လူနာတွေဟာ အစာအိမ်မှန်ပြောင်းကြည့်ရမယ်ဆိုရင် မကြည့်ခင်ကတည်းက အတော်ကြောက်ကြတယ်။ အားတွေလည်း အတော်ယူကြရရှာတာ တစ်ခါကြည့်ဖို့ကို။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော…

တစ်ခါတလေမှာ အားယူနေရင်းနဲ့ မကြည့်ဖြစ်တဲ့အခါ တချို့အရေးကြီးတဲ့ ရောဂါတွေလွတ်သွားတတ်ပါတယ်။ မှန်ပြောင်းကြည့်ပြီး စောစောသိပြီးကုရမယ့်ရောဂါဟာ ဗိုက်ပေါ်မှာ အလုံးအကျိတ်စမ်းမိမှ ကုသရတာမျိုးတွေ ဖြစ်လာတဲ့အခါ လူနာကိုယ်တိုင်အတွက် အရမ်းနစ်နာပါတယ်။ စောစောကြည့်တာနဲ့ အချိန်နှောင်းမှကြည့်တာ ရလဒ်တွေမတူပါဘူး။ ရောဂါကို စောစောသိပြီး ကာကွယ်လိုက်နိုင်ရင် အရမ်းအကျိုးရှိပါတယ်။

ဒါကြောင့် အစာအိမ်မှန်ပြောင်းနဲ့ ပတ်သက်ပြီး ကြိုတင်သိသင့်တာလေးတွေကို တင်ပြလိုက်ရပါတယ်။

ဘာတွေ အကျိုးရှိသလဲ

အစာအိမ်မှန်ပြောင်းကြည့်ရင် ပါးစပ်ကနေစပြီး အစာရည်မျိုပြွန် (oesophagus)၊ အစာအိမ် (stomach) နဲ့ အူသိမ်ဦးပိုင်း/ အစာအိမ်ထွက်ပေါက်အလွန်နား (duodenum)စတဲ့နေရာတွေမှာ ရောင်တာ၊ အနာဖြစ်တာ၊ အကျိတ်ဖြစ်တာ၊ သွေးကြောထုံးတာ၊ သွေးထွက်တာစတဲ့ရောဂါတွေဖြစ်ရင် မြင်ရတွေ့ရပါတယ်။

ဒါ့အပြင် လိုအပ်ရင် ရောဂါရှာဖွေရေးအတွက် အသားစ( biopsy)ယူလို့ရသလို၊ သွေးကြောထုံး‌တွေ၊ အစာအိမ်သွေးကြောပေါက်ပြီး သွေးထွက်တာတွေအတွက်လည်း သားရေကွင်းပစ်တာ( endoscopic variceal ligation)၊ ဆေးထိုးတာ( glue injection) (သို့) ကလစ်ညှပ်တာ (clipping)စတဲ့ ကုသမှုတွေပါ တစ်ခါတည်း ပေးလို့ရပါတယ်။

အဲဒါတွေလုပ်ရင် နာကျင်မှာလား

မနာကျင်ပါဘူး။ အရင်ခေတ်က ထုံဆေးပဲ သုံးပါတယ်။ ခုခေတ်မှာတော့ အိပ်ဆေးပါသုံးပေးလို့ လူနာက ကြည့်တာတောင် မသိလိုက်ပါဘူး။ ပိုက်ဆံတော့ နည်းနည်း ပိုကုန်ကျနိုင်ပါတယ်။

အစာအိမ်မှန်ပြောင်းကြည့်တာဟာ ကြီးကြီးမားမားမဟုတ်ပဲ ၊ မှန်ပြောင်းအရွယ်က လက်သန်းလုံးလောက်ပါ။ မှန်ပြောင်းကြည့် ပြီးရင်အိမ်ပြန်လို့ရပါတယ်။ သားရေကွင်းပစ်ရတဲ့သူလောက်သာ တစ်ခါတလေ ဆေးရုံတက်ဖို့လိုတာပါ။ ကျန်လူနာတွေက မလိုတာများပါတယ်။

