ခေါင်းတစ်ခြမ်းကိုက်ခြင်း????(Migraine)

လူ ၁၀ယောက်မှာ ၁ယောက်လောက် ဖြစ်လေ့ရှိတဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်း (ခေါ်) Migraine အကြာင်းလေး ဒီနေ့ပြောပြပေးပါ့မယ်….

❓Migraine ကဘယ်သူတွေမှာ ဖြစ်တတ်တာလဲ

– များသောအားဖြင့် အမျိုးသမီးတွေမှာပိုဖြစ်လေ့ရှိပြီး
– အသက် (၂၀) နဲ့ (၅၀)ကြားမှာလက္ခဏာပိုပြတတ်ပါတယ်
– မျိုးရိုးလည်းလိုက်တတ်ပါတယ်

❓ဘယ်လိုလက္ခဏာတွေပြတာက Migraine လို့ပြောလို့ရလဲ

ခေါင်းမကိုက်ခင်ဖြစ်တတ်တဲ့ ( Aura )ရှေ့ပြေးလက္ခဏာတွေဖြစ်တဲ့

– ပျို့အန်တာ
– အမြင်အာရုံမှာ တဖျတ်ဖျတ်လင်းခနဲဖြစ်တာ ၊ zigzag line တွေပေါ်လာတာ၊ အလင်းစူးတာ
– လျှာလေး အာလေးသွားတာ
– ခြေတွေလက်တွေလေးသွားတာ၊ တက်သွားတာ
စသည်ရှိတတ်ပါတယ်။

auraရဲ့ကြာချိန်ကတော့ (၁၅)မိနစ်ကနေ နာရီဝက်လောက်ကြာတတ်ပါတယ်။
(Common Migraine အမျိုးအစားမှာတော့
ဒီလိုရှေ့ပြေးလက္ခဏာများ မရှိတတ်ပါဘူး)

❓ဘယ်လိုပုံစံနဲ့ ခေါင်းတစ်ခြမ်းကိုက်တာလဲ

– ခေါင်းကိုက်တဲ့ပုံစံကတော့ ထိုးထိုးပြီးကိုက်တာပါ
– ကြာချိန်ကတော့ (၄)နာရီကနေ (၃)ရက်လောက်အထိကြာတတ်ပါတယ်
– ခဏခဏလည်းပြန်ဖြစ်ပါတယ်

❓ဘာလို့ဒီလိုမျိုး ခေါင်းကိုက်ရတာလဲ

မိမိတို့ဦးခေါင်းမှာရှိတဲ့ သွေးကြောများကျယ်ခြင်း
(Vasodilation)ကြောင့်ဖြစ်တာပါ။

❓ဘာတွေက လှုံ့ဆော်ပေးတာလဲ

– စိတ်ဖိစီးတာ၊ စိတ်လှုပ်ရှားတာ၊ အိပ်ရေးပျက်ပြီးပင်ပန်းနေတာ
– TV ကြည့်နေရင်း စူးသောအလင်းရောင်များ၊ ဖျက်ခနဲလင်းလင်းနေတာကို တွေ့လိုက်ရတာ
– အချိုမှုန့်ပါတဲ့ အစားအစာများ၊ ချောကလက်၊ ခရမ်းချဥ်သီး၊ လိမ္မော်သီး၊ cheeseစားလိုက်တာ
– အရက်သောက်တာ
– တချို့သော အသံ၊ အနံ့ များ
– ရာသီမလာခင် ဟော်မုန်းအ​​ပြောင်းအလဲဖြစ်တာ စတာတွေက လှုံဆော်ပေးပါတယ်

❓ဒါဆိုအရှင်း​ပျောက်သွားအောင်ကုလို့ရမလား

– အရှင်းပျောက်အောင်တော့ ကုလို့မရပေမယ့်
ခေါင်းကိုက်တာသက်သာအောင်၊ ပြန်ပြန်ဖြစ်တဲ့ အကြိမ်အရေအတွက်နည်းသွားအောင် သောက်လို့ရတဲ့ဆေးတွေရှိပါတယ်

❓ဘယ်လိုကုကြမလဲ

✔️ အရင်ဆုံး ခေါင်းကိုက်တာကိုလှုံ့ဆော်စေတဲ့အရာတွေ ရှောင်ရပါမယ်။

✔️ ခေါင်းကိုက်နေတဲ့အချိန်(acute attack)မှာဆိုရင်
– စိတ်ကိုအရင်လျှော့ပေးပြီး သိပ်မလင်းတဲ့အခန်းထဲမှာလှဲပေးပါ
– တရားထိုင်တာ (သို့မဟုတ်) မိမိနှစ်သက်ရာသီချင်းအေးအေးလေးတွေနားထောင်ပေးပါ
– ပါရာစီတမော (paracetamol) နဲ့ အအန်ပျောက်ဆေး (Metoclopramide) သောက်လို့ရပါတယ်
– မသက်သာရင်တော့ သွေးကြောကျဥ်းဆေးတစ်မျိုးကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ရပါမယ်။

✔️ ဒိုင်ယာရီနဲ့…..
– ဘယ်နေ့မှာ
– ဘယ်လောက်ကြာအောင်ခေါင်းကိုက်သွားတယ်
– ဘယ်လိုပုံစံနဲ့ ခေါင်းကိုက်တယ်
– ခေါင်းမကိုက်ခင်နဲ့ခေါင်းကိုက်နေစဥ်အတွင်း တခြားခံစားရသောလက္ခဏာများ
– တစ်လမှာဘယ်နှစ်ကြိမ် ခေါင်းကိုက်တယ်
ရေးမှတ်ခြင်းအားဖြင့် ကုသရေးအတွက်ရော၊ ရောဂါအတိအကျသိရှိရေးအတွက်ပါ အထောက်အကူပြုပါတယ်။

✔️ တစ်လကိုနှစ်ကြိမ်နဲ့အထက် ခေါင်းကိုက်နေရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ တခြားလိုအပ်တဲ့ဆေးတွေ သောက်ရပါမယ်။

❌ Migraine ခံစားနေရသောအမျိုးသမီးများဟာဆိုရင် ကိုယ်ဝန်တားဆေးမသောက်သင့်ပါ။
( တားဆေးက ရှေ့ပြေးလက္ခဏာဖြစ်တဲ့ ခြေလက်လေးတာ၊ လှုပ်လို့မရတာကို လှုံဆော်ပေးလို့ပါ )

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.306
OHCM 10th edition pg 458

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.