” ဗိုက်ပူခြင်း (Central Obesity) “

ဗိုက်ပူခြင်းအကြောင်း မပြောခင် အရင်ဆုံး စာဖတ်သူတို့ကို နည်းနည်းမေးကြည့်ချင်ပါတယ် ????

BMI ဆိုတာ မှတ်မိကြသေးလားရှင့် ?

(မမှတ်မိသူများနဲ့ မဖတ်ရသေးသူများအတွက် BMIအကြောင်းကို ဒီမှာ ဖတ်ရှုလို့ရပါတယ်နော်
click here )

BMI ကို ခန္ဓာကိုယ် ဝခြင်း၊ ပိန်ခြင်း တိုင်းတာဖို့ ယေဘူယျပေတံလို့ ပြောခဲ့တာပါ….

BMI ရဲ့ ညွှန်းကိန်းနှစ်ခု (ကိုယ်အ‌လေးချိန်နဲ့ အရပ်အမြင့်) ထဲက တစ်ခုဖြစ်တဲ့ ကိုယ်အလေးချိန်ဟာ ခန္ဓာကိုယ်ထဲရှိ အဆီပမာဏ (Total body fat) ကို ယေဘူယျအားဖြင့် ညွှန်ပြပါတယ်။

ပုံမှန်ရှိရမယ့် ခန္ဓာကိုယ်အလေးချိန် (Ideal body weight) ထက်များပြီး ဝနေတဲ့အမျိုးသားတွေမှာ အဆီ ၂၀ ရာခိုင်နှုန်း ၊ အမျိုးသမီးတွေမှာ ၃၀ ရာခိုင်နှုန်း ပိုများနိုင်ပါတယ်။

ဝိတ်တက်လာတဲ့အခါ ပိုနေတဲ့အဆီတွေက ခန္ဓာကိုယ် အလယ်ပိုင်းဖြစ်တဲ့ ဝမ်းဗိုက်နဲ့ အစာအိမ်တစ်ဝိုက်မှာ စုနေတတ်ပါတယ်။ ပိုစုလေ…..ဗိုက်ပိုပူလေပေါ့…

အဆီများလာတာကြောင့် ခန္ဓာကိုယ်အလယ်ပိုင်းမှာ အဆီစုတဲ့ ဗိုက်ပူခြင်း (Central Obesity) ကလည်း အရေးကြီးတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါပဲ
..
..

???? ပန်းသီးလုံး ခန္ဓာကိုယ်လေး ????

ချစ်စနိုးနဲ့ ခေါ်တာ မဟုတ်ပါဘူးနော်။ ခန္ဓာကိုယ်အလယ်ပိုင်းမှာ အဆီစုလို့ ခါးကတုတ်၊ ဗိုက်က ရှေ့နဲ့ဘေးကို ပူလာပြီး ဝတဲ့ခန္ဓာကိုယ်မျိုးကို ပန်းသီးခန္ဓာကိုယ် (Apple shaped body type) လို့ ဆေးပညာမှာ သတ်မှတ်ပါတယ်။
(အခုကာတွန်းထဲကလို ခန္ဓာကိုယ်လိုမျိုးပေါ့ ????)

ပန်းသီးနဲ့နှိုင်းလို့ အကောင်းမမှတ်ပါနဲ့။ ဒီခန္ဓာကိုယ် အမျိုးအစားက ကျန်းမာရေးပြဿနာတွေ အဖြစ်အများဆုံးနဲ့ အန္တရာယ်အကြီးဆုံးပါ။

မဝရင်တောင် ပန်းသီးလုံးခန္ဓာကိုယ် ဖြစ်လာတာ (တစ်ကိုယ်လုံးမဝပေမယ့် ဗိုက်ပူခါးတုတ်လာတာ) ဟာ ခါးသေးတဲ့၊ ဗိုက်မပူသူတွေထက် ရောဂါပိုထူပါသတဲ့။

ဒီလို အဆီများခြင်းဟာ ဝမ်းခေါင်းအတွင်းနဲ့ ကိုယ်တွင်းကလီစာတွေမှာ အဆီဖုံးခြင်းကိုလည်း ဖြစ်စေပါတယ်။
.

???? သစ်တော်သီးခန္ဓာကိုယ် ????

ဗိုက်ထက် ပေါင်တို့ တင်ပါးတို့မှာ ပိုပြီးအဆီစုလာပြီး ဝ လာတာကိုတော့ သစ်တော်သီးခန္ဓာကိုယ် (Pear- shaped body type) လို့ တင်စားပါတယ်။ သူကတော့ ပန်းသီးလောက် မဆိုးပေမယ့် ခန္ဓာကိုယ်မှာ အဆီများများ မရှိလေကောင်းလေပဲလို့ သုတေသနတွေက ပြောပါတယ်။ သူလည်း အဆီချသင့်တဲ့ ခန္ဓာကိုယ်အမျိုးအစားပါပဲ။
.

အဲ့တော့….
ဗိုက်ပူတာ ဘယ်လိုတိုင်းမလဲ ပေါ့နော် ?

