ခန္ဓာကိုယ်အတွင်း ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်း “ Dehydration” (May 2023)

ခန္ဓာကိုယ်အတွင်း ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်း (Dehydration)

Dehydration ဆိုတာ ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်တဲ့ အရည်ပမာဏထက် ဆုံးရှုံးသွားတဲ့/အသုံးချလိုက်တဲ့ အရည်ပမာဏက ပိုများနေပြီး၊ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့ ရေနဲ့ တခြားအရည်တွေ လုံလုံလောက်လောက် မရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။

.

????ဘယ်ချိန်မှာ ရေဓာတ်ခန်းခြောက်နိုင်လဲ ?

ဆုံးရှုံးသွားတဲ့အရည်ကို အချိန်မီအစားမထိုးရင် ရေဓာတ်ခန်းခြောက်ခြင်း (dehydration) ဖြစ်လာပါတယ်။

..

..

???? ဘယ်သူတွေမှာ ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်းရဲ့အန္တရာယ် ပိုများလဲ?

ဘယ်သူမဆို ရေဓာတ်ခန်းခြောက်မှု ဖြစ်နိုင်ပေမယ့် တစ်ချို့လူတွေမှာ အန္တရာယ်ပိုများပါတယ်။

.

???? မွေးကင်းစကလေးနဲ့ ကလေးငယ်များ

ကလေးတွေရဲ့ ခန္ဓာကိုယ်မှာ ရေပါဝင်မှုနှုန်း ပိုများပြီး ဖျားတဲ့အခါ (ဒါမှမဟုတ်) အပူလောင်တဲ့အခါမျိုးမှာ ရေဓာတ်ဆုံးရှုံးမှုလည်း ပိုများပါတယ်။ ဒါ့အပြင် ကလေးငယ်တွေဟာ ရေဆာတာကို မပြောနိုင်သလို ကိုယ်တိုင်လည်း ထမသောက်နိုင်တာကြောင့် ရေဓာတ်လျော့နည်းမှုအန္တရာယ် ပိုများပါတယ်။

.

???? အသက်အရွယ်ကြီးသူများ

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲမှာ ရေပါဝင်မှုရာခိုင်နှုန်း နည်းလာပြီး၊ ရေဆာဖို့လည်း အချိန်ပိုကြာတတ်ပါတယ်။ ဒီအခြေအနေကို ဆီးချိုလိုမျိုး နာတာရှည်ရောဂါတွေနဲ့ တချို့သောသောက်ဆေးတွေက ပိုဆိုးစေပါတယ်။ အချို့သက်ကြီးပိုင်းတွေမှာ သွားလာလှုပ်ရှားဖို့ အခက်အခဲရှိနိုင်ပြီး ကိုယ်တိုင်ရေမသောက်နိုင်တာလည်း ရှိနိုင်ပါတယ်။

.

???? နာတာရှည်ရောဂါရှိသူများ

ဆီးချိုရောဂါကို မထိန်းချုပ်နိုင်ရင် ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်းရဲ့အန္တရာယ် ပိုများပါတယ်။​

ကျောက်ကပ်ရောဂါကြောင့် ရေဓာတ်လျော့နည်းခြင်း ဖြစ်နိုင်သလို ဆီးရွှင်စေတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အအေးမိပြီး လည်ချောင်းနာရင် စားချင်သောက်ချင်စိတ် နည်းသွားပြီး ရေဓာတ်လျော့နည်းမှုကို ဖြစ်စေနိုင်ပါတယ်။

.

???? အပြင်မှာ အလုပ်လုပ်သူ (သို့မဟုတ်) လေ့ကျင့်ခန်းလုပ်သူ

ပူအိုက်စိုစွတ်တဲ့အခါ ရေဓာတ်ခန်းခြောက်မှု ဖြစ်ပြီး အပူရှပ်နိုင်ပါတယ်။ လေထုစိုထိုင်းဆများတဲ့အခါ သာမန်အတိုင်း ချွေးအငွေ့မပျံဘဲ ခန္ဓာကိုယ်အပူချိန်တက်လာပြီး ရေလိုအပ်ချက် များလာပါတယ်။

..

