ယုံမှားသံသယ လွန်ကဲခြင်း (သို့မဟုတ်) မဟုတ်တာကိုအဟုတ်ထင်ခြင်း (Delusion)
အမှန်တကယ်မဟုတ်တဲ့ အကြောင်းအရာ (ဒါမှမဟုတ်) ယုံကြည်ချက်တစ်ခုခုကို သေချာစွာမစဥ်းစားနိုင်ဘဲ တကယ်ဖြစ်ပျက်နေတယ်လို့မြင်နေတဲ့စိတ်အခြေအနေမျိုးကို ယုံမှားသံသယလွန်ကဲတယ်လို့ခေါ်ပါတယ်။ တစ်ခါတလေမှာ လုံးဝမဖြစ်နိုင်တဲ့အရာတွေကို ဖြစ်နေတယ်လို့ ယုံမှားသံသယလွန်ကဲတာမျိုးတွေလည်း ရှိတတ်ကြပါတယ်။ ဆေးပညာစကားအရဆိုရင် “ delusion” လို့ခေါ်ပါတယ်။
ဥပမာပြောရရင်…..
– ကိုယ့်ကိုတစ်ယောက်ယောက်က လုပ်ကြံမယ်လို့ထင်နေတာမျိုး
– ကိုယ်က ဂြိုလ်သားတွေနဲ့ဆက်သွယ်နိုင်တယ်လို့ထင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
.
ပုံမှန်အားဖြင့်တော့ ယုံမှားသံသယလွန်ကဲခြင်းရှိသူတွေက သာမာန်လူတွေလိုပဲ ပြောဆိုနေထိုင်တတ်ကြပေမယ့် အခြားစိတ်ရောဂါတွေနဲ့တွဲလာရင်တော့ delusion ရှိမှန်း သိသာလာတတ်ကြပါတယ်။
.
.
ယုံမှားသံသယလွန်ကဲခြင်း (သို့မဟုတ်) Delusion အမျိုးအစားများ
၁။ သံသယစိတ်တွေများနေတာ (Delusion of persecution)
(ဥပမာ-တစ်ယောက်ယောက် (ဒါမှမဟုတ်) ကိုယ်နဲ့နီးစပ်တဲ့သူတစ်ဦးဦးက ကိုယ့်ကိုလာသတ်တော့မယ်၊အန္တရာယ်ပြုတော့မယ်လို့ ထင်နေတာမျိုးဖြစ်တတ်ပြီး အများဆုံးတွေ့ရလေ့ရှိတဲ့လက္ခဏာဖြစ်ပါတယ်။ )
၂။ ကိုယ့်ကိုယ်ကိုအထင်ကြီးနေတာ (Delusion of grandeur)
(ဥပမာ – ကိုယ့်ဘာသာကိုယ် ဘုရင် ၊ သူဋ္ဌေးကြီး ၊ဘုရားလောင်း ၊ အစွမ်းအစအများကြီးရှိနေသူလို့ တကယ်မဟုတ်ဘဲ ထင်နေတာမျိုး)
၃။ မနာလိုစိတ်များနေတာ (Delusion of jealousy)
(ဥပမာ-ကိုယ်ရဲ့အိမ်ထောင်ဖက်၊ ရည်းစားက တကယ်မဖောက်ပြန်ဘဲ ဖောက်ပြန်တယ်လို့ အမြဲထင်နေတာမျိုး)
၄။ ဘာရောဂါမှမရှိဘဲနဲ့ ရောဂါရှိတယ်လို့ထင်နေတာ၊ခန္ဓာကိုယ်မှာတစ်ခုခုထိခိုက်နေပြီဟုထင်နေတာ (Somatic delusion)
(ဥပမာ-သာမာန်ကိုယ်လက်လှုပ်ရှားရင်း မောလာရင်တောင် နှလုံးရောဂါဖြစ်နေတယ်လို့ထင်ပြီး ပိုမောလာတာမျိုး)
၅။ တစ်ယောက်ယောက်က ကိုယ့်ကိုချစ်တယ်၊ကြိုက်တယ်ထင်နေတာ (Erotomanic delusion)
(ဥပမာ-နာမည်ကြီးမင်းသား၊အဆိုတော်တွေက ကိုယ့်ကိုကြိုက်နေတယ်ထင်ပြီး ကိုယ်ကအတင်းလိုက်ဆက်သွယ်နေတာမျိုး)
၆။ အပေါ်ကဖော်ပြထားတဲ့ရောဂါလက္ခဏာတွေ တစ်ခုထက်မကပိုရှိနေတာ (Mixed delusion) တို့ဖြစ်ပါတယ်။
.
.
ဘယ်လိုလက္ခဏာတွေရှိတတ်သလဲ?