တိုင်းတာနည်း ရှိပါတယ်။ Waist Circumference လို့ခေါ်တဲ့ ခါးဆိုက်ဒ်ကို အပ်ချုပ်ဆိုင်တွေမှာ တိုင်းသလိုလေး တိုင်းကြည့်ရမှာပါ။
.

???? ဗိုက်/ခါး တိုင်းနည်း (Waist Circumference)

????မတ်တတ်ရပ်ပြီး ခါး‌ဘေးဘက်တလျှောက် နံရိုးအဆုံးနဲ့ တင်ပါးဆုံရိုးအလယ်လောက်ကို ဟိုဘက်ဒီဘက် အမှတ်လေး စိတ်မှန်းနဲ့မှတ်ပါ။ ချက်အပေါ်နားလောက် ကျပါလိမ့်မယ်။ အဲ့နေရာလေးကနေ ခါးကို ပေကြိုးနဲ့ ပတ်ပြီး တိုင်းပါ။

????ဗိုက်အသားနားကို တအားကပ်ပြီး အရမ်းတင်းတင်းကြီး မဆွဲရဘူးနော်…

????နောက်ပြီး အသက်ကိုလည်း ရှူထုတ်ပြီးမှ တိုင်း‌ပေးပါ
.

???? အတိုင်းအတာများ (အရှေ့တိုင်းသားများ၊ ဂျပန် နဲ့ တရုတ်လူမျိုးများအတွက်သာ)

???? အဲ့လို တိုင်းကြည့်လို့ အမျိုးသားတွေအတွက် 90 cm ၊ အမျိုးသမီးတွေအတွက် 80 cm ဆိုရင်…..Low risk ပါ

Low risk = ကျန်းမာရေး ပြဿနာ သိပ်မရှိနိုင်လို့ သတ်မှတ်ပါတယ်။ ကောင်းတယ်ပေါ့…
.

???? အမျိုးသားတွေအတွက် 90 cm နဲ့ အမျိုးသမီးတွေအတွက် 80 cm ထက် များနေရင်တော့ ‌ဗိုက်ပူ၊ ခါးတုတ်ပြီး ဝခြင်းရှိပြီး High risk = ကျန်းမာရေးပြဿနာ အဖြစ်များနိုင်တယ်လို့ သတ်မှတ်ပါတယ်။
..
..

???? ဒီလို ခါး size များခြင်းဟာ သွေးပေါင်ချိန်တက်တာ၊ သကြားဓာတ်နဲ့ အဆီဓာတ်များတာ စတဲ့ Metabolic syndrome လို့ခေါ်တဲ့ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါအစုအဝေးနဲ့ တွဲတတ်ပါတယ်။

အဲ့တော့ ပုံမှန်လူတွေထက် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွေးတွင်းအဆီဓာတ်များတဲ့ ရောဂါတွေ ပိုဖြစ်ပါတယ်။ ဒါ့အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ အသည်းအဆီဖုံးရောဂါ၊ သည်းခြေကျောက်ရောဂါ၊ အရိုးကျီးပေါင်းရောဂါ၊ လေဖြတ်ရောဂါတွေနဲ့လည်း သက်ဆိုင်မှုရှိပါတယ်။ အဆီနည်းတဲ့သူနဲ့ ယှဉ်ရင် ကိုယ်ခံအားလည်း နည်းပါတယ်။
.

???? ဘာလို့ ဗိုက်ပူလာပါလိမ့် ?

????အဆီအအိမ့်တွေ အစားများလို့

????ကိုယ်လက်လှုပ်ရှားမှု မရှိလို့ / နည်းလို့

????ဆေးလိပ်၊ အရက် အလွန်အကျွံသောက်လို့

????အချို့သော ဟော်မုန်းရောဂါတွေကြောင့် (PCOS, Cushing syndrome, Hypothyroidism)

????အချို့သော ဆေးဝါးတွေကြောင့် (အင်ဆူလင်၊ စတီးရွိုက်များ)

????မျိုးရိုးလိုက်လို့ စတာတွေကြောင့်ပါ။
.

???? အဲ့‌တော့ ဗိုက်အဆီနဲ့ ခါးဆိုဒ်ကို ဘယ်လိုချမလဲ ?

အဆီကျဖို့ ကိုယ့်လက်ရှိဝိတ်ရဲ့ ၅ ရာခိုင်နှုန်း ကျအောင် ချပေးရပါမယ်။ ဝိတ်ကျလာရင် ဗိုက်အဆီလည်း ကျလာမှာပါ…

ဘယ်လို နည်းလမ်းတွေ နဲ့ ဝိတ်ကျအောင် လုပ်ရမလဲ ဆိုရင်တော့..

(၁) လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း

တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့်နဲ့ တစ်ပတ်ကို ၅ ရက် လေ့ကျင့်ခန်းလုပ်ရပါမယ်။

ရုံးသမားတွေအနေနဲ့ကတော့ အထိုင်မများအောင် တတ်နိုင်သလောက် သွားလာလှုပ်ရှားတာတွေ လုပ်ပေးပါ။
.

