” နှလုံးသွေးကြောပိတ်တယ်ဆိုတာ… “

နှလုံးမှာ အဓိက အရေးကြီးတဲ့ သွေးလွှတ်ကြော ၃ ချောင်းရှိပါတယ်

ဒီသွေးကြောလေးတွေ ကျဉ်းတယ်၊ ပိတ်တယ်ဆိုရင် နှလုံးကြွက်သားတွေဆီ သွေး အလုံအလောက်မရောက်တော့ပါဘူး။ အဲဒီအခါမှာ နှလုံးကြွက်သားတွေက ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပဲ ပုပ်သွားနိုင်ပါတယ်။ အဲ့ဒါဆို ရုတ်တရက် အသက် အန္တရာယ် ရှိပါတယ်။

သွေးကြောကျဉ်းတဲ့၊ ပိတ်တဲ့ ပမာဏ အပေါ်မူတည်ပြီး…..လူနာအနေနဲ့ ရင်ဘတ်အောင့်မယ်… အဲ့ကနေ ဘယ်ဘက်လက်မောင်း ဘယ်ဘက်ပခုံး မေးရိုးနားအထိ အောင့်နိုင်မယ် .. ပြီးရင် ချွေးစီးတွေထွက်ပြီး မောလာတာ အသက်ရှူမဝတာ တွေအထိ ဖြစ်နိုင်ပါတယ်။

နောက်ပြီး လက္ခဏာ မပြဘဲ ရုတ်တရက် သတိလစ်ပြီး အသက် အန္တရာယ်ရှိနိုင်ပါတယ် …..စိတ်ပူရပါတယ်

ဘယ်လိုလူမျိုးတွေမှာ ပိုဖြစ်နိုင်လဲ

– အသက်အရွယ်ကြီးသူတွေမှာ ဖြစ်လေ့ရှိပါတယ်
– အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးသွေးကြောကျဉ်းရောဂါ ပိုဖြစ်နိုင်ပါတယ်
– မိသားစုမျိုးရိုးမှာ နှလုံးသွေးကြောကျဉ်းရောဂါရှိသူ တွေမှာလည်း ဖြစ်နိုင်တာကို တွေ့ရပါတယ်
– ဆေးလိပ်သောက်သုံးသူတွေမှာ နှလုံးသွေးကြောကျဉ်းတာ ပိတ်တာ ပိုတွေ့ရသလို ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်ငွေ့ ရှူရှိုက်မိတဲ့သူတွေမှာလည်း ဒီရောဂါ ဖြစ်နိုင်ပါတယ်
– ဆီးချိုရောဂါရှိသူ/ သွေးတိုးရောဂါရှိသူ/ အဆီဓါတ်များသူ/ အဝလွန်သူများ/ ကိုယ်လက် လှုပ်ရှားမှု နည်းသောသူများမှာ နှလုံးသွေးကြောကျဉ်းတာ ပိတ်တာ အဖြစ် များပါတယ်

ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်မလဲ

အဓိကကတော့ ရင်ဘတ်အောင့်တာပါ ၁၅-၂၀ မိနစ် ကျော်ကြာ အောင့်နေနိုင်ပါတယ်. .ဒါ့အပြင် ပျို့ချင်တာ၊ အန်တာ၊ ချွေးထွက်တာ၊ ရင်တုန်တာတွေပါ ဖြစ်လာနိုင်ပါတယ်

အသက်အရွယ်ကြီးသူတွေနဲ့ ဆီးချိုရှိသူတွေမှာတော့ ရင်ဘတ်အောင့်တာ မခံစားရဘဲ အမောဖေါက်တာ၊ မူးပြီးမိုက်ခနဲဖြစ်တာ၊ သတိလစ်တာ၊ ဗိုက်အပေါ်နားကအောင့်တာ၊ လေဖြတ်တာမျိုးနဲ့လည်းလာနိုင်ပါတယ်

နှလုံးသွေးကြောပိတ်ရင် ဘာတွေဆက်ဖြစ်နိုင်လဲ

– နှလုံးခုန်စည်းချက် မမှန်ခြင်း
– ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးအလုံအလောက် မပို့ပေးနိုင်ခြင်း
– နှလုံးအမြှေးပါးရောင်ခြင်း
– နှလုံးကြွက်သားများ ပုပ်ပြီး နှလုံးအခန်းအတွင်းရှိ နံရံများ ပေါက်ပြဲခြင်း
– ရုတ်တရက် အသက်အန္တရာယ်ရှိခြင်း စတာတွေဖြစ်လာနိုင်ပါတယ်

ဘယ်လိုကုသမှုခံယူရမလဲ

အရင်ဆုံး အီးစီဂျီကိုကြည့်ပြီး ကုသမှု ကွာခြားပါတယ်…

– အရေးပေါ်သွေးကြောဖွင့်ရမယ့် အီးစီဂျီပုံစံလား?
– ဒါမှမဟုတ် ရောက်ရောက်ချင်းမှာ ချက်ကို ဆေးထိုးပြီး နောက်မှ သွေးကြောဓာတ်မှန်ရိုက်ကြည့်ပြီး သွေးကြောချဲ့ရမယ့် အီးစီဂျီ ပုံစံလား?

