“ အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်း (Obstructive Sleep Apnoea – OSA) ”
အိပ်ရင်း ဟောက်တတ်တဲ့ သူတွေရှိကြပါသလား ?
အဲ့လိုလူတွေနဲ့ ကြုံဖူးပါသလား ?
OSA ဆိုတာ အိပ်ပျော်နေစဉ် အချိန်ခဏတာ (၁၀ စက္ကန့်နှင့် အထက်) အသက်ရှူနှေးသွားခြင်း (သို့) ရပ်သွားခြင်း (apnoea) ဖြစ်ပါတယ်။
ဒီလို အသက်ရှူရပ်တာဟာ ညအိပ်နေစဉ် အကြိမ်ပေါင်းများစွာ ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင် သတိမထားမိပေမယ့် ဘေးကအတူအိပ်သူကတော့ အသက်ရှူတာနှေးလာပြီး လုံးဝရပ်တန့်သွားတာကို သတိထားမိတတ်ပါတယ်။
အိပ်နေသူဟာ အသက်ရှူကျပ်လာပြီး လန့်နိုးသွားတတ်ပါတယ်။ ပြီးမှ ပုံမှန်အသက်ပြန်ရှူလေ့ ရှိပါတယ်။ ဒီလို အသက်ရှူရခက်လာတဲ့ အချိန်မှာ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုကြောင့် ဟောက်သံထွက်ပေါ်လာတာပါ။ ဒီလိုနဲ့ အိပ်ပျော်လိုက်၊ အသက်ရှူကျပ်ပြီး နိုးသွားလိုက်၊ ပြန်အသက်ရှူလိုက်နဲ့ သံသရာ လည်နေတတ်ပါတယ်။
..
..
ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရတတ်လဲ ?
OSA ခံစားနေရသူဟာ အပေါ်မှာပြောခဲ့သလိုပဲ အသက်ရှူရပ်တန့်တဲ့ အချိန်တွေရှိပေမယ့် သူကိုယ်တိုင်ကတော့ မသိဘဲ ဖြစ်နေတတ်ပါတယ်။
ညက အိပ်တဲ့အချိန် လေပြွန် ခဏခဏပိတ်တဲ့အတွက်အောက်ဆီဂျင်မလုံလောက်လို့ အိပ်ရာနိုးတဲ့အခါမှာ…
– လန်းလန်းဆန်းဆန်း မရှိတာ
– ပင်ပန်းနွမ်းနယ်တာ
– ခေါင်းမကြည်တာ
– ထပ်အိပ်ဖို့ လိုနေတာ၊ တစ်နေ့တာလုံး အိပ်ချင်နေတာတွေ ဖြစ်တတ်ပါတယ်။
.
တခြားလက္ခဏာတွေအနေနဲ့…
– စိတ်ဆိုးမာန်ဆိုး ဖြစ်လွယ်တာ
– မနက်အချိန် ခေါင်းကိုက်တာ
– အာရုံ မစိုက်နိုင်တာ
– တစ်ခုခုဆို စိတ်ဝင်စားမှု မရှိတာ
– လိင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်တတ်ပါတယ်။
..
..
ဘယ်သူတွေမှာ OSA ဖြစ်တတ်လဲ ?
– အဝလွန်တဲ့ လူလတ်ပိုင်းတွေမှာ ပိုဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာလည်း OSA ဖြစ်နိုင်ပေမယ့် သွေးဆုံးချိန်ကျော်လွန်မှ ဖြစ်လေ့ရှိပါတယ်။
– ခန္ဓာကိုယ်တည်ဆောက်ပုံ ထူးခြားပြီး လည်ပင်းတိုသူတွေ (short neck) မှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
– လျှာကြီးတဲ့သူ၊ မေးရိုးသေးတဲ့သူ၊ နှာခေါင်းပိတ်တဲ့သူနဲ့ အာသီးနဲ့ လျှာခင် (uvula) ကြီးတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။
– Thyroid ဟော်မုန်းနည်းတာနဲ့ Cushing ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။
..
..
OSA ဖြစ်စေတဲ့ အကြောင်းရင်းက ဘာလဲ ?
