” ရင်ပူခြင်း ( Heartburn) “
ရင်ပူတယ် ( Heartburn)လို့ လူနာတွေ ပြောလေ့ရှိတဲ့စကားလုံးက ရင်ထဲမှာပူလောင်ပြီး မအီမသာဖြစ်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ ရောဂါနာမည်ရယ်တော့ မဟုတ်ဖူးပေါ့။
ရင်ပူတယ်လို့ပြောတဲ့လူနာတွေကို သေချာမေးကြည့်လိုက်ရင် ပါးစပ်ကလည်းချဉ်တယ်လို့ ဖြေတတ်ကြပါတယ်။ ဒါဟာ အစာအိမ်ကနေ ပြောင်းပြန် ပါးစပ်ထဲကိုရောက်လာတဲ့ အက်စစ်ကြောင့် အချဥ်အရသာ ဖြစ်နေတာပါ။
ရင်ပူတာရဲ့ တရားခံဟာ အစားအစာတစ်ချို့နဲ့ အစာမကြေတာကြောင့်ဖြစ်တယ်လို့ ပြောကြပြီး ဆေးပညာစကားလုံးအရ ” indigestion” ဒါမှမဟုတ် ” dyspepsia” လို့ခေါ်ပါတယ်။
.
.
ဘာကြောင့် ရင်ပူရတာလဲ ?
အစာအိမ်ထဲမှာရှိတဲ့ အစာခြေရည်အက်ဆစ်တွေနဲ့ ရောနေတဲ့အစာတွေက အစာရေမျိုပြွန်(esophagus)နဲ့ တစ်ခါတစ်ရံ လည်ချောင်းထဲထိ ပြောင်းပြန် ပြန်တက်လာလို့ ပါးစပ်ချဉ်တယ်၊ ရင်ပူတယ်ဆိုပြီး ဖြစ်ရတာပါ။
အစာအိမ်နဲ့ အစာရေမျိုပြွန်အစပ်မှာရှိတဲ့ ကြွက်သားကွင်းနဲ့လုပ်ထားတဲ့အဆို့ဟာ အပြည့်မပိတ်တော့လို့ အက်စစ်ပါတဲ့အစာတွေက ပါးစပ်ထဲထိ ပြန်ရောက်လာတာဖြစ်ပါတယ်။
အစာအိမ်နဲ့ အူသိမ်ပိုင်းအနာ ( peptic ulcer)တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
အစာအိမ်အပေါ် ပိုင်းက ဝမ်းဗိုက်မှာရှိရမယ့်အစား ရင်ဘတ်ထဲကို ပြန်ကျွံဝင်တဲ့ရောဂါ (Hiatus hernia) မှာလည်း ဖြစ်တတ်ပါတယ်။
.
.
ရင်ပူခြင်းကို ဖြစ်စေတဲ့ အချက်တွေက.…
– ဂေါ်ဖီထုတ်၊ ကြက်သွန်နီ၊ သခွားသီး၊ မဆလာဟင်း စတဲ့ တစ်ချို့အစားအစာတွေနဲ့ ဝိုင်၊ ဘီယာ၊ ကော်ဖီနဲ့ ကာဗွန်ပါတဲ့ တစ်ချို့သောက်စရာတွေ
– အစာကို မြန်မြန်စားမိတာ (ဒါမှမဟုတ်) အများကြီးစားမိတာ
– ပီကယ် အကြာကြီးဝါးတာ
– စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတဲ့အခါ
– ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုနဲ့ အဝလွန်တဲ့သူတွေ အပြင်
– တစ်ချို့ဆေးတွေ(ဥပမာ – လေးဘက်နာ မှာ သုံးတဲ့ဆေး၊ aspirin) သောက်သုံးနေတဲ့သူတွေမှာ ဖြစ်တာကို တွေ့ရပါတယ်။
.
.
ဘယ်လို စမ်းသပ်မှုတွေ လုပ်လို့ရလဲ ?
