နှလုံးခုန် စည်းချက်မမှန်ခြင်း ( Atrial Fibrillation )

နှလုံးခုန် စည်းချက်မမှန်တဲ့ရောဂါတွေထဲမှာ Atrial Fibrillation ( A Fib )ဟာ အင်မတန်မှအတွေ့ရများတဲ့ ရောဂါတစ်ခုပါ။

ဒီရောဂါရဲ့ အဆိုးဆုံး နောက်ဆက်တွဲဆိုးကျိုးတွေကတော့
(၁) လေဖြတ်ခြင်း နဲ့
(၂) နှလုံးညှစ်အားနည်းခြင်း/ နှလုံးအားနည်းခြင်း ( Heart Failure )တို့ပဲ ဖြစ်ပါတယ်။

ဘာကြောင့် လေဖြတ်ရတာလဲ ??

နှလုံခုန်စည်းချက်မမှန်ခြင်း ( A Fib )ကြောင့် နှလုံးရဲ့အခန်းတစ်နေရာမှာ သွေးခဲလေးတွေ ဖြစ်ပေါ်လာပါတယ်။ ဒီသွေးခဲလေးတွေဟာ နှလုံးထဲကနေပြုတ်ထွက်ပြီး ဦးနှောက်ရဲ့သွေးကြောတစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုတဲ့သွေးကြောတွေကို သွားပိတ်မိတဲ့အခါမှာ လေဖြတ်ပါတော့တယ်။

ဦးနှောက်သွေးကြော နှစ်ခု သုံးခုကို သွားပိတ်နိုင်တာကြောင့် ၊ ( A Fib )ကြောင့်ဖြစ်တဲ့လေဖြတ်ခြင်းဟာ သာမာန်လေဖြတ်ခြင်းထက် ပိုမိုဆိုးရွားနိုင်ပါတယ်။

နှလုံးညှစ်အားနည်းခြင်း

နှလုံးခုန်စည်းချက်မမှန်ခြင်း ( A Fib )ကို မကုသ/မထိန်းချုပ်ဘဲထားလိုက်ရင်တော့ နှလုံးခုန်မမှန်ရုံသာမက ၊ နှလုံးခုန်မြန်လာပြီး နှလုံးညှစ်အားနည်းခြင်းလည်း ဖြစ်ပေါ်လာပါတယ်။

နှလုံးညှစ်အားနည်းပြီဆိုရင်တော့…

  • မောပန်းခြင်း
  • အသက်ရှူမဝခြင်း
  • ခြေလက်များဖောရောင်ခြင်း
  • ရင်ဘတ်အောင့်ခြင်း နဲ့
  • မူးဝေခြင်း/မူးလဲခြင်းတို့ကို ခံစားရနိုင်ပါတယ်။

A Fibက ဘယ်လိုလက္ခဏာတွေပြသလဲ ??

နှလုံးခုန်စည်းချက်မမှန်ခြင်း(A Fib)ဖြစ်နေတဲ့ လူနာအများစုဟာ ယေဘုယျအားဖြင့် အစောပိုင်းမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ လူနည်းစုမှာသာ ရင်တုန်တာမျိုး ၊ ရင်တလှပ်လှပ်ခုန်နေတာမျိုး ခံစားရတတ်ပါတယ်။

ဘယ်လိုလူတွေမှာ A Fib အဖြစ်များသလဲ ??

အောက်ဖော်ပြပါရောဂါရှိနေသူတွေမှာ အတွေ့ရများတတ်ပါတယ်

(၁) သိုင်းရွိုက်ရောဂါ
(၂) သွေးတိုးရောဂါ
(၃) ဆီးချိုရောဂါ
(၄) အဆုတ်ပွရောဂါ
(၅) အိပ်ပျော်ရင်း အသက်ရှူခဏရပ်သောရောဂါ ( Obstructive Sleep Apnoea )

ဒါ့အပြင် ဆေးလိပ်သောက်သုံးသူတွေနဲ့ အရက်အလွန်အကျွံသောက်သူတွေမှာလည်း နှလုံးခုန်စည်းချက်မမှန်ခြင်း ( A Fib ) အဖြစ်များတာ တွေ့ရပါတယ်။

