ကလေးများတွင်ဖျားပြီး အနီစက်ထွက်ခြင်း

ဖျားပြီး အ​ရေပြားမှာ အနီစက်တွေ ၊ အကွက်တွေ ထွက်တာဟာ က​လေးငယ်​တွေမှာအဖြစ်များပြီး မိဘ​တွေကလဲ စိတ်ပူတတ်ကြပါတယ်။ အများစုက​​တော့ virus ပိုး​​​တွေ​ကြောင့်ဖြစ်တတ်ပြီး အန္တရာယ်မ​ပေးတတ်ပါဘူး။

ဖျား​ပေမယ့် က​လေးကလန်းဆန်းမယ်၊ အစား​ပုံမှန်ဝင်မယ်၊ အရည်/နို့​ကောင်း​ကောင်းဝင်မယ်၊ ကစားနိုင်မယ်၊ အိပ်နိုင်မယ်ဆိုရင် စိတ်ပူစရာမလိုပါဘူး။ အဲ့ဒီလို အန္တရာယ်မရှိတဲ့ အနီစက်​တွေဟာ ဖန်ခွက်/ဖန်ပြား (သို့မဟုတ်) ပလတ်စတစ်ခွက်အကြည်နဲ့ ဖိကြည့်မယ်ဆိုရင် သိသိသာသာ အ​ရောင်မှိန်လာတာ (သို့မဟုတ်) ပျောက်သွားတာကို ​တွေ့ရမှာပါ။ Glass testလို့ ​ခေါ်ပါတယ်။ မိဘ​တွေအ​နေနဲ့ အိမ်မှာလုပ်ကြည့်လို့ရပါတယ်။

ဒါ​ပေမယ့် တချို့​သော အနီစက်တွေ ၊ အကွက်တွေက​​တော့ လူကိုအန္တရာယ်​ပေးနိုင်တဲ့ရောဂါ​​တွေ​ကြောင့် ဖြစ်တတ်ပါတယ်။ ဖန်ပြား/ဖန်ခွက်နဲ့ ဖိကြည့်ရင် အဲ့ဒီအနီစက်​တွေဟာ ​​​ပျောက်မသွားတာကို ​တွေ့ရပါမယ်။

????အန္တရာယ်​ပေးနိုင်တဲ့​ရောဂါ​တွေထဲကမှ မြန်မာပြည်မှာအဖြစ်များတဲ့ ရောဂါ​တွေက​တော့

(၁) သွေးလွန်တုပ်​ကွေး

​သွေးလွန်တုပ်​ကွေး​ရောဂါမှာ အ​ရေပြား​အောက်မှာ ​သွေးထွက်တာကြောင့် အနီစက်​တွေထွက်ပါတယ်။ အဖျားကျ​ပေမယ့် က​လေးက မှိန်းတယ်၊ သွားဖုံး​သွေး/နှာ​ခေါင်း​သွေးယိုတယ်၊ ​ခြေဖျားလက်ဖျား​အေးပြီး ဆီးသွားနည်းတယ်ဆိုရင် အနီးဆုံး ​ဆေးရုံ/​ဆေးခန်းကို သွားပြဖို့ လိုပါတယ်။

(၂) Meningococcal meningitis/ meningococcaemia လို့​​ခေါ်တဲ့ ဦး​နှောက်အ​မြှေးရောင်​​ရောဂါ/​သွေးဆိပ်တက်​ခြင်း

က​​လေးက ဖျားပြီး အနီစက်​တွေထွက်ပါတယ်၊ မှိန်းတယ်၊​ ခေါင်းကိုက်တယ်(တချို့က​လေးအကြီး​တွေက ပြောပြတတ်ပါတယ်)၊ ​တက်တယ်၊ ​ခြေဖျား လက်ဖျား​အေးပြီး ဆီးနည်းတာ စတဲ့ ​သွေးလန့်တဲ့ လက္ခဏာ​တွေ​ တွေ့ရတတ်ပါတယ်။ အသက်အန္တရာယ်ရှိနိုင်တဲ့ရောဂါဖြစ်လို့ ဆေးရုံကိုအမြန်ဆုံး​ခေါ်သွားဖို့ လိုပါတယ်။

(၃) ဝက်သက်

ဖျားပြီး နှာ​စေး၊​ ချောင်းဆိုး၊ မျက်စိ​တွေနီရဲပြီး ( ၂-၃ )ရက်​လောက်အကြာမှာ မျက်နှာကစပြီး အနီစက်​တွေထွက်ပါတယ်၊။ နောက် ( ၁-၂ )ရက်အတွင်း တစ်ကိုယ်လုံးကို ပျံ့သွားပါတယ်။ ဝက်သက်​ပေါက်ပြီးရင် အဆုတ်​ရောင်တာ၊ ဝမ်း​လျှောတာ​တွေဖြစ်တတ်ပါတယ်။ နဂိုကတည်းက အာဟာရချို့တဲ့တဲ့က​လေးတွေမှာ ပိုဆိုးတတ်ပါတယ်။

????အသက်အန္တရာယ်မ​ရှိ​ပေမယ့် သတိထားသင့်တဲ့ ​ရောဂါ​တွေက​တော့

(၁) Hand foot mouth disease

သူကလည်း virus တစ်မျိုး​ကြောင့်ဖြစ်တာပါ။ နာမည်အတိုင်းပါပဲ ဖျားပြီး လက်ဖဝါး၊ ​ခြေဖဝါး နဲ့ ပါးစပ်ထဲမှာ အနီစက်​တွေ၊ အရည်ကြည်ဖု​တွေ ​ပေါက်တတ်ပါတယ်။ အသက်အန္တရာယ်မရှိ​ပေမယ့် ပါးစပ်ထဲကအနာ​​တွေ​ကြောင့် နာပြီး က​လေးက အစာမစားနိုင်ဖြစ်တတ်ပါတယ်။ အဖျားကျဖို့နဲ့ အနာသက်သာဖို့ Paracetamol ​ပေးပြီး အရည်များများဝင်​အောင် တိုက်ရပါမယ်။

(၂) ရေ​ကျောက်

ဖျားပြီး ( ၁-၂ )ရက်​နေရင် ခန္ဓာကိုယ်မှာ အရည်ကြည်ဖု​တွေ စထွက်ပီး ယားပါတယ်။ ပြီးမှ မျက်နှာနဲ့ ​​ခြေ လက်​တွေကို ပျံ့ပါတယ်။ အဖျားကျ​အောင် Paracetamol တိုက်လို့ရပါတယ်။ အစား ပုံမှန်​ကျွေးပြီး ရေလည်းချိုး​ပေးလို့ရပါတယ်။ အရည်ကြည်ဖု​တွေကို ​ဖောက်ပစ်တာမျိုးမလုပ်ရပါဘူး။ ပိုးဝင်သွားတတ်ပါတယ်။

*** ဖျားပြီး အနီစက်ထွက်တဲ့ရောဂါတွေထဲကမှ အဖြစ်များတဲ့ရောဂါအနည်းအကျဥ်းအကြောင်းကို ဆွေးနွေးတင်ပြပေးထားတာပါ။ မိဘတွေအနေနဲ့ ဆောင်းပါးထဲမှာပါဝင်တဲ့ ဂရုပြုရမယ့်အချက်လေးတွေကို သေချာသိရှိလိုက်နာပေးခြင်းအားဖြင့် ရင်သွေးငယ်တွေရဲ့အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာပါ ***

❤️ကလေးငယ်များအားလုံး ကျန်းမာရွှင်လန်းကြပါစေ❤️

❤️NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.