OSA က အထူးသဖြင့် အဝလွန်တဲ့သူတွေမှာ ဖြစ်လေ့ရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ပါတယ်။
နူးညံ့တဲ့ တစ်ရှူးတွေ (အာခေါင်ပျော့ရဲ့ ပျေ့ာဖတ်ဖတ်ဖြစ်နေတဲ့အပိုင်း) လျော့တွဲပီး အသက်ရှူလမ်းကြောင်းကို ပိတ်လို့ဖြစ်ရတာပါ။
အထူးသဖြင့် အိပ်ဆေးတွေနဲ့ အရက်ကြောင့် အခြေအနေ ပိုဆိုးတတ်ပါတယ်။
တစ်ခါတစ်ရံမှာ ဘာကြောင့်ဖြစ်လဲ မသိရပေမယ့် အဆုတ်ရောဂါ၊ အာရုံကြောစနစ်နဲ့ ပတ်သက်တဲ့ ရောဂါရှိသူတချို့မှာ OSA ဖြစ်နိုင်ပါတယ်။
..
..
OSA ကြောင့် ဘာအန္တရာယ်တွေ ရှိနိုင်လဲ ?
– OSA က အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ နေ့ခင်း အိပ်ချင်မူးတူးဖြစ်နေရင် ယာဥ်မောင်းတဲ့အခါနဲ့ အလုပ်ခွင်မှာ မတော်တဆ ထိခိုက်မှုတွေ ဖြစ်နိုင်ပါတယ်။
– နှလုံးခုန်နှုန်း ရုတ်တရက်တက်တာ၊ သွေးပေါင်ချိန်တက်တာ၊ သွေးပျစ်တာတွေ ဖြစ်နိုင်ပါတယ်။
– OSA ကြာလာရင် နှလုံးရောဂါ၊ အဆုတ်ရောဂါနဲ့ လေဖြတ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။
..
..
OSA ကို ဘယ်လို စမ်းသပ်သိရှိနိုင်မလဲ ?
အတူတူ အိပ်တဲ့သူရဲ့ သတိထားမိမှုကနေ စသိကြတာဖြစ်လို့ ထိုအရာက အလွန်အရေးကြီးပါတယ်။ မိမိအဖော်က ဟောက်တတ်ရင် အိပ်နေရင်း အသက်ရှူမှန်မမှန် ကြည့်ပေးဖို့နဲ့ အိပ်နေရင်း သွေးတွင်းအောက်ဆီဂျင် ( SaO2) တိုင်းပေးဖို့ လိုပါတယ်။
ရောဂါကို အတည်ပြုဖို့ကတော့ Sleep study ဆိုပြီး စက်သေးသေးလေးနဲ့ အိပ်နေတဲ့အချိန် ထိုသူရဲ့ သွေးတွင်းအောက်ဆီဂျင်က ဘယ်လောက်ထိ ကျတယ်၊ ဘယ်နှစ်ခါကျတယ်၊ ဘယ်လောက်ကြာတယ် စတာတွေကို ပြန်တွက်ပြီး OSA ရှိ/မရှိ ၊ ရှိခဲ့ရင် အခြေအနေ ဆိုး/မဆိုး စမ်းစစ်နိုင်ပါတယ်။
ကွန်ပျူတာအသုံးပြုပြီး လူတစ်ယောက်ရဲ့ အိပ်တဲ့ပုံစံ၊ အသက်ရှူပုံနဲ့ ဦးနှောက်အလုပ်လုပ်ပုံကို မှတ်ထားပေးတဲ့ sleep disorder clinic တွေမှာ ပြကြည့်တာ အကောင်းဆုံး ဖြစ်ပါတယ်။
..
..
OSA ကို ဘယ်လို ကုသနိုင်လဲ ?
