သင့်မှာ ဆီးချိုရောဂါရှိတယ်ဆို “ဆီးချိုခြေထောက်နာရောဂါ” မဖြစ်စေရန် ယနေ့မှစ၍ ကာကွယ်ပါ

ဆီးချိုရောဂါဟာ ခြေထောက်အာရုံကြောများကို ထိခိုက်ပျက်စီးစေပြီး အပူ၊ အအေး၊ အထိအတွေ့၊နာကျင်မှု ခံစားနိုင်စွမ်းကို လျော့နည်းစေပါတယ်။ ရောဂါပိုးဝင်၍ဖြစ်စေ၊ အခြားအကြောင်းရင်းကြောင့်ဖြစ်စေ ဒဏ်ရာအနာတရဖြစ်လွယ်စေပါတယ်။ ဒါ့ကြောင့် နောက်ဆက်တွဲအနေနဲ့

• ခြေဖဝါးမှာ အသားမာတက်ခြင်း/အသားမာအစိုင်အခဲဖြစ်လာခြင်း
• ခြေသည်း ပိုးဝင်ပြီး ရောင်ရမ်းပြည်တည်နာဖြစ်ခြင်း
• ခြေသည်း ဆွေးမြေ့ပြီး မရှည်လာတော့ခြင်း
• သေးငယ်သော ထိခိုက်ရှနာမှ ဒဏ်ရာကြီးမားလာခြင်း စတဲ့ ရောဂါပြဿနာအစုံကို ကြုံတွေ့ခံစားရနိုင်ပါတယ်။

အဓိကပြဿနာက‌တော့ ဆီးချိုဟာ ခြေထောက်သွေးလှည့်ပတ်မှုကို ဟန့်တားနှောင့်နှေးစေတာကြောင့် ဒဏ်ရာတစ်ခါဖြစ်ပြီးရင် ပြန်လည်‌ပျောက်ကင်းရန် ကြာခြင်း (သို့) မပျောက်ကင်းတော့ပဲ ခြေထောက်အစိတ်အပိုင်းကို ဖြတ်ထုတ်လိုက်ရခြင်းတွေ ဖြစ်စေပါတယ်။

ဒါဆို ဘယ်လိုကာကွယ်ကြမလဲ?

• ဆေးလိပ်ဖြတ်ပါ။
• သွေးတွင်းသကြားဓာတ်ကို အမြဲပုံမှန်ဖြစ်အောင် ထိန်းပါ။
• မိမိခြေထောက်ကို နေ့စဉ်စစ်ဆေးပါ။ ခြေဖဝါးကို သေချာမြင်ရဖို့ မှန်ထောင်ပြီးကြည့်ပါ။ ခြေချောင်းကြားထဲအထိ အရေပြားကို စစ်ပါ။ အဖုအပိမ့်၊ ဒဏ်ရာအသေးအဖွဲကအစတွေ့ရရင် ဆရာဝန်ဆီ အမြန်သွားပါ။
• ခြေထောက်ကို ပြောင်စင်အောင် ဆေးကြောသန့်စင်ပါ။ ရေနွေးနွေးနဲ့ဆေးပြီး အဝတ်သန့်နဲ့ ခြောက်အောင်သုတ်၊ ခြေဖနောင့်ကို lanoline (သို့) အလှဆီလိမ်းတာမျိုး လုပ်ပေးပါ။
• ခြေသည်းကို ပုံမှန်ညှပ်ပါ။ ခြေစွယ်မငုပ်အောင် ညှပ်ပါ။ ဒါပေမယ့် ညှပ်နေရင်း အသားပါသွားတာ၊ အညှပ်လွန်ပြီး အနာဖြစ်တာမျိုးမဖြစ်အောင် သတိထားပါ။
• ခြေအိတ်ဝတ်တတ်သူဆို ချည်၊ သိုးမွေးခြေအိတ်များပဲ ဝတ်ဆင်ပါ။ ရာဘာလို ကျုံ့ဆန့်လွယ်တဲ့ခြေအိတ်အသားမျိုး ရှောင်ပါ။
• သွေးလှည့်ပတ်မှုကောင်းအောင် ခြေထောက်လေ့ကျင့်ခန်းနဲ့ အသာအယာ နှိပ်နယ်တာမျိုး လုပ်ပေးပါ။
• ဖိနပ်ကို သေချာ သန့်ရှင်းပါ။ ခြေအိတ်ကို ပုံမှန်လျှော်ပါ ။

တော်ရုံနဲ့ ထိခိုက်ဒဏ်ရာမရစေဖို့...
• ရှူးစီးနေကျသူဆို ခြေသည်းနဲ့ ရှူးဖိနပ်ထိပ် တိုက်မိတာမျိုးမဖြစ်အောင် ရွေးဝယ်ပါ
• မိမိနဲ့ အံဝင်ခွင်ကျဖြစ်ပြီး ပျော့ပျောင်းတဲ့ Leather ရှူးဖိနပ်မျိုး ရွေးစီးပါ
• ဖိနပ်က အရမ်းကျပ်နေတာမျိုး၊ ချောင်နေတာမျိုး မဖြစ်ပါစေနဲ့
• ဖိနပ်မပါပဲ မြေကြီး၊ မြက်ခင်းပေါ်နင်းခြင်းများ ရှောင်ပါ
• မျက်စိမှုန်သူဆို ​မမြင်မစမ်းနဲ့ ခြေသည်းညှပ်ခြင်းကို ရှောင်ပြီး အခြားသူကိုအကူအညီတောင်းပါ
• အက်စစ်ပါသော အပြင်းစားဆပ်ပြာများ၊ ဂွမ်းများ တို့ခြင်း၊ သုတ်ခြင်း ရှောင်ပါ
• အိမ်သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ချွန်ရှသော အရာ၊ ထိခိုက်စေမယ့်အရာမျိုး ကြမ်းပေါ်မှာ မကျအောင်၊ မနင်းမိအောင် သတိထားပါ
• အပူပေးတဲ့ ခြေထောက်ကပ်ခွာများ၊ အပူထုတ်ပစ္စည်းများ မသုံးပါနဲ့
• မီးပုံများမှ ထင်းစနဲ့ ထိမိခြင်း၊ မီးစစင်ခြင်းများ ၊ ဟင်းချက်နေစဉ် ဆီပူမီးပူလောင်ခြင်းများ မရှိအောင်နေပါ။

မတော်တဆ ထိခိုက်ရှနာဖြစ်သွားခဲ့ပါက ဘီတာဒင်းလို ပိုးသတ်ဆေးမျိုးနဲ့ ဖြည်းဖြည်းလေး အရင်သုတ်ပြီး ပတ်တီးအကျဲလေးနဲ့ အုပ်ထားပေးပါ။ အချိန်ကြာသည်အထိ မပျောက်ကင်းတာမျိုး၊ ရောင်တာ နာတာမျိုး ရှိမယ်ဆို ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

အပေါ်မှာ ပြောသွားတဲ့အချက်လေးတွေက အသေးအဖွဲလိုထင်ရပေမယ့် အမှန်တကယ် အရေးကြီးပြီး ဂရုစိုက်သင့်ပါတယ်။ နောက်ပြီး ဆီးချိုရှိပြီဆိုတာနဲ့ ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပြီး လစဉ်၊ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုတွေကို မမေ့မလျော့လုပ်ဖို့ လိုပါမယ်။

????ဆီးချိုနှင့်အတူ ကျန်းမာစွာ ယှဉ်တွဲနေထိုင်နိုင်ကြပါစေ????

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.258.

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.