ခြေနံ့ဆိုးခြင်း (Smelly feet Bromodosis)
ခြေထောက်အနံ့ဆိုးထွက်တာဟာ လူတော်တော်များများ ကြုံဖူးကြပါတယ်။ စိုစွတ်တဲ့မိုးရာသီနဲ့ ဆောင်းရာသီတို့မှာ အဖြစ်များတဲ့ ခြေနံ့ဆိုးတာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့ကျစေပြီး စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။
.
ဘယ်အခါမှာ ခြေထောက်အနံ့ဆိုးတာ ပိုဖြစ်တတ်သလဲ ?
ခြေဆီထွက်တယ်လို့ လူတွေအသိများကြပေမယ့် ခြေနံ့ဆိုးတာရဲ့ တရားခံအကြောင်းရင်းကတော့ ခြေထောက်ကထွက်တဲ့ ချွေးနဲ့အတူ ဘတ်တီးရီးယားပိုးမွှားတွေ ပွားများလာလို့ပဲဖြစ်ပါတယ်။
ဘတ်တီးရီးယားပိုးတွေက ချွေးကို ဖြိုခွဲစားသုံးပြီး ရှာလကာရည် ( Acetic acid (Vinegar)) နဲ့ ဆင်တူတဲ့ အက်စစ်ဓာတ်တစ်မျိုး (Propionic acid) ကိုထုတ်တာကြောင့် ချဥ်စုပ်စုပ်နံ့ရတာဖြစ်ပါတယ်။
.
ဘယ်သူတွေမှာ ခြေနံ့ဆိုးတာ အဖြစ်များသလဲ ?
ချွေးပိုထွက်၊ ခြေဆီပိုထွက်လွယ်ကြသူတွေ
ဟော်မုန်းပြောင်းလဲချိန်
ဆယ်ကျော်သက်အရွယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ရာသီသွေးဆုံးချိန်အမျိုးသမီးတွေမှာ သူတို့ခန္ဓာကိုယ်ကနေ ချွေးပိုထွက်အောင်လှုံ့ဆော်တဲ့ ဟော်မုန်းတွေထုတ်လို့ ချွေးထွက်ပိုများပြီး ခြေနံ့ဆိုးထွက်စေဖို့ ပိုအားပေးတယ်။
.
တစ်နေ့လုံး မတ်တပ်ရပ်အလုပ်လုပ်ရသူတွေ
ခြေထောက်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတဲ့သူတွေ
အဝလွန်သူတွေ
စိတ်ကျရောဂါအတွက် ဆေးသောက်သုံးနေရသူတွေ
ခြေအိတ်၊ ဖိနပ်တွေက်ို မှန်မှန်လဲကျင့်မရှိသူတွေမှာ ချွေးပိုထွက်လွယ်ပြီး ခြေနံ့ဆိုးပိုထွက်တတ်ကြပါတယ်။
ကိုယ်က ခြေထောက်ရေတစိုစိုဖြစ်နေစေတဲ့ အလုပ်လုပ်ရသူဖြစ်ရင်၊ တစ်နေ့လုံး အလုပ်ခွင်မှာ ဝတ်စုံပြည့်နဲ့ ခြေအိတ်မချွတ်တမ်း အလုပ်လုပ်ရသူဖြစ်ရင် ခြေနံ့ဆိုးထွက်ဖို့ ပိုဖြစ်စေတတ်ပါတယ်။
ချွေးထွက်စေတဲ့ အားကစားပြုလုပ်ခြင်းနဲ့ ပူပြင်းတဲ့ရာသီဥတုကလည်း ချွေးပိုထွက်၊ ခြေနံ့ဆိုးပိုထွက်စေဖို့ အားပေးပါတယ်။
.
.
ခြေနံ့ဆိုးတာကို သက်သာအောင် ဘာတွေလုပ်လို့ရလဲ ?
ခြေထောက်သန့်ရှင်းရေး အလေးပေးပါ
တစ်ကိုယ်ရေသန့်ရှင်းရေး၊ ခြေထောက်သန့်ရှင်းရေးကို ဂရုတစိုက်ပြုလုပ်ပါ။ အနည်းဆုံး တစ်နေ့တစ်ကြိမ်တော့ ဆပ်ပြာသုံးပြီး ခြေထောက်ဆေးဖြစ်အောင် ဆေးပေးပါ။
မှိုသေဆေး၊ ဘတ်တီးရီးယားပိုးမွှားတွေသေစေတဲ့ ပိုးသေဆေးပါတဲ့ ဆပ်ပြာတွေအသုံးပြုနိုင်ပါတယ်။
ခြေထောက်ဆေးပြီးရင် ခြေထောက်ကို သွေ့ခြောက်အောင်ထားပါ။ အထူးသဖြင့် ခြေချောင်းကြားနေရာလေးတွေဟာ စိုစွတ်ပိုးပေါက်ပွားလွယ်လို့ သန့်ရှင်းခြောက်သွေ့အောင်ထားဖို့ ဂရုစိုက်ပါ။
.
