ရေယုန် / ခါးပတ်ရေယုန်

❓ ဘာကြောင့်ဖြစ်တာလဲ

ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်တာပါ။ အများအားဖြင့်တော့ ကိုယ်ခန္ဓာတစ်ခြမ်းမှာ အနီပြင်တွေပတ်ပြီးဖြစ်တတ်လို့ ခါးပတ်ရေယုန်လို့ ခေါ်လေ့ရှိပြီး ခန္ဓာကိုယ်တခြားနေရာတွေမှာဖြစ်ရင် ရေယုန်လို့ခေါ်ကြပါတယ်။

❓ ဘယ်လိုဖြစ်တာလဲ

ရေကျောက်ဖြစ်ဖူးတဲ့သူဆိုရင် ဗိုင်းရပ်ပိုးက ကိုယ်ခန္ဓာထဲကို တခါဝင်ပြီးရင် တစ်သက်လုံးမပျောက်တော့ဘဲ ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးရဲ့ တစ်နေရာမှာ ဗိုင်းရပ်စ်ပိုးက ဝင်အောင်းနေလေ့ရှိပြီး စိတ်ပင်ပန်းချိန်၊ ကိုယ်ခံအားကျဆင်းတဲ့ အချိန်မျိုးတွေမှာ ရေယုန်အနေနဲ့ ငုပ်နေရာက ပေါ်လာတတ်ပါတယ်။

ရေကျောက်မဖြစ်ဘူးသူ/ ကာကွယ်ဆေးလဲထိုးမထားသူတွေမှာတော့ ရေယုံဖြစ်နေသူရဲ့အရည်ကြည်ဖုထဲက အရေတွေနဲ့ ထိမိရင်ကူးနိုင်ပါတယ်။

❓ ဘယ်နေရာတွေမှာဖြစ်လဲ

ခန္ဓာကိုယ် ဘယ်နေရာမဆိုဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓာတစ်ခြမ်းမှာပဲဖြစ်ပါတယ်။

အဖြစ်အများဆုံးကတော့

-နို့အုံအောက်
-ဝမ်းဗိုက်
-မျက်နှာ

???? ရောဂါလက္ခဏာများ

၁။ သာမာန်နာကျင်မှုနဲ့မတူတဲ့ စူးရှတဲ့နာကျင်မှုမျိုး

– အပေါ်မှာရှင်းပြထားသလိုဘဲ ဗိုင်းရပ်ပိုးက အောင်းနေရာကတဆင့် ပြန်ကြွလာတဲ့ အချိန်မျိုးတွေမှာ အာရုံကြောတလျောက် ပွားပြီးဆင်းလာတဲ့အတွက်

သာမာန်နာကျင်မှုနဲ့မတူတဲ့ စူးရှတဲ့နာကျင်မှုမျိုးခံစားရတတ်ပါတယ်။
– မီးစနဲ့ထိုးသလို၊ ဓါးနဲ့ ထိုးသလိုအထိ ခံစားရတတ်ပါတယ်။
– ဗိုင်းရပ်စ်ပွားတာပေါ်မူတည်ပြီး တချို့ကတော့ နည်းနည်းပါးပါးပဲ ခံစားရတတ်ပါတယ်။

ကြာချိန်

– အနီပြင်တွေမပေါ်ခင် နာတာစတတ်ပြီး အရေကြည်ဖုတွေပေါက်သွားပြီး ၁ ပတ်ကနေ ၁ လလောက်အထိ ဆက်နာနေတတ်ပါတယ်။

ထူးခြားချက်

ရေယုန်ပေါက်ပြီး အာရုံကြောနာကျင်မှု

တချို့တွေမှာတော့ ရေယုန်ပေါက်ပြီးနောက်ဆက်တွဲအနေနဲ့စူးရှနာကျင်နေမှုက ၃ လလောက်အထိ ကျန်နေတတ်ပါတယ်။ အပြင်မှာ ဘာရောဂါလက္ခဏာမှမရှိတော့ပေမယ့်