ရောဂါရှိသူအများစုက ဒီတိုင်းကြည့်ရုံနဲ့မသိသာတတ်ပါဘူး။ တချို့သူတွေမှာတော့…
၁။ စိတ်တိုတာ၊ စိတ်မကြည်တာ
၂။ စိတ်ကယောင်ကတမ်းဖြစ်တာ ၊ လှုံ့ဆော်မဲ့အာရုံများ ပေါ်ပေါက်တာ (တကယ်မရှိတာတွေမြင်ရ၊ ကြားရ၊ အနံ့ရတာမျိုးတွေဖြစ်တာ)
၃။ ပတ်ဝန်းကျင်အနီးအနားကလူတွေကို ယုံကြည်မှုနည်းလာတာ
၄။ စိတ်ဓာတ်ကျတာ စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
.
.
ဘာလို့ ယုံမှားသံသယလွန်ကဲရတာလဲ?
၁။ မျိုးရိုးလိုက်တာ
မိသားစုထဲမှာ ယုံမှားသံသယလွန်ကဲသူ (ဒါမှမဟုတ်) စိတ်ကစဥ့်ကလျားရောဂါရှိတဲ့သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။
၂။ ဦးနှောက်ဖွဲ့စည်းပုံမူမမှန်တာ
ဖြစ်စဥ်အကြောင်းအရာတွေကို အကျိုးအကြောင်းဆီလျော်စွာ စဥ်းစားသိရှိနိုင်အောင်လုပ်ပေးနိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေ မူမမှန်ရင်လည်း ယုံမှားသံသယ လွန်ကဲတတ်ပါတယ်။
၃။ စိတ်ပိုင်းဆိုင်ရာရောဂါတွေနဲ့ အခြား အကြောင်းအရာတွေကြောင့်
စိတ်ဖိစီးမှုများခြင်း ၊ အရက်သောက်ခြင်းနဲ့ မူးယစ်ဆေးသုံးစွဲခြင်းတို့ကြောင့်လည်း ယုံမှားသံသယ လွန်ကဲတတ်ပါတယ်။
.
.
ဘယ်လိုလူတွေမှာ ဖြစ်တတ်သလဲ?
၁။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး အသက်လတ်ပိုင်းနဲ့အသက်ကြီးပိုင်းတွေမှာ ပိုအတွေ့များတတ်ပါတယ်။
၂။ သီးခြားနေတတ်ပြီး လူအများနဲ့ပေါင်းသင်းဆက်ဆံတာမျိုးမရှိတဲ့သူတွေမှာ ပိုဖြစ်နိုင်ခြေရှိပါတယ်။
၃။ ရွှေ့ပြောင်းနေထိုင်သူတွေ (သို့မဟုတ်) ဒုက္ခသည်တွေ
၄။ အကြားအာရုံ ဒါမှမဟုတ် အမြင်အာရုံချို့တဲ့သူတွေ နဲ့
၅။ သက်ကြီးရွယ်အိုတွေမှာ တွေ့ရတတ်ပါတယ်။
.
.
ဘယ်လိုရောဂါရှိတဲ့သူတွေမှာ ယုံမှားသံသယလွန်ကဲတဲ့လက္ခဏာတွေ ရှိတတ်လဲ?
၁။ သတိမေ့ရောဂါ (Dementia)
၂။ စိတ်ဓာတ်တတ်လွယ် ကျလွယ်တဲ့ရောဂါ (Bipolar disorder)
၃။ ပါကင်ဆန်ရောဂါ (Parkinson’s disease)
၄။ စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia)
၅။ ကလေးမွေးပြီးနောက်ပိုင်း စိတ်ဝေဒနာခံစားနေရသူတွေမှာ တွေ့ရတတ်ပါတယ်။
.
.
မကုပဲထားရင် ဘာတွေဖြစ်နိုင်မလဲ?
၁။ စိတ်ဓာတ်အရမ်းကျလာတာ
၂။ တစ်ယောက်ထဲသီးသန့်ဖြစ်လာတာ
၃။ တစ်ယောက်ယောက်ကို အမြဲလိုက်ပြီးစောင့်ကြည့်နေတာ
၄။ ကိုယ့်ကိုယ်ကို (ဒါမှမဟုတ်) အခြားသူများကိုပါထိခိုက်အောင်လုပ်တာတွေ ဖြစ်လာနိုင်ပါတယ်။
.
.
*** ယုံမှားသံသယလွန်ကဲတဲ့လက္ခဏာတွေဟာ မသိသာတဲ့အပြင် ဖြစ်နေတဲ့သူကိုယ်တိုင်ကလည်း ကိုယ့်ဘာသာကိုယ်မသိ ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းမိသားစုထဲမှာ အထက်ဖော်ပြပါ ယုံမှားသံသယလွန်ကဲတဲ့လက္ခဏာတွေ တွေ့လို့ရှိရင် သက်ဆိုင်ရာဆရာဝန်နဲ့ပြသဖို့အကြံပေးသင့်ပါတယ် ***
References :
https://www.webmd.com/schizophr…/guide/delusional-disorder
https://www.verywellmind.com/definition-of-delusion-4580458
https://my.clevelandclinic.org/…/9599-delusional-disorder
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#delusion#ယုံမှားသံသယလွန်ကဲခြင်း
Ministry of Health,
National Unity Government.
Published on: 16 January 2023
Last Updated: 16 January 2023