လူတော်တော်များများ ဦးခေါင်းခွံကြီးပြီး ခေါင်းမထောင်နိုင်တဲ့ မွေးကင်းစလေးတွေ တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီရောဂါကိုတော့ Hydrocephalus လို့ခေါ်ပါတယ်။
Hydro ဆိုတာကတော့ “ရေ”ကိုဆိုလိုတာဖြစ်ပြီး Cephalus ဆိုတာကတော့ “ဦးခေါင်း”ကို ပြောတာပါ။ အကြမ်းဖျင်းဘာသာပြန်ရရင်တော့ ရေများနေတဲ့ ဦးခေါင်းလို့ ဆိုလိုတာပေါ့။
ဒီနေ့မှာတော့ ဒီ Hydrocephalus ဆိုတဲ့ ရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
ဦးနှောက်မှာ ventricle လို့ခေါ်တဲ့ ဦးနှောက်အခန်းတွေ ရှိပါတယ်။ ပုံမှန်အားဖြင့် အဲ့ဒီအခန်းတွေနဲ့ ပင်မကျောရိုးတိုင်အတွင်းမှာ cerebrospinal fluid (CSF) လို့ခေါ်တဲ့ အရည်တမျိုး စီးဆင်းနေပါတယ်။ အဲ့ဒီအရည်လေးတွေ ပုံမှန်အတိုင်း စီးဆင်းနေရာကနေ အကြောင်းတစ်ခုခုကြောင့် မစီးဆင်းနိုင်တော့ဘဲ ဦးနှောက်အခန်းတွေအတွင်းမှာ ပိတ်ဆို့များပြားနေတဲ့အတွက် ဦးနှောက်ခန်းတွေ ကျယ်လာရပါတော့တယ်။ အဲ့ဒီရောဂါကို Hydrocephalusလို့ ခေါ်ပါတယ်။
???? CSF ဆိုတာ ဘာလဲ? CSFက ဘယ်လို အလုပ်လုပ်သလဲ?
ပုံမှန်အားဖြင့် CSF ကို ဦးနှောက်ရဲ့ choroid plexus လို့ခေါ်တဲ့ ဆဲလ်တွေကနေ ထုတ်လုပ်ပါတယ်။ အဲ့ဒီ ဆဲလ်တွေကနေတစ်ဆင့် ဦးနှောက်ခန်းတွေဆီရောက်ပြီး ဦးနှောက်နဲ့ အာရုံကြောမကြီးတလျှောက် စီးဆင်းနေပါတယ်။ ပြီးရင်တော့ arachnoid villiလို့ခေါ်တဲ့ ဦးနှောက်အပေါ်ဘက်မှာရှိတဲ့ သွေးကြောလက်တံလေးတွေကတဆင့် ပြန်လည်စုပ်ယူပါတယ်။
CSFရဲ့ လုပ်ဆောင်ချက်တွေကတော့…
– ဦးနှောက်ကို ထိခိုက်ဒဏ်ရာရမှုကနေ ကာကွယ်ပေးတယ်။
– ဦနှောက်အတွက် အာဟာရ source အဖြစ် ဆောင်ရွက်ပေးတယ်။
– မလိုအပ်တဲ့ အညစ်အကြေးတွေကို စွန့်ပစ်ပေးတယ်။
– ဦးနှောက်အတွက် လိုအပ်တဲ့ ဟော်မုန်းနဲ့ chemical ပစ္စည်းများကို ဦးနှောက်ထံ သယ်ယူပို့ဆောင်ပေးတယ်။
– ဦးခေါင်းခွံအတွင်း ဖိအားမြင့်တက်မလာအောင် ထိန်းပေးခြင်း အစရှိသည်တို့ကို လုပ်ဆောင်ပါတယ်။
???? ဘာကြောင့် CSFအရည်တွေများပြီး hydrocephalusဖြစ်ရသလဲ?
• အကြောင်းရင်းကို ခွဲခြားကြည့်ရင် အဓိကအကြောင်းရင်း ၃ချက်တွေ့ရပါတယ်။
(၁) CSF အရည်များ စီးဆင်းရာလမ်းကြောင်း ပိတ်ခြင်း
(၂) CSF အရည်များကို ပြန်လည်စုပ်ယူမှု အားနည်းခြင်း
(၃) CSF အရည်များ ပုံမှန်ထက်ပိုမိုထုတ်လုပ်ခြင်းကြောင့်တို့ပဲ ဖြစ်ပါတယ်။
???? ဒါဆိုရင် ဘယ်သူတွေမှာ hydrocephalusဖြစ်နိုင်သလဲ?