OSA ဟာ ကုသဖို့ခက်ခဲတဲ့ ပြဿနာဖြစ်ပေမယ့် တချို့သော အပြောင်းအလဲတွေက ကူညီရာရောက်ပါတယ်။
– အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ပါ။ ကိုယ်အလေးချိန် အနည်းငယ် (ရှိရင်းစွဲထက် ၅-၁၀%) လျှော့ချရုံနဲ့ သက်သာနိုင်ပါတယ်။
– ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။
– အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေကို ရှောင်ပါ။
– အိပ်ရာမဝင်ခင် ၃ နာရီအတွင်း အရက်မသောက်ပါနဲ့။
– နှာခေါင်းပိတ်ရင် နှာခေါင်းထဲ အစက်ချဆေး nasal decongestant ကို ရက်တို အသုံးပြုနိုင်ပါတယ်။
– ပက်လက် မအိပ်ပါနဲ့။ ဘေးစောင်းအိပ်ပါ။
– နှာခေါင်းကနေ လည်ချောင်းအထိ လေအဝင်အထွက် အဟန့်အတားဖြစ်စေတဲ့ အရာတွေ ရှိနေရင် (ဥပမာ-အာသီးကြီးတာ) ခွဲစိတ်လို့ရပါတယ်။
အရမ်းဆိုးတဲ့ OSA အတွက် လက်ရှိကာလမှာ ရနိုင်တဲ့ အထိရောက်ဆုံးကုသမှုကတော့ CPAP ဖြစ်ပါတယ်။ အစပိုင်းမှာတော့ နှာခေါင်းစည်းတပ်ရပြီး စက်နဲ့ အိပ်ရတာကို လူနာအတော်များများက ကြောက်ကြ၊ ငြင်းဆန်ကြပေမယ့် တကယ်လိုအပ်လို့ အဆုတ်ဆရာ၀န်က သုံးသင့်တယ်လို့ ညွှန်သူတိုင်းကို မကြောက်ဘဲ မြန်မြန်သုံးဖို့ အကြံပေးလိုပါတယ်။
မိမိအိပ်ပျော်နေစဥ် အောက်ဆီဂျင် ကောင်းကောင်း ရတဲ့အခါ နောက်နေ့ တစ်နေ့လုံး လန်းလန်းဆန်းဆန်းနဲ့ အလုပ်တွေ အဆင်ပြေပြေ လုပ်နိုင်ပြီး ပိုအဆင်ပြေလာပါတယ်။ နောက်ဆို မီးပျက်လို့ စက်ဖွင့်မရရင် အိပ်လို့ကို မပျော်တဲ့အထိ ကြိုက်သွားတာမျိုးတွေတောင် ဖြစ်လာမှာပါ။ စက်တပ်ပြီး အိပ်ရလို့ ၀ါယာလျှော့တို့ ဓာတ်လိုက်မှာတို့ ဖြစ်မှာကို စိတ်မပူပါနဲ့။ safeguard ခံသုံးတဲ့အခါ ဒီပြဿနာကို ပြေလည်စေမှာပါ။
CPAP ကို မခံနိုင်ရင်တော့ အထူး mouthguard တစ်ခုကို အသုံးပြုနိုင်ပါတယ်။ အဆုတ်ဆရာဝန်ကို ပြသပြီး စစ်ဆေးကုသမှု ခံယူရပါမယ်။
..
..
CPAP က ဘာလဲ ?
OSA ကုသမှုအတွက် Continuous Positive Airway Pressure(CPAP) ကို အများဆုံး အသုံးပြုကြပါတယ်။
OSA ဖြစ်နေသူ အိပ်ပျော်နေစဥ် နှာခေါင်းပေါ် mask တပ်ရပြီး သေးငယ်တဲ့ လေဖိသိပ်စက် (air compressor) ကနေ ဖိအားများတဲ့ လေကို အသက်ရှူလမ်းကြောင်းပွင့်အောင် တွန်းပို့ရတာ ဖြစ်ပါတယ်။
လွယ်လွယ်ပြောရရင် အိပ်နေတဲ့အချိန် အသက်ရှူစက်လေးတစ်မျိုး တပ်အိပ်ရတာပါ။ အဲ့လို အိပ်ခြင်း အားဖြင့် အသက်ကောင်းကောင်းရှူနိုင်တဲ့အပြင် အောက်ဆီဂျင်အလုံအလောက်ရရှိပြီး သွေးလည်ပတ်မှုကိုလည်း မျှတစေပါတယ်။
..
..
မှတ်ချက် – ဟောက်တတ်သူတိုင်း OSA ရောဂါ ခံစားရတာ မဟုတ်ပါဘူး။
ဒါပေမယ့် ဟောက်တတ်တာဟာ OSA ရောဂါသည်တွေမှာ တွေ့ရအများဆုံး လက္ခဏာဖြစ်လို့ သတိထားပြီး လိုအပ်သလို ကျန်းမာရေးဆွေးနွေးသင့်ပါတယ်။
Reference:
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.310
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ
( နေ့စဉ်မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#OSA
Ministry of Health,
National Unity Government.
Published on: 15 March 2023
Last Updated: 15 March 2023