..

???? ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ …

ရေဆာတိုင်း ရေဓာတ်လျော့နည်းနေပြီလို့ ပြောလို့မရပါဘူး။ အသက်ကြီးတဲ့သူ တော်တော်များများမှာ ရေဓာတ်လျော့နည်းမှု ဖြစ်နေသည့်တိုင် ရေမဆာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပူအိုက်တဲ့ရာသီ (သို့) ဖျားနာတဲ့အခါမှာ ရေများများသောက်ဖို့ လိုပါတယ်။

ရေဓာတ်လျော့နည်း/ခန်းခြောက်မှုရဲ့ လက္ခဏာတွေဟာလည်း အသက်အရွယ် ပေါ် မူတည်ပြီး ကွဲပြားကြပါတယ်။

မွေးကင်းစနဲ့ ကလေးငယ်တွေမှာ…

– အာနဲ့ လျှာ ခြောက်တာ

– ငိုတဲ့အခါ မျက်ရည်မထွက်တာ

– အချိန် ၃ နာရီအတွင်း ဆီးမသွားတာ

– မျက်တွင်းနဲ့ ပါးတွေ ချိုင့်တာ

– ငယ်ထိပ် ချိုင့်တာ

– နုံးတာ (သို့မဟုတ်)

– စိတ်ဆိုးမာန်ဆိုးဖြစ်တာ… စတာတွေဖြစ်လာနိုင်ပါတယ်….

.

လူကြီးတွေမှာတော့…

– အလွန်အမင်း ရေငတ်တာ

– ဆီးသွားနည်းလာတာ

– ဆီးအရောင်ရင့်တာ

– မောပန်းနွမ်းနယ်တာ

– မူးဝေတာ

– ခေါင်းရှုပ်တာ (ဒါမှမဟုတ်) မရေမရာဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

..

..

???? ရေဓာတ်လျော့နည်း/ခန်းခြောက်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက

???? တစ်ခါတစ်ရံမှာ နေမကောင်းလို့ (ဒါမှမဟုတ်) အလုပ်များလို့ ရေလုံလုံလောက်လောက် မသောက်ဖြစ်ဘဲ ရေဓာတ်လျော့နည်းတတ်ပါတယ်။

???? ခရီးထွက်တဲ့အခါ၊ တောင်တက်တဲ့အခါ စတာတွေလိုမျိုး ​သောက်ရေအလွယ်တကူမရတဲ့ အချိန်တွေမှာလည်း ရေဓာတ်လျော့နည်းနိုင်ပါတယ်။

ရေဓာတ်လျော့နည်းမှုကိုဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေကတော့….

???? ဝမ်းလျှောခြင်း၊ အော့အန်ခြင်း

ရုတ်တရက် အပြင်းအထန်​ဖြစ်တဲ့ ဝမ်းလျှောခြင်းကြောင့် အချိန်တိုအတွင်း ရေနဲ့ ဓာတ်ဆားဓာတ်တွေ (electrolyte) အကြီးအကျယ် ဆုံးရှုံးနိုင်ပါတယ်။ ဝမ်းလျှောတာနဲ့အတူ အော့အန်ခဲ့ရင် ပိုလို့တောင် ဆုံးရှုံးနိုင်ပါတယ်။

.

???? ဖျားနာခြင်း

ယေဘုယျအားဖြင့် အဖျားကြီးလေလေ ခန္ဓာကိုယ်ရေဓာတ် ပိုဆုံးရှုံးလေလေ ဖြစ်ပါတယ်။ ဖျားတာအပြင် ဝမ်းလျှောတာ၊ အော့အန်တာပါရှိခဲ့ရင်တော့ ရေဓာတ်ခန်းခြောက်မှု ပိုဆိုးနိုင်ပါတယ်။

.