ကွဲပြားပါတယ် မတူပါဘူး…..

ဒီမှာ အရေးကြီးဆုံး က အချိန်ပါ

ရင်ဘတ် စအောင့်တဲ့ အချိန်ကစပြီး အရေးကြီးပါပြီ

အဲ့ဒီ အချိန်ကစပြီး ကြာလေလေ သွေးကြောလေးတွေက တဖြည်းဖြည်း ပိုပိုပြီး ပိတ်လာတော့မှာပါ

အရေးပေါ်သွေးကြောဖွင့်ရမယ့် သွေးကြောပိတ်တာမျိုးဆိုရင်…
ရင်ဘတ် စအောင့်တဲ့ / စဖြစ်တဲ့ အချိန်ကနေ ၁၂ နာရီ အတွင်း နှလုံးသွေးကြောစမ်းသပ်မှုရှိတဲ့နေရာ(ဆေးရုံ)ကို ရောက်နိုင်ရင် ပိုကောင်းပါတယ်… တတ်နိုင်သမျှ စောစော ရောက်သွားနိုင်ရင် အကောင်းဆုံးပါ
ဒီလိုဆိုရင် အရေးပေါ် သွေးကြောဓာတ်မှန်ရိုက်ပြီး သွေးကြောချဲ့တာ လုပ်ရပါမယ် (ဒါက ခွဲစိတ်မှုမဟုတ်ပါ)

သွေးကြောချဲ့ဖို့ အဆင်မပြေရင်တော့ သွေးခဲဖျော်ဆေး သွင်းပါတယ်။ အားလုံးပြီးသွားလို့ ဆေးရုံဆင်းရင် ပေးတဲ့ ဆေးတွေ မပျက်ပါစေနဲ့…
ပုံမှန်သောက်ပေးပါ…
ရက်ချိန်းပုံမှန်ပြပေးပါနော်

ဆက်ပြီးတော့လည်း…
နှလုံးနဲ့သွေးကြောခွဲစိတ်ကုသမှု အကြောင်းလေး နည်းနည်းပြောချင်ပါတယ်

ဘယ်လိုလူနာတွေမှာ လုပ်ရလဲဆိုတော့…နှလုံးသွေးကြောချဲ့လို့မရတဲ့လူနာတွေကို ခွဲစိတ်မှုလုပ်ရပါတယ်။ သွေးကြောတွေက ပိတ်တဲ့ပမာဏများနေပြီဆိုရင် ချဲ့လို့မရပါဘူး။ ခွဲစိတ်ကုသမှ ရပါလိမ့်မယ်

ဒီခွဲစိတ်မှုကတော့ …..

နှလုံးမှာရှိတဲ့ ပိတ်နေတဲ့ သွေးလွှတ်ကြောတွေကို ရင်ဘတ်ကသွေးလွှတ်ကြော/ လက်ဖျံကသွေးလွှတ်ကြော/ခြေမျက်စိအထက်နားရှိ သွေးပြန်ကြော/ ဝမ်းဗိုက်အတွင်းရှိသွေးလွှတ်ကြော များနှင့် အစားထိုးပြီးဆက်လေ့ရှိပါတယ်။

အဲ့လိုဆက်လိုက်ခြင်းဖြင့် နှလုံးကြွက်သားတွေလည်း အလုပ်ပြန်လုပ်လာစေမှာ ဖြစ်ပါတယ်

ခွဲစိတ်မှုကတော့ ရောဂါအခြေအနေအပေါ်မူတည်ပြီး ၅-၆ နာရီလောက် ခန့်မှန်းကြာလေ့ရှိပါတယ်၊ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။

နှလုံးသွေးကြောကျဉ်းတာ၊ ပိတ်တာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ

– ဆေးလိပ် မသောက်ပါနဲ့
– ဆီးချို၊ သွေးတိုး မဖြစ်အောင် အနေအထိုင် အစားအသောက် ဂရုစိုက်ပါ။ ဖြစ်လာရင်လဲ ထိန်းနိုင်အောင် ဆင်ခြင်ရပါမယ်
– အဆီဓာတ်တွေ မများအောင် အဆီအဆိမ့် လျှော့စားပါ
– အငန်စားတာလဲ ဆင်ခြင်ရပါမယ်
– ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ပါ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

ရောဂါဖြစ်မှ ကုသတာထက် မဖြစ်အောင် ဆင်ခြင်နေထိုင်ဖို့က အရေးကြီးဆုံးပါ

နောက်ဆုံးပိတ် မှတ်သားထားစေချင်တာလေးက…. နှလုံးသွေးကြောကျဥ်း ၊ သွေးကြောပိတ်ဖြစ်လာရင် အချိန်က အရေးကြီးပါတယ် ဆိုတာလေးပါ…

အားလုံးပဲ နှလုံးကျန်းမာရေး ဂရုပြုကြပါလို့ မှာကြားရင်း…..

နှလုံးခွဲစိတ်ဆရာဝန်ကြီးတစ်ဦး
( တယ်လီကျန်းမာ )

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.