များသောအားဖြင့် စမ်းသပ်မှုတွေ မလိုအပ်ပါဘူး။
ဒါပေမယ့် အမြဲလိုလို ရင်ပူတာရှိနေပြီး အစာအိမ်အနာဖြစ်တယ်လို့ ဆရာဝန်က သံသယရှိရင်တော့ ဓာတ်မှန်(X-ray) (ဒါမှမဟုတ်) အစာအိမ်မှန်ပြောင်းကြည့်တာ (gastroscopy) လုပ်ရတတ်ပါတယ်။
.
.
ရင်ပူတာမျိုးမဖြစ်အောင် ဘယ်လိုကာကွယ်လို့ရလဲ ?
ရှောင်ရန်တွေကတော့….
• အစာကို မဝါးဘဲ မျိုချတာ
• မတ်တတ်ရပ်ပြီး စားတာ
• ဆေးလိပ်သောက်တာ
• အဆီများတဲ့ အစာတွေ စားတာ
• ပူစပ်တဲ့ အစာတွေ စားတာ
• အစာ အများကြီး စားတာ
• အလုပ်လုပ်ရင် ခါးကိုင်းပြီး ရှေ့ကိုကုန်းအလုပ်လုပ်တာ
• ဝမ်းသွားတဲ့အခါ အားသုံးပြီး ညှစ်ချတာ
• အစာစားရင်း ဝိုင်သောက်တာ
• ပူလောင်စေတဲ့ အစာတွေ စားတာ
• ညအခါ ကော်ဖီ (သို့မဟုတ်) အရက်သောက်တာ
.
ဆောင်ရန်တွေကတော့….
– အစာကို ဖြည်းဖြည်းနဲ့ အေးအေးဆေးဆေး စားတာ
– ထိုင်ပြီး စားတာ
– ပူလောင်စေတဲ့ အစာတွေကို ရှောင်တာ
– အစာကို အသင့်အတင့်စားတာ
– ခါးရှေ့ကိုင်း အလုပ်လုပ်မယ့်အစား ဆောင့်ကြောင့် ထိုင်အလုပ်လုပ်တာ (squat)
– ဝမ်းသွားရင် ပုံမှန်အတိုင်း သွားတာ
– စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက်လျှော့ချတာ
– အစာ စားပြီးပြီးချင်း နာရီဝက်လောက် အနားယူတာ
– အရက်လျှော့သောက်တာ
– အိပ်ယာမဝင်ခင် အနည်းဆုံး (၁) နာရီ အလိုမှာ စားတာ
.
.
ဘယ်လို ကုသရမလဲ?
ကာကွယ်ခြင်းက ကုသခြင်းထက် ပိုအကျိုးရှိတာမို့ အပေါ်မှာဖော်ပြထားတဲ့ ကာကွယ်ဖို့အကြံပြုချက်တွေကို လိုက်နာပါ။
ကိုယ့်ကို ရင်ပူစေတဲ့အရာတွေကို ကိုယ်တိုင်သတိထားပြီး တတ်နိုင်သလောက် ရှောင်ပါ။
ရင်ထဲက ပူလောင်လာသလိုခံစားရပါက ညအိပ်ရာမဝင်ခင်မှာ antacid သောက်ပါ။
ကိုယ့် ကိုယ်အလေးချိန်ကို ပုံမှန်အလေးချိန်ဖြစ်အောင်ထိန်းပါ ( အဝမလွန်ပါစေနဲ့)
.
ဒါတွေ လုပ်တာတောင် မသက်သာရင်တော့ ဆရာဝန်နဲ့ပြပါ။ တခြားစမ်းသပ်မှုတွေနဲ့ ကုသမှုတွေ လိုအပ်နိုင်ပါတယ်။ ဆရာဝန်က အစာအိမ်ထဲမှာရှိတဲ့ အက်စစ် ပမာဏကိုလျှော့ချဖို့ တစ်ခြားဆေးတွေ ပေးပါလိမ့်မယ်။
.
Reference:
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.285
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ၏ messengerသို့ ဆက်သွယ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.
Published on: 9 January 2023
Last Updated: 9 January 2023