(၂) အစားအသောက်ပိုင်းဆိုင်ရာ ပြုပြင်ဆင်ခြင်ခြင်း

???? သကြားနဲ့ အချိုဓာတ်ကို လျော့စားပေးပါ ။ တစ်နေ့ကို သကြား လက်ဖက်ရည်ဇွန်းအသေး ၆ ဇွန်းထက် ပိုမစားရ။

???? အသီးအရွက်နဲ့ ပဲ များများစားပါ။ တအားချိုတဲ့ အသီးအနှံတွေတော့ လျှော့စားပါ။

???? ထမင်း၊ ဂျုံ၊ ဆန် စတဲ့ ကစီဓာတ်ကို လျှော့စားပါ။

???? ပုံမှန် စားနေကျပမာဏထက် လျှော့စားပါ။

???? ကိုယ်နဲ့ သင့်တော်တဲ့ Diet plan ကို လိုက်နာပြီး စားသုံးပါ။
(ကြော်ငြာ – Diet planအတွက် တယ်လီကျန်းမာမှာ အာဟာရဆရာဝန်နဲ့ လာတိုင်ပင်လို့ရပါတယ် ????)

???? ရေများများသောက်ပါ။ အချိုရည်တွေ ရှောင်ပါ။ အစားလျှော့စားတယ်ဆိုပြီး ထမင်းမစားဘဲ အချိုရည်တွေချည်း သောက်နေရင်လည်း ဝိတ်မကျပါဘူးနော်။

???? အရက်၊ ဘီယာ ရှောင်ပါ။

???? တစ်နေ့တာစားသောက်မှု လုံလောက်လား၊ ပိုနေလား သိရအောင် အစားအသောက် ဒိုင်ယာရီလေး ရေးမှတ်ထားပါ။
.

(၃) အရမ်း အဝလွန်သူတွေကိုတော့ ဆရာဝန်တွေက ပိန်‌ဆေးတွေ ပေးကောင်းပေးပါမယ်။ ဒါပေမယ့် ပိန်ဆေးသောက်လည်း လေ့ကျင့်ခန်းနဲ့ အစားအသောက်ထိန်းတာက မလုပ်မဖြစ် လုပ်ရမှာပါပဲ။
.

(၄) ပိန်အောင် ခွဲစိတ်ကုသတဲ့နည်းလမ်း (Bariatric surgery) တွေလည်း ရှိပါတယ်။ အစာနည်းနည်းပဲ လက်ခံနိုင်အောင် အစာအိမ်ဖြတ်ထုတ်ခြင်းနဲ့ စားပြီး အစာတွေကို အူနံရံတွေက မစုပ်ယူနိုင်အောင် အူတွေကို ဖြတ်ဆက်ခြင်း စတဲ့ရှုပ်ထွေးတဲ့ခွဲစိတ်မှုတွေ လုပ်ရတာပါ။ အဲ့တာလည်း အပေါ်နည်းအတိုင်း အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေကို ပိုပြီးတောင် တိတိကျကျ လိုက်နာရပါသေးတယ်။
..
..

???? အင်္ဂလိပ်စာမှာ An apple of my eye ဆိုပြီး တင်စားတဲ့ စကားလုံးလေး ရှိပါတယ်။ ကိုယ့်မျက်လုံးထဲမှာ ချစ်ရသူကို ပန်းသီးလေးလို ချိုမြိန်ပြီး ချစ်ဖို့လည်း ကောင်း၊ ကိုယ့်အတွက်လည်း အရေးပါတဲ့သူလို့ တင်စားတာပါတဲ့…..

ဆရာမတို့ ဆေးပညာမှာတော့ အင်္ဂလိပ်စာလို မ” ရို” ပါဘူးနော် ????

ဆေးပညာရဲ့ ပန်းသီးလုံး ခန္ဓာကိုယ်လေးများကတော့ အဆီချဖို့ ဝိတ်လျော့ဖို့ လိုပါတယ်။ ကိုယ့်မှာရှိနေတဲ့ ကျန်းမာရေးပြဿနာတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး အထိရောက်ဆုံးနည်းလမ်းကို ဆွေးနွေးပါ။ စိတ်ရှည်ပါ‌။ ဇွဲရှိပါ။ ပိန်ဆေး‌ သောက်ခြင်း၊ အစားလုံးဝ မစားဘဲနေခြင်း စတဲ့အလွယ်နည်းတွေ မလိုက်ပါနဲ့…

လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ မှန်ကန်တဲ့အစားအသောက် ပုံစံကို အလေ့အကျင့်ဖြစ်အောင် စွဲစွဲမြဲမြဲလုပ်ပေးပါ‌‌နော်…

အားလုံးပဲ ကျန်းမာရွှင်လန်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခန္ဓာကိုယ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ……။

Reference ????
https://patient. info/doctor/obesity-in-adults

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here