ကလေးငယ်များ ဝမ်းလျှောခြင်း
ကိုယ့်ကလေးလေး ဝမ်းတွေလျှောနေရင် ထူပူပြီး ဘာလုပ်ရမှန်းမသိတဲ့ ဖေဖေမေမေတို့အတွက် တကယ်အကျိုးရှိစေမယ့် ပိုစ့်လေးပါနော် ????
❓ကလေးတွေ ဝမ်းလျှောတယ်လို့ ဘယ်အချိန်မှာ သတ်မှတ်မလဲ
ကလေးတစ်ယောက် သူပုံမှန်သွားနေကျဝမ်းထက် အကြိမ်ရေပိုများလာရင် ဒါမှမဟုတ် ပိုပျော့လာရင် ဝမ်းလျှောတယ်လို့ သတ်မှတ်ပါတယ်။
❓ဘာကြောင့် ဝမ်းလျှောလဲ
အများစုကတော့ Virusတွေ bacteria တွေကြောင့် ဖြစ်ပါတယ်…
အဲ့ဒီ Virusတွေ Bacteriaတွေဟာ မသန့်ရှင်းတဲ့လက်၊ မသန့်ရှင်းတဲ့ အစားအစာ၊ မသန့်ရှင်းတဲ့ ပန်းကန်ခွက်ယောက်တွေကတစ်ဆင့် ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပီး ဝမ်းလျှောဝမ်းပျက်ဖြစ်စေတာပါ။
❓ဝမ်းလျှောနေတဲ့ အချိန်မှာ ဘာတွေ ကျွေးလို့ရလဲ
ပုံမှန်ကျွေးနေကျ အစားအစာတွေကို ဆက်ကျွေးလို့ရပါတယ်။ မိခင်နို့တိုက်နေတဲ့ ကလေးကို မိခင်နို့ဆက်တိုက်ပါ။ ပူပူနွေးနွေး သန့်သန့်ရှင်းရှင်း အစာကြေလွယ်မယ့် အစားအသောက်တွေ ကျွေးလို့ရပါတယ်။
အရည်များများ တိုက်ပေးဖို့အရေးကြီးပါတယ်။ ဓါတ်ဆားရည်၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်တွေ တိုက်လို့ရပါတယ်။ အဆီများတဲ့ အစားအသောက်တွေက အစာမကြေတတ်လို့ မကျွေးသင့်ပါဘူး။
ဝမ်းလျှောတဲ့အခါ အန်လဲအန်တတ်တာမို့ အရည်ကို ပမာဏနည်းနည်းနဲ့ ခဏခဏ ဝင်အောင် တိုက်ရပါမယ်။ ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်လျော့နည်းသွားပါတယ်။ ကလေးငယ်တွေမှာ ရေဓာတ်မခမ်းခြောက်စေဖို့ အရေးကြီးပါတယ်။ အဝင်အထွက် မျှရပါမယ်။ ခန္ဓာကိုယ်ကထွက်သလောက် (ဝမ်းလျှောသလောက်/အန်သလောက်) အရည်ပြန်ဝင်အောင် တိုက်သင့်ပါတယ်။
❓ဓာတ်ဆားရည်ရည်ကို ဘယ်လိုတိုက်မလဲ
မိဘတွေ မကြာခဏ မှားတတ်တာလေးတခုကို အရင်ပြောပါရစေ။ ကလေးဓာတ်ဆားရယ်လို့ သပ်သပ်မရှိပါဘူး။ ကလေး၊လူကြီး အတူတူပါပဲ၊ ဝမ်းလျှောရင် ဆရာဝန်တွေ ညွှန်ကြားတတ်တဲ့ Prebiotic အထုပ်လေးတွေဟာ ကလေးဓာတ်ဆား မဟုတ်ပါဘူး။ အားကစားသမားတွေ၊ ချွေးထွက်များတဲ့သူတွေအတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့ Sport drinksတွေဟာလဲ ဓာတ်ဆားမဟုတ်ပါဘူး။
ဓာတ်ဆား ၁ထုပ်ကို ရေ ၁လီတာနဲ့ ဖျော်ပီး ၂၄ နာရီအတွင်း တိုက်ရပါမယ်။ ဖျော်ပီးသား ဓာတ်ဆားရည်ကို ၂၄ နာရီကျော်အောင် မထားသင့်ပါဘူး။ အချဥ်ပေါက်ပီး ဝမ်းပိုပျက်တတ်ပါတယ်။
တိုက်ရမယ့် ပမာဏက ကလေးရဲ့ကိုယ်အလေးချိန်၊ ရေဓါတ်ခမ်းခြောက်မှုရှိမရှိပေါ် မူတည်ပါတယ်။ ရေဓါတ်ခမ်းခြောက်မှုမရှိတဲ့ ကလေးတွေမှာ ဝမ်းတခါသွားပီးတိုင်း ၁၅၀ml ပုံမှန်ရေဖန်ခွက်တစ်ဝက်ခန့် တိုက်သင့်ပါတယ်။