ခြေသည်းမှန်မှန်ညှပ်ပါ။
ခြေသည်းပုံမှန်ညှပ်ပြီး ခြေသည်းများကိုသန့်ရှင်းအောင် ဂရုစိုက်ပါ။ ခြေထောက်က အသားမာတွေကို ခြေသည်းညှပ်မှာပါတဲ့ ပွတ်တိုက်တံကလေးနဲ့ ချောမွေ့အောင် ပြုလုပ်ဖယ်ရှားပေးလို့ရပါတယ်။
.
ခြေအိတ်လဲလှယ်ပါ။
ရာသီဥတုအေးလို့ ခြေအိတ် နေ့ရောညရောပါ ဝတ်ကြရတဲ့အခါ အနည်းဆုံး တစ်နေ့တစ်ခါတော့ လဲလှယ်ဝတ်ပေးပါ။
အားကစားလုပ်တဲ့သူတွေအနေနဲ့ လည်း လေ့ကျင့်ခန်းလုပ်ပြီးရင် ချွေးစိုတဲ့ခြေအိတ်တွေကို ပုံမှန်လဲပေးပါ။
.
ဖိနပ်ကိုလည်း သွေ့ခြောက်နေအောင်ထားပါ။
ဖိနပ်စိုနဲ့ အကြာကြီးနေတဲ့အခါ ဘတ်တီးရီးယားတွေ ပိုလို့ပေါက်ပွားစေလို့ ဖိနပ်ကို အမြဲခြောက်ခြောက်သွေ့သွေ့ထားပါ။
ဖိနပ်၊ ခြေအိတ်တွေကို လေဝင်လေထွက်ကောင်းစေမယ့် အသား၊ ဒီဇိုင်းရွေးချယ် ဝတ်ဆင်ပါ။
အဆင်ပြေရင် ဖိနပ်ကို အလဲအလှယ်လုပ်စီးပေးပါ။
.
ချွေးနံ့ ပျောက်ဆေးများသုံးပါ။
ခြေထောက်ချွေးထွက်များတာကို ကာကွယ်ဖို့ ပေါင်ဒါမှုန့် ခြေထောက်ကို လိမ်းလို့ရပါတယ်။
ချွေးတိတ်ဆေးရည် (Antiperspirant spray)နဲ့ အနံ့အသက်ပျောက်ဆေးရည် (Deodorant spray) တွေ အသုံးပြုနိုင်ပါတယ်။
လက်သန့်ဆေးရည်/ အရက်ပြန် ( Ethanol spray) နဲ့ ဖျန်းပြီး ခြေထောက်ကို သန့်ပေးလို့လည်းရပါတယ်။
.
ဆားခါးမှုန့်နဲ့ဆေးပါ။
ဆားခါးမှုန့် (Epsom salt) ထည့်ဖျော်ထားတဲ့ ရေနွေးနွေးလေးထဲကို (၁၀-၂၀) မိနစ်လောက် အနံ့ဆိုးထွက်တဲ့ခြေထောက် ထည့်စိမ်ပေးပြီးနောက် ခြေထောက်ကိုခြောက်အောင်သုတ်ပါ။
ဆားခါးဟာ ဘတ်တီးရီးယားတွေ မပေါက်ပွားအောင် ထိန်းပေးနိုင်သလို အထိုက်အလျောက် အနံ့အသက်ကင်းစေတယ်လို့လည်း ဆိုပါတယ်။
.
.
ခြေနံ့ဆိုးထွက်တတ်တဲ့သူတွေအနေနဲ့ စိတ်မညစ်ပါနဲ့။ အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းလေးတွေကို စမ်းကြည့်ပါ။ ဒါကိုမှခြေနံ့ဆိုးထွက်တာ မသက်သာသေးရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပေးပါ
ခြေနံ့ဆိုးခြင်းမှ ကင်းဝေးကြပါစေ
References
NHS | Smelly feet
Healthline | How to get rid of smelly feet (Bromodosis)
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#ခြေနံ့ဆိုးခြင်း#smellyfeet#bromodosis
Ministry of Health,
National Unity Government.
Published on: 30 January 2023
Last Updated: 30 January 2023