???? ချွေးထွက်လွန်ခြင်း

ချွေးထွက်တဲ့အခါ ရေဓာတ်ဆုံးရှုံးပါတယ်။ ဆုံးရှုံးသွားတဲ့ရေကို အစားပြန်မထိုးရင် ရေဓာတ်လျော့နည်း/ခန်းခြောက်မှု ဖြစ်နိုင်ပါတယ်။ ပူအိုက်စိုစွတ်တဲ့ ရာသီဥတုမှာ ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးမှုလည်း များပါတယ်။

.

???? ဆီးရွှင်ခြင်း

ဆီးချိုရောဂါရှိရင် ဆီးရွှင်ပါတယ်။ တစ်ချို့ဆေးဝါးတွေ (ဆီးရွှင်ဆေး၊ သွေးတိုးကျဆေး လိုမျိုး) ကြောင့် ဆီးများများသွားပြီး ရေဓာတ်လျော့နည်းနိုင်ပါတယ်။

..

..

???? ဘယ်အခါ ဆရာဝန်နဲ့ ပြရမလဲ?

သာမန် ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်းအတွက် ရေသောက်ရုံနဲ့ ပြန်ကောင်းတတ်ပေမယ့် အပြင်းအထန်ဖြစ်တဲ့ ရေဓာတ်ခန်းခြောက်ခြင်း အတွက်ဆိုရင်တော့ အမြန်ဆုံး ဆေးကုသမှုပေးဖို့ လိုပါတယ်။

– ၂၄ နာရီအတွင်း ဝမ်းလျှောတာ မသက်သာရင်

– အလွန်မှိန်းနေရင် (ဒါမှမဟုတ်) သတိမကောင်းတော့ဘဲ ဇဝေဇဝါဖြစ်နေရင်

– ပုံမှန်လောက် မသွက်လက် မလှုပ်ရှားတော့ရင်

– ခန္ဓာကိုယ်မှ ရေကို လိုအပ်သလောက်ပြန်မသောက်နိုင်တော့ရင် ….. ဆရာဝန်နဲ့ ပြသင့်ပါတယ်။

..

..

???? ရေဓာတ်လျော့နည်းခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာများ

ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်းကြောင့် ပြင်းထန်ဆိုးဝါးတဲ့ နောက်ဆက်တွဲပြသာနာတွေ ဖြစ်နိုင်ပါတယ်။

???? ခန္တာကိုယ် အပူလွန်ကဲပြီး ဒဏ်ရာရခြင်း (Heat Injury)

အားသွန်ခွန်စိုက် လေ့ကျင့်ခန်းလုပ်ပြီး ချွေးများများထွက်တဲ့သူတွေ လုံလုံလောက်လောက် ရေပြန်မသောက်ရင် heat injury ရနိုင်ပါတယ်။

Heat injury အဆင့် (၃) ဆင့် ရှိပါတယ်။

ပထမအဆင့်မှာ ခန္ဓာကိုယ် ရေဓာတ်နည်းလာပြီး ကြွက်တက်တာ ဖြစ်တတ်ပါတယ်။ (Heat cramp)

ဒုတိယအဆင့်မှာ ကိုယ်အပူချိန်များလာပြီး ချွေးထွက်လွန်တာ၊ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ သွေးခုန်နှုန်း မြန်လာတာတွေ ဖြစ်တတ်ပါတယ်။ (Heat exhaustion)

တတိယအဆင့်မှာတော့ ခန္ဓာကိုယ်က ကိုယ်အပူချိန်ကို ထိန်းညှိနိုင်စွမ်းမရှိတော့ဘဲ အသက်အန္တရာယ်ပါ ဖြစ်နိုင်ပါတယ်။ (Heat Stroke)

.

???? ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ပြဿနာများ

ရေဓာတ်လျော့နည်းမှု ဖြစ်တဲ့အချိန်ကြာလာတဲ့အခါ (ဒါမှမဟုတ်) ရေဓာတ်လျော့နည်းမှု မကြာခဏ ဖြစ်တဲ့အခါ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ကျောက်ကပ် ကျောက်တည်တာနဲ့ ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။

.