ပုံမှန်အားဖြင့် (၅)မိနစ် (၁၅)မိနစ်ပါပဲ။ သားရေကွင်းပစ်ရရင် ၊ ဆေးထိုးရရင် ၊ ကလစ်ညှပ်ရရင် တစ်ခါတလေ နာရီ၀က် တစ်နာရီလောက်ကြာပါတယ်။ လူနာအတွက် ခံနိုင်ရည်ရှိတဲ့ အပန်းမကြီးတဲ့ လုပ်ဆောင်မှုပါ။

ဆရာ၀န်က ဘယ်လိုအခါတွေမှာ အစာအိမ်မှန်ပြောင်းကြည့်ဖို့ အကြံပေးမလဲ

အကြမ်းအားဖြင့်…
(၁) ဗိုက်အောင့်တဲ့အခါ(ရင်ညွန့်နားတဝိုက်)
(၂) အသက်၄၀ကျော်အရွယ် အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့အခါ
(၃) ရင်ပူ/စားချဉ်ပြန်တဲ့အခါ
(၄) ခဏခဏပျို့တာ အန်တာကို ဆေးနဲ့ထိန်းလို့မရတဲ့အခါ
(၅) အစာမျိုရခက်၊ အစာနင်တဲ့အခါ
(၆) သွေးအန်/ ကော်ဖီရောင်တွေအန်တဲ့အခါ
(၇) နှလုံးရောဂါမရှိဘဲ ရင်ဘတ်အောင့်တဲ့အခါ
(၈) ၀မ်းအမည်းရောင် (ကတ္တရာစေးလို)သွားတဲ့အခါ
(၉) အစာအိမ်ကင်ဆာဖြစ်ဖို့ အလားအလာရှိနေတဲ့အခါ (Surveillance)
(၁၀) ရောဂါကို ဆေးပေးအပြီး သက်သာလားပြန်ကြည့်တဲ့အခါ
(၁၁) အရာ၀တ္ထုပစ္စည်းတစ်ခုခု မျိုမိသွား ၊ ၀င်သွားတဲ့အခါတွေမှာ မှန်ပြောင်းကြည့်ဖို့ လိုနိုင်ပါတယ်။

မှန်ပြောင်းကြည့်ဖို့ ဘာတွေလုပ်ရမလဲ ၊ စိတ်ထဲဘယ်လိုပြင်ဆင်ထားရမလဲ?

– အရင်ဆုံးမှန်ပြောင်းကြည့်ရမယ့် ဆေးရုံဆေးခန်းရောက်ရင် လူနာမှတ်ပုံတင် စာအုပ်လုပ်ပြီး ရောဂါအကြောင်း အနည်းငယ်မေးပါလိမ့်မယ်။ ဆေးထိုးဖို့ အရန်သင့်ဖြစ်အောင် လက်မှာ ပလတ်စတစ်အပ်ကလေး ခဏထည့်ထားပါမယ်။ လိုအပ်တဲ့ဆေးတချို့ ပေးပါလိမ့်မယ်။

– မှန်ပြောင်းကြည့်ခါနီးကျ လူနာအနေအထားကို ပုံပါအတိုင်း ဘေးတစောင်းထားကြပါတယ်။

– ပြီးရင် ပါးစပ်ဟခိုင်းပြီး အာခေါင်ကို ထုံဆေးလေး ဖျန်းပေးပါတယ်။ အဲ့ထုံဆေးက ခါးပါတယ်။ ဒါပေမယ့် မျိုသာချလိုက်ပါ။ ထုံဆေးမို့ မှန်ပြောင်းထည့်တဲ့အချိန် ပျို့တာ အန်တာ မဖြစ်စေပါဘူး။

– နောက်ပြီး အိပ်ဆေး၊ အနာသက်သာဆေး၊ အူမညှစ်တဲ့ဆေးတို့ကို လိုအပ်သလို ထိုးပေးလိုက်ပြီးရင် ပါးစပ်မှာ plastic mouthpiece (ပုံပါအတိုင်းလေး) ကိုက်ခိုင်းထားပြီး မှန်ပြောင်း စထည့်ပါတယ်။ အိပ်ပျော်သွားပြီး သိတောင် သိလိုက်မှာမဟုတ်ပါဘူး။ နိုးတဲ့အချိန်မှာတော့ ကြည့်ပြီးသွားပြီပေါ့ ????