မွေးကင်းစလေးများ၊ ကလေးများ၊ လူငယ်များနဲ့ အသက်အရွယ်ကြီးရင့်သူများ အရွယ်(၃)ပါးစလုံးမှာ ဖြစ်နိုင်ပါတယ်။
မွေးကင်းစကလေးတွေမှာတော့
– မွေးရာပါ ဦးနှောက်ဖွဲ့စည်းပုံမမှန်ခြင်း ( CSFစီးဆင်းသောလမ်းကြောင်းများ ဖွဲ့စည်းပုံမမှန်ခြင်း)
– CSF အရည်စီးဆင်းသောလမ်းကြောင်းများ ကျဥ်းမြောင်းခြင်း
– မွေးရာပါ ဦးခေါင်းခွံအတွင်း ရေအိတ်တည်ခြင်း
– လမစေ့ဘဲ မွေးဖွားတဲ့ ကလေးတွေ
– မိခင်ကကိုယ်ဝန်ဆောင်ကာလအတွင်း ဂျိုက်သိုး ရေယုန်တို့ကဲ့သို့ ရောဂါပိုးကူးစက်ခံရခြင်း အစရှိတဲ့ ကလေးများ
– တစ်ခါတရံ မျိုးရိုးဗီဇ ပုံမှန်မဟုတ်ခြင်းကြောင်းတို့လည်း hydrocephalus ဖြစ်နိုင်ပါတယ်။
နည်းနည်း အရွယ်ရောက်ပြီးကလေးတွေ၊ လူငယ်တွေနဲ့ လူကြီးတွေမှာတော့
– ထိခိုက်ဒဏ်ရာရမှုကြောင့် ဦးနှောက်သွေးယိုခြင်း၊ သွေးခဲပိတ်ခြင်း
– TBအစရှိသည်တို့ကြောင့် ဦးနှောက်အမြှေးပါးရောင်ခြင်း
– ဦးနှောက်အကြိတ်တည်ခြင်း
– CSFထုတ်သော ဆဲလ်များတွင် အကြိတ်ဖြစ်ခြင်း သည်တို့ကြောင့် hydrocephalus ဖြစ်နိုင်ပါတယ်။
❓ရောဂါလက္ခဏာတွေကရော ဘာတွေလဲ
မွေးကင်းစကလေး Hydrocephalus မှာတွေ့ရတဲ့ လက္ခဏာတွေကတော့
• ဦးခေါင်းအရွယ်အစား ကြီးမားလာတာ
• ငယ်ထိပ်တင်းတာ
• နုံးတာ ၊ အိပ်ချင်တာ
• တက်ခြင်း
• ဂျီကျတာ
• မျက်လုံးက အောက်စိုက်နေတာ
• ကြီးထွားမှု နှေးကွေးတာ
• အစားကျွေးဖို့ ခဲယဥ်းတာ စတဲ့လက္ခဏာများတွေ့ရနိုင်ပါတယ် ။
အသက်နည်းနည်းကြီးတဲ့ ကလေးတွေနဲ့ လူငယ်တွေမှာတော့
• ဦးခေါင်းအရွယ်အစား ကြီးမားလာခြင်း
• မျက်လုံးလှုပ်ရှားမှု မမှန်ခြင်း
• အိပ်ငိုက်ခြင်း
• ကိုယ်ခန္ဓာ ဟန်ချက်မညီခြင်း
• မကြာခဏ ဆီးသွားခြင်း ၊ ဆီးမထိန်းနိုင်ခြင်း တို့ခံစားရနိုင်ပါတယ်။
ဒါတွေအပြင် ဦးနှောက်အတွင်း ဖိအားများလာခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့
• ခေါင်းကိုက်ခြင်း
• အန်ခြင်း
• အမြင်အာရုံဝေဝါးခြင်း အစရှိသည်တို့ကိုလည်း တွေ့နိုင်ပါတယ်။
အသက် ၆၀ နှင့်အထက် လူကြီးတွေမှာဆိုရင်တော့
• ဆီးမထိန်းနိုင်ခြင်း
• မှတ်ဉာဏ်ပျောက်ဆုံးခြင်း
• စဥ်းစားတွေးခေါ် နိုင်စွမ်း တဖြည်းဖြည်းလျော့နည်းလာခြင်း
• လမ်းလျှောက်ရခက်ခဲခြင်း
• ကိုယ်ခန္ဓာ ဟန်ချက်မညီခြင်း စတဲ့ လက္ခဏာတွေတွေ့ရများပါတယ်။
လူကြီးတွေမှာဖြစ်တဲ့ hydrocephalus ဟာဆိုရင်တော့ ဦးနှောက်တွင်းမှာ ဖိအားမမြင့်တက်ဘဲ ပုံမှန်ဖြစ်နေတတ်ပါတယ်။
???? Hydrocephalus ရှိကြောင်း ဘယ်လိုစစ်ဆေး သိရှိနိုင်မလဲ?