❓ရေဓာတ်ခမ်းခြောက်မှုရှိမရှိ ဘယ်လိုသိမလဲ
ကလေးငယ်လေးတွေဟာ ရေဓါတ်ခမ်းခြောက်မှုကို ခံနိုင်ရည်မရှိတာကြောင့် အောက်ပါအချက်တွေကို ဂရုစိုက်ပီး စောင့်ကြည့်ပေးဖို့ လိုအပ်ပါတယ်။
* ရေဆာလာပါတယ်၊ ရေကို အငမ်းမရသောက်ပါတယ်။ အာခေါင်ခြောက်တယ် ( ကလေးအကြီးတွေဆိုရင် ပြောတတ်ပါတယ်)
* လသားကလေးငယ်တွေမှာ ငယ်ထိပ်ချိုင့်လာပါတယ်
* မျက်တွင်းချိုင့်လာပါတယ်
* မျက်ရည် ခမ်းခြောက်လာတတ်ပါတယ်
* ဝမ်းဗိုက်အရေပြားကို လက်ညိုး၊လက်မနဲ့ အသာညှပ်ပီးဆွဲကြည့်ရင် အရေပြားက အသားနဲ့ ချက်ချင်းပြန်ကပ်မသွားဘဲ ကျန်နေခဲ့တတ်ပါတယ်။
* ဆီးနည်းလာတယ်။ အကြမ်းဖျင်းအားဖြင့် ၆နာရီအတွင်း ဆီးတစ်ခါမှ မသွားရင် ဆီးနည်းတယ်လို့ သတ်မှတ်လို့ရပါတယ်။
❗ဘယ်အချိန်မှာ ဆေးရုံ/ဆေးခန်းပြသင့်လဲ
* ကလေးမှိန်းရင်
* ရေဓါတ်ခမ်းခြောက်တဲ့ လက္ခဏာတွေ ရှိပေမယ့် အရည်မဝင်ရင်
* ဆက်တိုက်အန်နေပီး အရည်မဝင်ရင်
* ၈နာရီ အတွင်း ဆီးတခါမှ မသွားရင်
* ဝမ်းသွားတဲ့အခါ သွေးပါရင်….
နီးစပ်ရာ ဆေးရုံ/ဆေးခန်းကို သွားပြသင့်ပါတယ်။
❓ဝမ်းလျှောတာကို ဘယ်လိုကုမလဲ
ဝမ်းပျက် ဝမ်းလျှောအများစုဟာ ရေဓါတ်လုံလောက်အောင် တိုက်ပေးရတာကလွဲလို့ တခြားကုသမှု မလိုတတ်ပါဘူး။ ဝမ်းပိတ်ဆေးတွေကို ကလေးတွေမှာ ပေးလေ့မရှိပါဘူး။ Prebiotic, ဓာတ်ဆားရည် နဲ့ Zinc ဆေးရည်/ဆေးပြားတွေသာ ပေးဖို့လိုပါတယ်။ ပိုးသတ်ဆေးပေးဖို့လဲ မလိုပါဘူး။
❓ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ
*** သန့်ရှင်းရေး..သန့်ရှင်းရေး..သန့်ရှင်းရေး ***
သန့်ရှင်းရေး အရေးကြီးပါတယ်။ လက်သန့်ရှင်းရေး၊ အစားအစာ သန့်ရှင်းရေး၊ ပန်းကန်ခွက်ယောက် သန့်ရှင်းရေး ဂရုစိုက်ရပါမယ်။
အစားအသောက် မပြင်ဆင်ခင်၊ အစာမစားခင်/မကျွေးခင်နဲ့ အိမ်သာသုံးပီးတိုင်းမှာ လက်ကို ဆပ်ပြာနဲ့ သေချာဆေးရပါမယ်။ အမြဲဆော့ကစားပီး ညစ်ပေနေတတ်တဲ့ ကလေးလေးတွေရဲ့ လက်ကလေးတွေကိုလဲ သန့်ရှင်းရေးလုပ်ပေးဖို့ မမေ့ပါနဲ့။
အစားအစာတွေကို ကျက်အောင် သေချာ ချက်ပြုတ်ရပါမယ်။ ချက်ပြုတ်ပြီး အစားအသောက်တွေကို အခန်းအပူချိန်မှာ ၂နာရီထက် ပိုမထားသင့်ပါဘူး၊ ၂ နာရီထက်ပိုကြာမယ်ဆိုရင် သေချာပြန်နွှေးပြီးမှ စားသင့်ပါတယ်။
ကလေးငယ်များ ရောဂါအပေါင်း၊ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပီး ပြုံးပျော်နိုင်ကြပါစေ ????
ကလေးအထူးကုဆရာဝန်ကြီးတစ်ဦး
တယ်လီကျန်းမာ
References
https://www.nhsinform.scot/…/stomach-liver…/diarrhoea…
Pediatric Management Guideline , Myanmar Pediatric Society 2nd edition
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.