– ထုံဆေးနဲ့ကြည့်တဲ့လူနာဆိုရင်လည်း မျိုချပေးပါလို့ ပြောတဲ့ အချိန်လေးမှာ မျိုချပေးလိုက်ရင် ရပါပြီ။

နောက်ဆက်တွဲ ဆိုးကျိုးတွေရှိသလား

ပုံမှန်အူတွေက ပြားပြားလေး ကပ်နေတာပါ။ ခုမှန်ပြောင်းထည့်တော့ အူနံရံတွေမြင်ဖို့အတွက် လေထိုးထည့် ၊ အူဖောင်းအောင်လုပ်ပြီးကြည့်ရပါတယ်။ လေထိုးတဲ့အချိန်ဗိုက်လေး နည်းနည်းတော့ တင်းပါတယ်။ မကြောက်ပါနဲ့။ မှန်ပြောင်းပြန်ထုတ်တဲ့အချိန်မှာ လေတွေ ပြန်စုပ်ထုတ်ပေးသွားတဲ့အတွက် အဆင်ပြေပါ‌တယ်။

ကျန်တာကတော့ ဆရာ၀န်က သူလိုအပ်သလို ဆက်လုပ်မှာပါ။ မှန်ပြောင်းကြည့်နေချိန်မှာလည်း အောက်ဆီဂျင်တွေ ၊ နှလုံးခုန်နှုန်းတွေကို စောင့်ကြည့်ပါတယ်။

အိပ်ဆေးထိုးပြီး ကြည့်တဲ့သူတွေနိုးတဲ့အခါ၊ ထုံဆေးသမားဆိုလည်း ကြည့်ပြီးတာနဲ့ မှန်ပြောင်းရဲ့အဖြေကို ဆရာ၀န်ကဆွေးနွေးပေးပါလိမ့်မယ်။ ပြီးရင် အများအားဖြင့် အိမ်ပြန်လို့ရပါပြီ။ အိမ်မှာတော့ ခဏနားပေးပါ။

လေထည့်ပြီးကြည့်ထားတာမို့ ကြည့်အပြီးမှာ လေချဉ်တက်တာ၊ လေပွတာ၊ လေလည်တာတွေဖြစ်နိုင်ပါတယ်။ ထုံဆေးအာခေါင်ကို ဖျန်းထားတာမို့ မှန်ပြောင်းကြည့်ပြီး တစ်နာရီကြာမှ အရည်စသောက်သင့်ပါတယ်။ မဟုတ်ရင် သီးနိုင်ပါတယ်။

ဘာတွေစားလို့ရမလဲဆို‌တာကိုတော့ ဆရာ၀န်ကို တခါတည်းမေးခဲ့လိုက်ပါ။ တစ်ခါတရံ လေနာရောဂါအတွက် အသားစယူပြီး အစာအိမ်ပိုးရှိမရှိ ပိုးမွေးတာလည်း ရှိနိုင်ပါတယ်။ အဲတာဆို ညွှန်ကြားထားတဲ့အချိန်မှာ အရောင်ပြောင်းမပြောင်းကြည့်ဖို့ မမေ့ပါနဲ့။

အခုဖော်ပြပါ ပြင်ဆင်သင့်တာတွေကို ဖတ်ကြည့်ပြီး နားလည်မယ်ဆိုရင်တော့ အစာအိမ်မှန်ပြောင်းကြည့်တာဟာ လူနာ အကြီးအကျယ်ပင်ပန်းစေတဲ့ ရောဂါရှာဖွေနည်း မဟုတ်ကြောင်း နားလည်လက်ခံမယ်လို့ ယူဆပါတယ်။ ဒါကြောင့် ဆရာ၀န်က ညွှန်ကြားတဲ့အခါ (သို့) မိမိကိုယ်တိုင် အပေါ်က (၁၁)ချက်ထဲက တစ်ခုခုကို ခံစားရတဲ့အခါ ဆရာ၀န်နဲ့ပြသတိုင်ပင်ပြီး လိုအပ်ပါက အစာအိမ်မှန်ပြောင်းကြည့်ဖို့ကို မတွန့်ဆုတ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

*** ရောဂါကို စောစောစီးစီးရှာဖွေသိရှိကြပြီး လူတိုင်းကျန်းမာကြပါစေ ***

Reference:
John Hopkins Medicine.(n.d.).Esophagogastroduodenoscopy (EGD).

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.