???? ကြွက်တက်ခြင်း

ပိုတက်စီယမ်နဲ့ ဆိုဒီယမ်လိုမျိုး ဓာတ်ဆားဓာတ် (Electrolytes) တွေက ခန္ဓာကိုယ်အတွင်းမှာဖြစ်နေတဲ့ အပြောင်းအလဲ အချက်အလက်တွေကို ဆဲလ်တစ်ခုမှ တစ်ခုသို့ သယ်ဆောင်ပေးပါတယ်။ ရေဓာတ်လျော့နည်း/ခန်းခြောက်တဲ့အခါ ဒီ electrolytes တွေလည်း မညီမျှတော့ဘဲ အချက်အလက်တွေ ရှုပ်ထွေးသွားပြီး ကြွက်တက်တာနဲ့ တစ်ခါတစ်ရံ သတိလစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။

.

???? ခန္ဓာကိုယ်မှာ သွေးထုထည်နည်းလို့ဖြစ်တဲ့ Hypovolemic shock

ရေဓာတ်ခန်းခြောက်ခြင်းရဲ့ အဆိုးဝါးဆုံးနဲ့ အသက်အန္တရာယ်ပါ ဖြစ်စေတဲ့ နောက်ဆက်တွဲ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်မှုကြောင့် ခန္ဓာကိုယ်မှာ သွေးထုထည်နည်းသွားပြီး သွေးဖိအားနဲ့ သွေးတွင်းအောက်စီဂျင်ပမာဏ လျော့နည်းသွားတဲ့အခါ Hypovolemic shock ဖြစ်တတ်ပါတယ်။

..

..

???? ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်းကို ကြိုတင်ကာကွယ်ခြင်း

ရေဓာတ်လျော့နည်းမှုကို ကာကွယ်ဖို့ ရေများများသောက်ပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်ကဲ့သို့ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပါ။ ရေဆာတဲ့အခါတိုင်း ရေသောက်ပါ။

အောက်ပါအခြေအနေတွေမှာ ရေပိုသောက်ဖို့ လိုပါတယ်။

???? အော့အန်ခြင်း (သို့မဟုတ်) ဝမ်းလျှောခြင်း

ကလေးတွေမှာ အော့အန်ရင် (သို့မဟုတ်) ဝမ်းလျှောရင် ရေ (ဒါမှမဟုတ်) ဓာတ်ဆားရည် ပိုတိုက်ဖို့လိုပါတယ်။ ဖြစ်လျှင်ဖြစ်ချင်း တိုက်ပါ။ ရေဓာတ်ခန်းခြောက်မှု ဖြစ်တဲ့အချိန်အထိ မစောင့်ပါနဲ့။

.

???? အပြင်းအထန် လေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်းမလုပ်ခင်ကတည်းက ရေဓာတ်ဖြည့်တင်းထားတာ အကောင်းဆုံးပါ။ သန့်ရှင်းကြည်လင်တဲ့ ဆီးများများသွားခြင်းက ရေဓာတ်အလုံအလောက်ရှိတဲ့ လက္ခဏာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်နေစဥ် အနားယူတဲ့အချိန်တွေမှာလည်း ရေပုံမှန်သောက်ပါ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာလည်း ရေအလုံအလောက် သောက်ပါ။

.

???? ပူနွေးတဲ့ ရာသီဥတု (သို့မဟုတ်) အေးမြတဲ့ ရာသီဥတု

ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ ကိုယ်အပူချိန် လျှော့ချဖို့နဲ့ ချွေးပျံပြီး ဆုံးရှုံးသွားတဲ့အရည်တွေကို အစားထိုးဖို့ ရေပိုသောက်ဖို့ လိုပါတယ်။

အေးမြတဲ့ ရာသီဥတုမှာလည်း (အထူးသဖြင့် တောင်ပေါ်ဒေသတွေမှာ) ခြောက်သွေ့တဲ့ လေထုကြောင့် အစိုဓာတ်ဆုံးရှုံးလို့ ရေပိုသောက်ဖို့ လိုပါတယ်။

.