လက်ကလေးနဲ့ သပ်ချလိုက်မိရင်/ အင်္ကျီအဝတ်အစားနဲ့ ပွတ်မိရင်တောင် စူစူးရှရှနာကျင်မှုကို ခံစားရတတ်ပါတယ်။

ရေယုန်ပေါက်ပြီး အာရုံကြောနာကျင်မှု လို့ခေါ်ပါတယ်။

၂။ အနီပြင်၊ အရည်ကြည်ဖုများ

– ယားယံတဲ့ အနီပြင်၊ အရည်ကြည်ဖု၊ အရည်တရွှဲရွှဲနဲ့ အနာပေါက်တွေ၊ အနာဖေးတက်နေတဲ့ အနာတွေစသဖြင့် တပြိုင်ထဲမြင်ရနိုင်ပါတယ်။
– ၁၀ရက် – ၁၅ရက်လောက်ကြာတတ်ပါတယ်။
– ဖြစ်ခဲ့တဲ့နေရာမှာ အရေပြားအရောင်ပြောင်းသွားတာ၊ အမာရွတ်ကျန်ခဲ့တာဖြစ်နိုင်ပါတယ်။

???? ရေယုန်၊ ရေကျောက် နှင့် ကိုယ်ဝန်ဆောင်

– ကိုယ်ဝန်ဆောင်နေချိန် ရေယုန်ပေါက်ရင်စိတ်ပူစရာမလိုပါဘူး။
– ပထမဆုံးအကြိမ်ရေကျောက်ပေါက်ဖူးတာဆိုရင်တော့ သန္ဓေသားကို ပြင်းပြင်းထန်ထန်ထိခိုက်နိုင်လို့ ဆရာဝန်နဲ့ ချက်ခြင်းပြပါ။
– အကောင်းဆုံးကတော့ ရေကျောက်ကာကွယ်ဆေးမထိုးထားရင်၊ ရေကျောက်မဖြစ်ဘူးတဲ့ ကိုယ်ဝန်ဆောင်တွေဆိုရင် ရေကျောက်ဖြစ်နေတဲ့ ကလေးတွေနဲ့ အထိအတွေ့မရှိသင့်ပါဘူး။ ကလေးတွေနဲ့အထိအတွေ့များတဲ့အလုပ်တွေဖြစ်တဲ့ မူကြိုဆရာမတွေ၊ မူလတန်းဆရာမတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်အထူးသတိထားသင့်ပါတယ်။

???? ကုသနည်းများ

– နာကျင်တာသက်သာဖို့နဲ့ ဖြစ်တဲ့ရက်တိုအောင် Anti-virus ဆေးသောက်နိုင်ပါတယ်။ အနီကွက်တွေပေါ်လာပြီး ၃ ရက်အတွင်းသောက်ရပါမယ်။

(၂၄ နာရီအတွင်းဆေးစသောက်နိုင်ရင် အထိရောက်ဆုံးပါပဲ)
– ရေခဲကို အဝတ်သန့်သန့်နဲ့ ထုပ်ပြီး အနီကွက်တွေနေရာမှာ တနေ့ သုံးကြိမ်ကပ်ပေးနိုင်ပါတယ်။

❓ တခြားသူတွေကို မကူးအောင် ဘယ်လိုကာကွယ်ရမလဲ

– ရေခဲကပ်ထားတဲ့ အဝတ်ကို ဆပ်ပြာနဲ့ သေချာလျှော်ဖွတ်ပါ။
– မျက်နှာသုတ်ပဝါကို တစ်ကိုယ်ရည် သီးသန့်သုံးပါ။

❌ အယူမှားများ

– ခန္ဓာကိုယ် တစ်ပတ်ပြည့်သွားရင် သေတတ်တယ်။
– ခန္ဓာကိုယ် တစ်ပတ်ပြည့်သွားရင် ရူးတတ်တယ်။

References:
1. John Murtagh’s Patient Education, six edition: Herpes Zoster (Shingles)
2. Better Health Channel: Shingles

❤️ တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်( https://m.me/telehealthmm )

ချက်ချင်းဆေးခန်းပြရန် ( https:/t.me/TelehealthMM )

လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.