????ဒါကြောင့် အထက်ပါရောဂါလက္ခဏာ ခံစားနေရသူများအနေနဲ့

(၁) နားလည်တတ်ကျွမ်းသောဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပါ

(၂) ECG ဆွဲကြည့်ရုံနဲ့ A Fib ရှိ / မရှိ မသိနိုင်ပါ။
( A Fibဟာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတတ်တာမို့ ၊ A Fib မရှိချိန် ECGဆွဲကြည့်ရင် normalဖြစ်နေတတ်ပါတယ် )

(၃) ဒါ့ကြောင့် 24hour Holter Monitorလိုမျိုးတပ်ဆင်ပြီး တစ်ရက် (သို့) တစ်ပတ် (သို့) လေးပတ်အထိ မိမိရဲ့နှလုံးခုန်ပုံကို စောင့်ကြည့်ရတာမျိုး လိုအပ်နိုင်ပါတယ်။ တစ်ခါတရံ တစ်နှစ်လောက်အထိ ရက်ရှည်Monitorတစ်မျိုးမျိုးနဲ့ မကြာခဏစောင့်ကြည့်ရတာမျိုးလည်း ရှိတတ်ပါတယ်။

(၄) နှလုံးဓါတ်မှန်လို့ခေါ်တဲ့ Echocardiography ရိုက်သင့်ပါတယ်

(၅) လိုအပ်တဲ့ တခြားသွေးစစ်ဆေးမှုတွေလည်း ပြုလုပ်သင့်ပါတယ်

????ကုသခြင်း

နှလုံးခုန်စည်းချက်မမှန်ခြင်း ( A Fib )ဟာ ကုသရလွယ်ပြီး ဆေးဝါးများလည်း အလွယ်တကူရှိပါတယ်။

အဓိကအားဖြင့်

  • သွေးမခဲအောင် သွေးကျဲဆေး သောက်ရပါမယ်။ ဒါမှသာ ဦးနှောက်သွေးကြောပိတ်ပြီး လေမဖြတ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
  • နှလုံးခုန်နှုန်းထိန်းဆေး သောက်ရပါမယ်
  • နှလုံးစည်းချက်မှန်ဆေး သောက်ရပါမယ်

????ကာကွယ်ခြင်း

( A Fib )မဖြစ်အောင် ကာကွယ်ဖို့အတွက်ဆိုရင်တော့ အထက်မှာဖော်ပြထားတဲ့ရောဂါတွေကို ကောင်းမွန်စွာ ထိန်းချုပ်ကုသထားးဖို့ လိုအပ်ပါတယ်။ သွေးတိုး ၊ ဆီးချိုကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်မယ် ၊ တခြားရောဂါတွေကိုလည်း ကောင်းမွန်စွာကုသမှုှုခံယူထားမယ်ဆိုရင် ( A Fib )ဖြစ်ဖို့ အလားအလာနည်းသွားမှာ ဖြစ်ပါတယ်။

ဆေးလိပ်သောက်သုံးသူတွေကလည်း ဆေးလိပ်ဖြတ်ဖို့လိုသလို ၊ အရက်သောက်သူတွေလည်း အရက်ဖြတ်ဖို့ လိုပါတယ်။

ဒါ့အပြင် အထက်မှာဖော်ပြထားတဲ့ ဝေဒနာလက္ခဏာတွေ မိမိမှာ ခံစားနေရပြီလားဆိုတာကို မကြာခဏဆန်းစစ်ကြည့်ခြင်းအားဖြင့်လည်း ( A Fib )ကို စောစောသိနိုင်ပြီး စနစ်တကျရှာဖွေကုသနိုင်ိုင်မှာ ဖြစ်ပါတယ်။

*** အချုပ်အားဖြင့် နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း ( A Fib )ဟာ အတွေ့ရများတဲ့ရောဂါတစ်ခုဖြစ်ပြီး ၊ မိမိမှာ ဒီရောဂါရှိ/မရှိ သိနိုင်ဖို့အတွက် စနစ်တကျစစ်ဆေးဖို့ လိုအပ်ပါတယ်။ ရောဂါရှိလာခဲ့ပြီဆိုရင်လည်း စနစ်တကျကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ရလေအောင် ကာကွယ်နိုင်မှာဖြစ်ပါကြောင်း အသိပေးအပ်ပါတယ် ***

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.