မွေးကင်းစကလေးငယ်တွေဘဝမှာ လိုအပ်တဲ့အာဟာရတွေ တစ်နည်းအားဖြင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေဖို့ အလွန်အရေးကြီးလှပါတယ်။ ဒီနေ့မှာတော့ မွေးကင်းစကလေးတွေမှာ အဖြစ်များတဲ့ infantile beriberi လို့ခေါ်တဲ့ ဗီတာမင် B1ချို့တဲ့တဲ့ ရောဂါအကြောင်းကို ဖော်ပြလိုပါတယ်။

Infantile Beriberi ရောဂါဟာ မြန်မာနိုင်ငံက မွေးကင်းစ နို့စို့အရွယ်ကလေးတွေမှာ တော်တော့်ကို အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အဓိကကတော့ ကလေးကိုနို့တိုက်တဲ့ မိခင်ရဲ့ အစားရှောင်လွန်းတဲ့ ပြဿနာကြောင့်ပဲ ဖြစ်ပါတယ်။

ဗီတာမင် B1 က ဘာတွေလုပ်ဆောင်လဲ?

Thiamine လို့ခေါ်တဲ့ ဗီတာမင် B1က ခန္ဓာကိုယ်ရဲ့ ကစီဓာတ်ကို ဖြိုခွဲပြီး ဆဲလ်တွေကနေ စွမ်းအင်ထုတ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပြီး နှလုံး၊ ဦးနှောက်နဲ့ အာရုံကြောစနစ်တွေ ကောင်းစွာလည်ပတ်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။ အဲ့ဒီအတွက် မွေးကင်းစကလေးတိုင်းမှာ ဗီတာမင်B1 ကောင်းကောင်းရဖို့ လိုအပ်ပါတယ်။

Infantile Beriberiရောဂါဟာ အသက် (၂)လကနေ (၃)လကြားရှိတဲ့ကလေးတွေမှာ အဖြစ်များပါတယ်။ အကြောင်းရင်းကတော့ နို့တိုက်ကျွေးတဲ့မိခင်ကိုယ်တိုင်က ဗီတာမင်B1 ချို့တဲ့လို့ ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ?

နှလုံးကောင်းကောင်း အလုပ်မလုပ်တဲ့အတွက် အသက် ၁လကနေ ၃လအရွယ်ကလေးတွေမှာ

– ကလေးကပြာနှမ်းလာမယ်။

– မောလာမယ်။

– နှလုံးခုန်တွေ မြန်လာမယ်။

– အသက်ရှူမြန်လာမယ်။

– မျက်နှာနဲ့ ခန္ဓာကိုယ်တွေ ဖောရောင်လာမယ်။

– အသည်းကြီးမယ်။

– ဆီးထွက်နည်းမယ်။

အသံအိုးထိခိုက်တဲ့အတွက် အသက်(၄)လကနေ (၆)လအရွယ်ကလေးတွေမှာဆိုရင် ကလေးက တောက်လျှောက်ငိုနေပေမယ့် အသံမထွက်ဘူး။

(၇)လကနေ (၉)လအရွယ်ကလေးတွေမှာ ဂနာမငြိမ်ဖြစ်နေမယ်။ တက်မယ်။ သတိမေ့တဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ဒါဆို ကလေးမှာ ဗီတာမင်B1 မချို့တဲ့အောင် နို့တိုက်မိခင်တွေအတွက် ဆောင်ရန်၊‌‌ရှောင်ရန်တွေလည်း သိထားဖို့ လိုအပ်တာပေါ့။

ဗီတာမင်B1က မိခင်နို့အပြင် နွားနို့၊ ဆန်၊ ဥနဲ့ အသားတွေ ဥပမာ – အသည်း၊ ကျောက်ကပ်၊ ဒါ့အပြင် ပဲအမျိုးမျိုးမှာလည်း ပါဝင်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေမှာ ဗီတာမင်ဘီ ပြည့်ဝအောင်အတွက် အစားရှောင်တာမျိုး မလုပ်ဘဲနဲ့ အာဟာရပြည့်ဝအောင် စုံစုံလင်လင် စားဖို့ အရေးကြီးပါတယ်။

မြန်မာပြည်မှာ မှားယွင်းနေတဲ့ အယူအဆကတော့ နို့တိုက်မိခင်တွေကို အစားရှောင်ခိုင်းတဲ့ ပြဿနာပါ။ “အသီးအရွက်တွေစားရင် ကလေးတွေမှာ ဝမ်းသွားတတ်တယ်။ မိခင်တွေမှာ အဆစ်အမြစ်ကိုက်တတ်တယ်။ အသားမစားရဘူး ဝမ်းလျှောတတ်တယ်။” အစရှိတဲ့ အယူအဆ အလွဲအမှားတွေကြောင့် ကလေးမီးဖွားပြီးကာစ နို့တိုက်မိခင်တွေကို ထမင်းရယ်၊ ငါးခြောက်အခြောက်အခြမ်းလေးနဲ့ပဲ ကျွေးလေ့ရှိကြပါတယ်။

တချို့ငါးတွေမှာ thiamine ကိုခြေဖျက်တဲ့ thiaminase လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်တဲ့အတွက်ကြောင့် ငါးခြောက်ချည်းပဲ စားရာကနေ ဗီတာမင်B1 ချို့တဲ့တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆန်မှာလည်း ဗီတာမင် B1 ကြွယ်ဝတဲ့အတွက်ကြောင့် ဆန်ကို လိုတာထက်ပိုဆေးတာမျိုးကြောင့်လည်း ဗီတာမင် B1ချို့တဲ့နိုင်ပါတယ်။

ဘယ်လို ကုသကြမလဲ?

ကလေးတွေမှာ ဗီတာမင်ဘီချို့တဲ့တဲ့ လက္ခဏာတွေဖြစ်လာပြီဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ အမြန်ဆုံး ကုသဖို့ အရေးကြီးပါတယ်။

လိုအပ်တဲ့ ဗီတာမင်ဘီကို အမြန်ဆုံးပေးတာနဲ့ကလေးမှာ လက္ခဏာတွေ ပြန်သက်သာလာနိုင်ပါတယ်။

ကလေးမှာတင်မကဘဲ နို့တိုက်မိခင်မှာလည်း လိုအပ်တဲ့ ဗီတာမင်B1ပေးပြီး ကုသဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း ကိုယ်ဝန်ဆောင်စဥ်ကာလမှာ ဆရာဝန် သို့ သားဖွားဆရာတွေနဲ့ ဗိုက်ပုံမှန်အပ်ပြီး လိုအပ်ရင် ဗီတာမင်ဘီအားဆေးတွေ သောက်သုံးဖို့ လိုအပ်ပါတယ်။

*** မိခင်တိုင်း အာဟာရပြည့်ဝအောင် စုံစုံလင်လင် စားသုံးပြီး မိခင်ရော ကလေးမှာပါ ဗီတာမင်B1 မချို့တဲ့အောင် ကာကွယ်ကြရအောင်ပါ ***

Reference????: Thiamine deficiency WHO guidelines

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.