???? ဖျားနာတဲ့အခါ

တုပ်ကွေးရောဂါ၊ အဆုတ်လေပြွန်ရောင်ရောဂါ (သို့မဟုတ်) ဆီးအိမ်ရောဂါတွေကြောင့် သက်ကြီးပိုင်းတွေမှာ ရေဓာတ်လျော့နည်းခြင်း အလွယ်တကူ ဖြစ်တတ်ပါတယ်။ နေမကောင်းတဲ့အခါတွေမှာ ရေပိုသောက်ဖို့ လိုပါတယ်။

Reference : ????

https://www.mayoclinic.org/…/symptoms-causes/syc-20354086

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#dehydration#ရေဓာတ်လျော့နည်းခြင်း#ရေဓာတ်ခန်းခြောက်ခြင်း

Ministry of Health,

National Unity Government.

Published on: 16 May 2023

Last updated: 16 May 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ပင်ပန်းမှုတွေ ပြေပျောက်စေဖို့

လူတွေအတော်အများက စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုဒဏ်တွေကို ခံဖူးကြမှာပါ 💔 အထူးသဖြင့် အခုလိုကာလကြီးမှာ အစစအရာရာကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့ပြီး စိတ်ပင်ပန်းနေကြရမှာပဲ။ တစ်ခါတလေပင်ပန်းတာက ဖြစ်လေ့ရှိပေမယ့် ဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ ဒါကြောင့်မို့ စိတ်ပင်ပန်းလာတဲ့အခါ စိတ်ပင်ပန်းမှုကို ပြေပျောက်စေဖို့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။…… (၁) ပင်ပန်းလာပြီဆို လက်ရှိအလုပ်ကို ရပ်လိုက်ပြီး...

သွေးကြောတွေရောင်စေတဲ့ ကာဝါဆာကီရောဂါ Kawasaki Disease

"သွေးကြောတွေရောင်စေတဲ့ Kawasaki Disease" ကာဝါဆာကီ (Kawasaki) ရောဂါကို ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြားဖူးလိုက်တော့ ရောဂါအသစ်လားဆိုပြီး ကျွန်မကို မိတ်ဆွေတချို့က လာမေးကြပါတယ်။ သူက ရောဂါအသစ်မဟုတ်ပါဘူးနော်။ Kawasaki ရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များပြီး အထူးသဖြင့် (၅) နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ သူဟာ အဓိကအားဖြင့် အလယ်အလတ်သွေးကြောတွေရဲ့ နံရံတွေကိုရောင်ရမ်းစေပြီး နှလုံးကိုထိခိုက်စေတဲ့ရောဂါပါ။.... Kawasaki...

အဝလွန်ခြင်းမှ ကာကွယ်ရန် (နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

အဝလွန်ခြင်းမှ ကာကွယ်ရန် ကိုယ်လက်လှုပ်ရှားပါ။ ▪️ လူကြီးများသည် တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀)▪️ ကလေးများသည် တစ်ရက်လျှင် အနည်းဆုံး မိနစ် (၆၀) တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း...

ဗိုက်တာမင် ဘီ-ဝမ်း (Vit B1)ချို့တဲ့မှု အကြောင်း

ယခုရက်ပိုင်း နယ်ဘက်ကပြည်သူတွေရော၊ ရဲဘော်တွေပါ ဗိုက်တာမင် ဘီ-ဝမ်း ချို့တဲ့မှုတွေ ပြန်လည်ဖြစ်ပေါ်လာတာကြောင့် Vit B1 ချို့တဲ့မှုအကြောင်းကို မိဘပြည်သူများသိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။.... ▪️Thiamin လို့ ခေါ်တဲ့ Vitamin B1 ဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင် ဘီ အုပ်စုတွေထဲက တစ်ခုဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ရဲ့ကစီဓာတ်ကို ဖြိုခွဲပြီး...