သတ္တုဓာတ်တွေ ဖြစ်ပါတယ်။

ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့အဓိက electrolyte တွေကတော့ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကလိုရိုက်နဲ့ ဖော့စဖိတ်တို့ဖြစ်ပါတယ်။ ဒီသတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်တွင်းအရည်တွေ မျှတအောင် ထိန်းသိမ်းပေးပြီး အာရုံကြောနှင့် ကြွက်သားများ၏လုပ်ဆောင်မှုကို ထိန်းညှိပေးခြင်းအားဖြင့် ခန္ဓာကိုယ်တွင်း လုပ်ငန်းစဉ်အမျိုးမျိုးကို ပံ့ပိုးပေးရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

ပူအိုက်တဲ့အချိန်မှာ မြင့်မားတဲ့အပူချိန်နဲ့ ကိုယ်လက်လှုပ်ရှားမှုများပြီး ချွေးထွက်များခြင်းကြောင့် electrolytes ဆုံးရှုံးတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းမှကာကွယ်ဖို့နဲ့ သင့်လျော်တဲ့ရေဓာတ်ပမာဏကို ထိန်းသိမ်းဖို့အတွက်သာမက electrolytes ဖြည့်တင်းဖို့ဟာလည်း မရှိမဖြစ်လိုအပ်ပါတယ်။

????ရေဓာတ်ခမ်းခြောက်မှုကို သက်သာစေပြီး သတ္တုဓာတ်တို့ကိုလည်း ဖြည့်တင်းပေးတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အချိုရည်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်….

(၁) အုန်းရည်

အုန်းရည်ဟာ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆိုဒီယမ်ကဲ့သို့ မရှိမဖြစ်လိုအပ်တဲ့ electrolytes တွေပါ၀င်တဲ့ သဘာဝဖျော်ရည်ဖြစ်ပါတယ်။ ကယ်လိုရီနည်းပြီး ရေဓာတ်ကြွယ်ဝတာကြောင့် ပူအိုက်နေချိန်မှာ လန်းဆန်းနေဖို့ အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အရသာဟာလည်း အချိုဓာတ်အနည်းငယ်ရှိတာကြောင့် အုန်းရည်ဟာ အခြားအချိုကဲတဲ့အားကစားဖျော်ရည်တွေထက် ပိုကောင်းပါတယ်။

(၂) ဖရဲသီးဖျော်ရည်

ဖရဲသီးဟာ လူကြိုက်များရုံသာမက ရေဓာတ်လည်းကြွယ်ဝပါတယ်။ လတ်ဆတ်တဲ့ ဖရဲသီးအတုံးလေးတွေကို ရောကြိတ်ပြီး အရည်ပြန်စစ်ထားတဲ့ ဖျော်ရည်ဟာ အရသာရှိပြီး electrolyte ကြွယ်ဝလို့ သောက်သုံးရန် အလွန်သင့်တော်ပါတယ်။ ဖရဲသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး electrolyte များကို ဖြည့်တင်းပေးရုံသာမက antioxidant တွေလည်း ပါဝင်ပါတယ်။

(၃) သံပုရာဖျော်ရည်

Lemonade လို့ခေါ်တဲ့ သံပုရာဖျော်ရည်ဟာ ရာသီမရွေး လွယ်လွယ်ကူကူသောက်နိုင်ပြီး electrolytes အချို့ထည့်လိုက်ခြင်းဖြင့် ကျန်းမာရေးနဲ့ ပိုညီညွတ်စေပါတယ်။ လတ်ဆတ်တဲ့သံပုရာသီးများကို ညှစ်ပြီး electrolyte မြှင့်တင်ဖို့အတွက် အိမ်သုံးဆားအနည်းငယ်ထည့်ပါ။ သဘာဝအတိုင်း ချိုမြိန်စေရန် ပျားရည်ကိုလည်း ထည့်နိုင်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ရိုးရှင်းပြီး ရေဓာတ်ဖြည့်တင်းပေးကာ တစ်နေ့တာလုံး လန်းဆန်းနေစေမှာဖြစ်ပါတယ်။