• အာထရာဆောင်း (Ultrasound) နဲ့ ကွန်ပြူတာ ဓာတ်မှန် (CT) စစ်ဆေးခြင်းမှတစ်ဆင့် ဦးနှောက်ခန်းတွေ ကျယ်နေတာ သိရှိနိုင်ပါတယ်။
• ဦးခေါင်းခွံ X-ray ရိုက်ခြင်းမှတစ်ဆင့် ဦးခေါင်းကြီးထွားလာခြင်းကြောင့် ဦးခေါင်းခွံဆက်ကြောင်းတွေ ကွဲနေတာတို့ကို တွေ့မြင်နိုင်ပါတယ်။
❓ဘယ်လိုမျိုး ကုသလို့ ရနိုင်လဲ
• အဓိကကတော့ ခွဲစိတ်ကုသခြင်းပဲ ဖြစ်ပါတယ်။
(၁) shunt ထည့်ကုသခြင်း
• Shunt ဆိုတာကတော့ ပိုက်ထည့်ပြီး ကုသခြင်းပဲ ဖြစ်ပါတယ်။ ဦးနှောက်ခန်းအတွင်းက များပြားနေတဲ့ CSFအရည်တွေကို အခြားနေရာတွေဖြစ်တဲ့ ဝမ်းဗိုက် ဒါမှမဟုတ် နှလုံးမှာရှိတဲ့ အခန်းတွေဆီ လွှဲပြောင်းပေးတဲ့ နည်းပဲဖြစ်ပါတယ်။
(၂) ventriculocisternostomy
• ဒီနည်းကတော့ ဦးနှောက်ရဲ့ အခန်းတွေကိုဖွင့်ပြီး ပြွန်လေးထည့်ကာ များပြားလှတဲ့ CSF အရည်တွေကို စွန့်ထုတ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
Hydrocephalus ဟာအရေးကြီးပြီး အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် အချိန်မီကုသဖို့ လိုအပ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ hydrocephalus ကနေ နောက်ဆက်တွဲဆိုးကျိုးတွေရှိနိုင်လို့ပါ။
• အမြင်အာရုံကိုထောက်ပံ့ပေးတဲ့ သွေးကြောတွေ ထိခိုက်နိုင်တဲ့အတွက် အမြင်အာရုံထိခိုက်တာတွေ
• စဥ်းစားတွေးခေါ်နိုင်စွမ်း လျော့နည်းလာတာ
• စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှု နှေးကွေးတာတွေ ဖြစ်နိုင်ပါတယ်။
❓Hydrocephalusမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
• တိုက်ရိုက်ကာကွယ်လို့ရမယ့် နည်းလမ်းတော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလမှာ ကလေးကို မထိခိုက်အောင် ကိုယ်ဝန်ကို သေချာဂရုစိုက်ဖို့ အရေးကြီးလှပါတယ်။ မိခင်ကိုယ်တိုင်ကလည်း ဂျိုက်သိုး ၊ ရေယုန် အစရှိတဲ့ရောဂါတွေ ကူးစက်မခံရအောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အသက်အရွယ်ရပြီး လူကြီးတွေ၊ လူငယ်တွေမှာလည်း hydrocephalus မဖြစ်အောင်အတွက် ဦးခေါင်းကို ထိခိုက်ဒဏ်ရာမရအောင် အထူးဂရုစိုက်ဖို့ လိုအပ်လှပါတယ်။
ဒီလောက်ဆို hydrocephalus ရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတများ ရရှိသွားပြီဖြစ်တယ်လို့ ယူဆပါတယ်။ အားလုံးလည်း ကျန်းမာရေးကို ဂရုစိုက်ရင်း ထိခိုက်ဒဏ်ရာမရရှိအောင် ကာကွယ်နေထိုင်ကြပါလို့ တိုက်တွန်းပါရစေ။
Reference ????
Davidson 23rd edition pg – 1132
SRB’s manual of Surgery 5th edition pg – 1100
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.