ဝမှာကြောက်သူတွေသုံးသင့်တဲ့ ကိုယ်ဝန်တားနည်းများ
ကိုယ်ဝန်တားနည်းတစ်ခုခုသုံးတော့မယ်ဆိုရင် လူအများစုမေးတတ်တာက “ဝ လာမှာလား”ဆိုတဲ့မေးခွန်းပါ…..
တကယ်တမ်းတော့ ကိုယ်ဝန်တားတိုင်း မဝပါဘူး။
အထူးသဖြင့် ဟော်မုန်းမပါတဲ့ ကိုယ်ဝန်တားနည်းတွေက လုံးဝကို မဝစေပါဘူး။ ဟော်မုန်းပါတဲ့ သုံးလခံထိုးဆေး၊ ဆေးကဒ်၊ လက်မောင်းထဲထည့်တဲ့နည်း သုံးတဲ့သူတွေမှာတော့ အနည်းနဲ့အများ ဝ လာနိုင်ခြေရှိပါတယ်။
အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစတိုဂျင် နဲ့ ပရော်ဂျက်စတုန်းလို့ခေါ်တဲ့ဟော်မုန်းတွေကို အခြေခံပြီး ဟော်မုန်းပါတဲ့ ကိုယ်ဝန်တားနည်းတွေကို ထုတ်ထားတာပါ။ ဥပမာအားဖြင့် တားဆေးကဒ်မှာဆိုရင် ဟော်မုန်းနှစ်မျိုးလုံးပါတဲ့ကဒ်ရှိသလို တမျိုးပဲပါတဲ့ကဒ်ရှိပါတယ်။ ဟော်မုန်းတွေက အစားစားချင်စိတ်ကိုလှုံဆော်ပေးတာ၊ ခန္ဓာကိုယ်ကနေရေဓါတ်ကို ပိုပြီးဆွဲယူတာစတဲ့ အာနိသင်တွေရှိတဲ့အတွက် အစာစားချင်စိတ်ဖြစ်တိုင်းစားနေမယ်၊ ကိုယ်လက်လှုပ်ရှားမှုနည်းမယ်ဆိုရင်တော့ ဝလာနိုင်ပါတယ်။
ကိုယ်ဝန်တားနည်းတွေသုံးတာမဟုတ်ဘဲ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီထက်အများကြီးပိုစားဖြစ်ရင်လဲ ဝလာနိုင်ပါတယ်။ ကိုယ်ဝန်တားပြီး ဝတယ်ဆိုတာ ဟော်မုန်းအာနိသင်ထက် ကိုယ့်ရဲ့ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုပေါ် ပိုပြီးမူတည်ပါတယ်။
ဟော်မုန်းမပါတဲ့ ကိုယ်ဝန်တားနည်းတွေပဲသုံးချင်တယ်ဆိုရင်တော့ ကွန်ဒုံး၊ သားအိမ်ထဲပိုက်ထည့်တာမျိုးသုံးနိုင်ပါတယ်။ အားသာချက်ကတော့ ဝတာ၊ ပိန်တာလုံးဝမဖြစ်စေပါဘူး။ ဟော်မုန်းနဲ့ပတ်သတ်တဲ့ ဘေးထွက်အာနိသင်တွေ မခံစားရပါဘူး။
- ကွန်ဒုံး
- အမျိုးသားသုံးကွန်ဒုံးနဲ့ အမျိုးသမီးသုံးကွန်ဒုံးဆိုပြီးနှစ်မျိုးရှိပါတယ်။
- လိင်ဆက်ဆံတဲ့ အကြိမ်တိုင်း စနစ်တကျ၊ မှန်မှန်ကန်ကန် သုံးတတ်ဖို့လိုအပ်ပါတယ်။
- သားအိမ်တွင်းထည့်ပစ္စည်း•
- သားအိမ်တွင်းထည့် ပစ္စည်းမှာ ဟော်မုန်းပါတာနဲ့ မပါတာဆိုပြီး ၂ မျိုးရှိပါတယ်။
- Copper IUD ကသာ ဟော်မုန်းမပါတာပါ။
- အရှည် လက်တစ်ဆစ်လောက်ရှိတဲ့ သွားကြားထိုးတံလို ပလပ်စတစ်ချောင်းအပျော့လေးမှာ ကြေးနီနန်းကြိုးမျှင်မျှင်လေးပတ်ထားတာပါ။ အဓိကအားဖြင့် သားဥနဲ့ သုတ်ပိုးတွေကို မတွေ့နိုင်အောင်၊ ကိုယ်ဝန်မတွယ်အောင် ဟန့်တားပေး ခြင်းဖြစ်ပါတယ်။
- အမျိုးအစားပေါ်မူတည်ပြီး တစ်ကြိမ်ထည့်ထားရင် (၅)နှစ်ကြာကိုယ်ဝန်တားနိုင်တာရယ်၊ (၁၀) နှစ်ကြာကိုယ်ဝန်တားနိုင်တာရယ်ဆိုပြီး အမျိုးအစား ၂ မျိုးရှိပါတယ်။ အထူးကောင်းကျိုးအနေနဲ့ နှစ်မပြည့်သေးခင် ကလေးလိုချင်ရင်လဲ ဟော်မုန်းမပါတဲ့အတွက်ကြောင့် အချိန်စောင့်စရာမလိုဘဲ သန္ဓေတားပစ္စည်းကို ထုတ်ပြီးတာနဲ့ ကိုယ်ဝန်ချက်ခြင်းပြန်ရနိုင်ပါတယ်။
ရက်ရှောင်နည်း၊ သုတ်ရည်အပြင်ထုတ်နည်းစတဲ့ သဘာဝနည်းတွေကတော့ ကိုယ်ဝန်ရသွားနိုင်ခြေများပါတယ်။
အထူးကုဆရာဝန်ကြီးတစ်ဦးတယ်လီကျန်းမာမိသားစု
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
လှူဒါန်းရန်-https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.