(၄) လိမ္မော်ဖျော်ရည်

ကိုယ်တိုင်ပြုလုပ်ရတာကိုနှစ်သက်ပါက ပါဝင်ပစ္စည်းအနည်းငယ်ဖြင့် သင့်ကိုယ်ပိုင် လိမ္မော်ဖျော်ရည်ကို အိမ်တွင် ဖန်တီးနိုင်ပါတယ်။ ရေ၊ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ လိမ္မော်ရည်၊ အိမ်သုံးဆား အနည်းငယ်နဲ့ ပျားရည်တို့ကို ရောနှောပါ။ ဒီအိမ်လုပ်နည်းလေးဟာ ငွေကုန်ကျသက်သာစေရုံသာမက စတိုးဆိုင်မှဝယ်သော အားကစားအချိုရည်များမှာ တွေ့ရတဲ့ သကြားဓာတ်လွန်ကဲမှုကိုလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

(၅) သခွါးသီးနဲ့ ပူစီနံရောထားသောရေ

ပြင်ဆင်ရန်အတွက် သခွားသီးများကို လှီးဖြတ်ကာ ပုလင်းတစ်လုံးထဲတွင် ထည့်ထားပြီး ဖန်ခွက်ထဲကို လတ်ဆတ်တဲ့ ပူစီနံအနည်းငယ်ကို ပေါင်းထည့်လိုက်ပါ။ ဒီလိုရောထည့်ထားတဲ့ပုလင်းထဲ ရေထည့်ပြီး ရေခဲသေတ္တာထဲမှာ နာရီအနည်းငယ်ကြာအောင် ထားလိုက်ပါ။ သခွားသီးမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လို electrolyte တွေပါ၀င်ပြီး ပူစီနံက လန်းဆန်းမှုကို ပေးစွမ်းလို့ ပူအိုက်တဲ့ရာသီမှာ သင့်ကိုအေးမြစေပြီး လန်းဆန်းတက်ကြွစေမှာပါ။

(၆) ရှားစောင်းလက်ပပ်ဖျော်ရည်

ရှားစောင်းလက်ပပ်ဖျော်ရည်ဟာ အနာကျက်စေတဲ့ ဂုဏ်သတ္တိကြောင့် လူသိများတဲ့အပြင် electrolyte ဓာတ်လည်း ကြွယ်ဝပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမိုင်နိုအက်ဆစ်တွေ ကြွယ်ဝတဲ့ ရှားစောင်းလက်ပပ်ဖျော်ရည်ဟာ သင့်ခန္ဓာကိုယ်ကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ကျန်းမာရေးအတွက် အကောင်းဆုံးသော အကျိုးကျေးဇူးများရရှိဖို့ သကြားစတာတွေမပါဝင်ဘဲ သန့်စင်တဲ့ သဘာဝရှားစောင်းလက်ပပ်ဖျော်ရည်ကိုသာ ရွေးချယ်ပါ။

(၇) အိမ်လုပ်ဆေးဖက်ဝင် လက်ဖက်ရည်

Electrolyte ကြွယ်ဝတဲ့ ဆေးဖက်ဝင်အပင်များနဲ့ ပေါင်းစပ်ထားတဲ့လက်ဖက်ရည် (herbal tea) တွေဟာ သာမန်အချိုရည်ထက်စာရင် ပိုကောင်းမွန်တဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ရေဓာတ်နဲ့ electrolyte ဓာတ်ဖြည့်တင်းပေးနိုင်တဲ့ ဂုဏ်သတ္တိကြောင့် လူသိများတဲ့ ဆေးဖက်ဝင်အပင်တွေကတော့ hibiscus၊ rosemary နဲ့ nettle အရွက်တွေဖြစ်ပါတယ်။ ဒီလိုအရွက်တွေကို ရေနွေးပူပူမှာထည့်ပြီးနောက် အအေးခံကာ အရသာရှိပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ဖျော်ရည်ကို တစ်နေ့တာလုံး သောက်သုံးနိုင်ပါတယ်။

ဒီလို ပူအိုက်စိုစွတ်တဲ့ရာသီဒဏ်ကိုခံနိုင်ဖို့ ရေဓာတ်ပြည့်ဝစေတဲ့အချိုရည်တွေ သောက်သုံးသင့်ပါတယ်။ သင့်ရဲ့ရေဓာတ်လိုအပ်မှုကို ဦးစားပေးခြင်းဖြင့် ကျန်းမာရေးသုခကို ထိန်းသိမ်းထားနိုင်မှာပဲဖြစ်ပါတယ်။

Reference: ????

https: //www. healthshots. com/ healthy-eating/nutrition/prevent-dehydration- with-electrolyte- rich-drinksc/amp

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here