” စိတ်ဖိစီးမှု(Stress)တွေအကြောင်း “
လူသားရယ်လို့ဖြစ်လာတဲ့အခါ အသိဉာဏ်ဆင်ခြင်တတ်တဲ့အရွယ်ကစလို့ ဘဝမှာ စိတ်ဖိစီးတာတွေကို နေ့စဉ်ခံစားနေကြရပါတယ်။ ယေဘူယျအားဖြင့်တော့ စိတ်ဖိစီးတာတွေကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ကြတတ်ပေမယ့် ပုံမှန်မဟုတ်တဲ့ စိတ်ဖိစီးမှုတွေက ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ သက်ရောက်မှုများစွာ ရှိပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားနိုင်ပါတယ်။ စိတ်ဖိစီးမှု ဆက်တိုက်ခံစားနေရလာပြီဆိုရင်တော့ ကျန်းမာရေးချို့တဲ့တာတွေကို ဖြစ်လာစေပါတယ်။
.
အဖြစ်များတဲ့ လက္ခဏာတွေကတော့ …
– ပင်ပန်းနွမ်းနယ်ခြင်း
– အားအင်ကုန်ခမ်းခြင်း
– စိုးရိမ်ပူပန်ခြင်း
– အိပ်ရေးပျက်ခြင်း
– အာရုံစူးစိုက်မှု အားနည်းခြင်း
– ဂနာမငြိမ်ခြင်း
– စိတ်တိုခြင်း တို့ ဖြစ်ပါတယ်။
.
စိတ်ဖိစီးမှုဖြစ်စေတဲ့ တချို့အကြောင်းအရာတွေကတော့…
• အိမ်ထောင်ဘက် (ဒါမှမဟုတ်) ရင်းနှီးသောမိသားစုဝင်တစ်ဦး သေဆုံးခြင်း
• အိမ်ထောင်ရေး အဆင်မပြေဖြစ်ခြင်း
• ထောင် ၊ အကျဥ်းကျခြင်း
• ထိခိုက်ဒဏ်ရာရခြင်း (သို့မဟုတ်) ဖျားနာခြင်း
• မိမိဆန္ဒမပါဘဲ အိမ်ထောင်ပြုခြင်း
• အငြိမ်းစားယူခြင်း
• လိင်ပိုင်းဆိုင်ရာ အခက်အခဲများရှိခြင်း
• ကိုယ်ဝန်ဆောင်ခြင်း
• ခရီးသွားခြင်း (အထူးသဖြင့် ယာဥ်အသွားအလာရှုပ်ထွေးဆူညံနေစဥ်)
• အမှားလုပ်မိခြင်းအတွက် အပြစ်ရှိစိတ်နှင့် အလားတူစိတ်ဒဏ်ရာများရရှိခြင်း တို့ဖြစ်ပါတယ်။
.
.
စိတ်ဖိစီးလို့ဖြစ်တဲ့ နောက်ဆက်တွဲ ပြဿနာတချို့ကတော့ …
– စိတ်ဓာတ်ကျခြင်း
– အရက်နှင့် မူးယစ်ဆေးစွဲခြင်း
– အစာမကြေဖြစ်ခြင်း
– ဝမ်းလျှော/ဝမ်းချုပ်ခြင်း
– ခေါင်းကိုက်ခြင်း
– ပါးစပ်အနာများပေါက်ခြင်း
– ပန်းသေ၊ပန်းညှိုးဖြစ်ခြင်း
– ဆီးခဏခဏသွားခြင်း
– အာရုံကြောနှင့်အရေပြားရောင်ရမ်းခြင်း (neurodermatitis)
– ရင်သားနာကျင်ခြင်း တို့ ပါဝင်ပါတယ် ။
.
.
စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ လုပ်လို့ရတာတွေကတော့….
(၁) စိတ်ဖိစီးမှုတွေကို ရပ်တန့်နိုင်ဖို့ နေ့စဉ် ကိုယ်ပိုင်အချိန် အနည်းငယ်ယူပါ။ အနားယူပေးပါ။ စိတ်ဖိစီးနေသူအတွက် အပန်းဖြေအနားယူဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
(၂) မိမိရင်ဖွင့်ဖော် တစ်စုံတစ်ယောက်နဲ့ ပုံမှန်စကားပြောပါ။
(၃) ပြဿနာများကို ရှောင်မပြေးပါနဲ့၊ ရင်ဆိုင်ဖြေရှင်းနည်းကိုရှာပါ။
(၄) အပန်းဖြေအနားယူပါ
( ဥပမာ သီချင်းများများ နားထောင်ပါ )
(၅) တရားထိုင်ပါ (ဒါမှမဟုတ်) အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်ပြုလုပ်ပါ။
(၆) လုံလောက်စွာ အိပ်စက်အနားယူပါ။
(၇) ကျန်းမာရေးကောင်းစေတဲ့ အလေ့အကျင့်ကောင်းတွေကို နေ့စဉ်ပုံမှန်ပြုလုပ်ပါ။
( ဥပမာ- နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်း၊ ချည်ထိုးခြင်း၊ စာဖတ်ခြင်း )
(၈) နှစ်သက်ပျော်ရွှင်တဲ့ အရာတွေက်ိုလုပ်ပါ။
( ဥပမာ တစ်ပတ်တစ်ခါ ရုပ်ရှင်ကြည့်ပါ )
(၉) စိတ်ပျော်စေဖို့ အစီစဉ်ကောင်းတွေ စီစဥ်ကြည့်ပါ။
(၁၀) ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို ရွေးချယ်စားသုံးပါ။
(၁၁) တစ်ရက်ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ပါ ( ဒါမှမဟုတ်) ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
(၁၂) အရက်၊ ဆေးလိပ်နဲ့ အခြားမူးယစ်ဆေးတွေသုံးစွဲတာကို ရှောင်ကြဉ်ပါ။
(၁၃) အထီးကျန်တယ်ဆိုတဲ့ခံစားချက် သက်သာအောင် အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးကြည့်ပါ။
(၁၄) စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စကားတွေကို ရှောင်ကြဉ်ပါ။
(၁၅) ကိုယ်တိုင်မပြောင်းလဲနိုင်တဲ့အရာတွေကို အတင်းမပြောင်းလဲဘဲ လက်ခံဖို့သင်ယူပါ။
(၁၆) စိတ်ဖိစီးမှုတွေကြောင့် ကျန်းမာရေးထိခိုက်လာတယ်ဆိုရင် စိတ်ကျန်းမာရေးဆေးခန်းများမှာ ဆွေးနွေးကာ အကြံဉာဏ်ရယူပါ။
.
************
တရားထိုင်ခြင်းဟာ စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်တဲ့အလွယ်ကူဆုံးနည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်၊၊ တရားစခန်း (ဒါမှမဟုတ်) တိတ်ဆိတ်တဲ့ ကိုယ့်အိမ်မှာလည်း တရားထိုင်နိုင်ပါတယ်။ စိတ်ကိုစုစည်းထားပြီး တဖြည်းဖြည်း ဝင်လေ၊ ထွက်လေ မှတ်ကာ အသက်ရှူတာကို အာရုံစိုက်ကာ တရားမှတ်လို့ရပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေ အတွေးထဲပေါ်မလာအောင် တဖြည်းဖြည်းကြိုးစားကြည့်ပါ။
.
************
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုရွေးချယ်စားသုံးတဲ့အခါ ကစီဓာတ်၊ အသားဓာတ်နှင့် အဆီဓာတ်တို့ကို မျှတစွာစားပေးပါ။ အမျှင်ဓာတ်ကြွယ်ဝစေဖို့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို အလျဉ်းသင့်သလို စားပေးပါ။ ရေကိုတစ်နေ့အနည်းဆုံး ဖန်ခွက် ၈ ခွက် (၂ လီတာခန့်) ကုန်အောင်သောက်ပေးပါ၊၊ အဆီအအိမ့်တွေ၊ အငံတွေလျှော့စားပါ။ ကဖင်းဓာတ်ကိုလည်း တစ်နေ့တာသောက်သုံးသင့်တဲ့ ပမာဏထက်ပိုမသောက်မိအောင် ဂရုစိုက်ပေးပါ။
.
*************
တစ်ရက်ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ပါ ( ဒါမှမဟုတ်) ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ Gym ဆော့တာ (ဒါမှမဟုတ်) ယောဂကျင့်တာတွေကလည်း စိတ်ဖိစီးတာကို လျော့ကျစေပါတယ်။
.
*************
စိတ်ဖိစီးမှုကို ကုသရန် အချို့ အထွေထွေရောဂါကုဆရာဝန်များနဲ့ စိတ်ပညာရှင်များက စိတ်ရောဂါကုထုံး (ဒါမှမဟုတ်) စကားပြောကုထုံးစတဲ့ ကုထုံးအမျိုးမျိုးနဲ့ ကုသလေ့ရှိပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကိုဖြစ်စေနိုင်တဲ့ အတွေးအခေါ်အမှားတွေကို ပြန်လည်မှန်ကန်စေမယ့် ကုထုံးတစ်ခုဖြစ်တဲ့ Cognitive Behavioral Therapy (CBT) ကတော့ ထင်ရှားတဲ့ကုထုံးတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေခံစားနေရပါက လိုအပ်တဲ့ ကုသမှုတွေအတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
.
နေ့ရက်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့၊အပန်းဖြေ အနားယူဖို့ အချိန်လေးတစ်ခု မဖြစ်မနေပေးဖို့ မမေ့ကြပါနဲ့နော်
Reference:
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.332
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
Ministry of Health,
National Unity Government.
Published on: 21 January 2023
Last Updated: 21 January 2023