Dyslexia (စာလေ့လာမှုခက်ခဲခြင်း )
ဖေဖေ မေမေတို့ရဲ့ သားသမီးရတနာလေးတွေ စာပေလေ့လာမှုမှာ ခက်ခဲနေတာမျိုးရှိသလားဆိုတာကို ဆန်းစစ်ကြည့်ပြီးပြီလား❓
ကလေးတွေ ကျောင်းမှာစာလေ့လာရတာအဆင်ပြေရဲ့လား၊ အိမ်စာတွေလုပ်နိုင်ရဲ့လား၊ စာလိုက်နိုင်ရဲ့လားဆိုတာဟာ မိဘတိုင်း စိတ်ပူရတဲ့ကိစ္စဖြစ်ပါတယ်။
Dyslexia (စာလေ့လာမှုခက်ခဲခြင်း) ဆိုတာဟာ စာဖတ်ခြင်း၊ စာရေးသားခြင်း နဲ့ စာလုံးပေါင်းခြင်းတို့မှာ အခက်အခဲရှိနေခြင်းဖြစ်ပါတယ်။
ဥပမာအားဖြင့် Book , Cat , Dog စတဲ့အခြေခံစာလုံးတွေကို ပုံမှန်ကလေးတွေက လွယ်လွယ်ကူကူလေ့လာနိုင်ပေမယ့်၊ Dyslexia ကလေးတွေကတော့ အလွယ်တကူလေ့လာနိုင်ဖို့ ခက်ခဲနေမှာပါ။
ကလေးငယ်ရဲ့အိမ်စာစာအုပ်မှာ day စကားလုံးကို bay လို့ရေးတာ ၊ The ကို Teh လို့ရေးတာ ၊ was ကို saw လို့ရေးတာ အစရှိသဖြင့် ဖြစ်နိုင်ပါတယ်။
စကားနဲ့ပြောတဲ့အရာတွေကို နားလည်ပေမယ့် စာအုပ်ထဲမှာပြန်ရေးဖို့ အခက်ခဲရှိနေမှာပါ။
ဥာဏ်ရည်ထိခိုက်လို့ စာသင်လို့မရတာတော့ မဟုတ်ပါဘူး။ စာလေ့လာခြင်းမှာသာ အခက်အခဲရှိနေတာမို့ သင့်တော်မှန်ကန်တဲ့သင်ကြားမှုနဲ့ဆို သာမာန်ကလေးတွေနည်းတူ ပညာတတ်မြောက်နိုင်ပါတယ်။
ဒါပေမယ့် အိမ်စာတစ်ခုပြီးစီးဖို့ သာမာန်ကလေးတွေထက် ပိုကြာကောင်းကြာနိုင်တာမို့ စိတ်ရှည်သည်းခံပြီး သင်ကြားပေးဖို့တော့ လိုအပ်ပါတယ်။
ကလေးငယ်ဟာ အတန်းဖော်တွေရဲ့ အနိုင်ကျင့်ခြင်း၊ အပေါင်းအသင်းမလုပ်ခြင်းတို့ကိုလည်း ခံစားနေရနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပီး ရွယ်တူကလေးတွေနဲ့ ဆော့ကစားခြင်းမှ ရှောင်ဖယ်ခြင်း၊ ကျောင်းသွားရန်ငြင်းဆိုခြင်း၊ အိမ်စာမလုပ်ခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုပါ တွေ့ကြုံရနိုင်ပါတယ်။
ကလေးငယ်ရဲ့ပတ်၀န်းကျင်က အရင်းနှီးဆုံးဖြစ်တဲ့ မိဘ၊ ဆရာတို့ကသာ စောစောစီးစီးသိရှိပီး ဝိုင်းဝန်းဖေးမမှု မရှိခဲ့ရင် ၊ ကလေးရဲ့စိတ်ထဲမှာ “ငါဟာ ဥာဏ်မကောင်းဘူး သူတို့ပြောတဲ့ ငထုံပဲ” ဆိုပြီး ကြိုးစားသင်ယူချင်စိတ်တွေပျောက်ဆုံးပြီး အရှုံးပေးလိုတဲ့စိတ်တွေ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။
Dyslexia ကလေးငယ်တွေဟာ လောကကြီးကို မတူညီတဲ့ ရှုထောင့်မှ မြင်သူများသာဖြစ်ကြပါတယ်။
❓Dyslexia ကလေးငယ်များကို ဘယ်လို အကူအညီပေးကြမလဲ။
သင့်တော်တဲ့ သင်ကြားမှုပုံစံ ၊ သင့်တော်တဲ့ သင်ထောက်ကူပစ္စည်းတွေ ၊ စာနားလည်သွားတဲ့အထိ ထပ်ခါထပ်ခါစာဖတ်ပြတာတွေ စတဲ့နည်းလမ်းတွေနဲ့ ကူညီပေးလို့ရပါတယ်။
ကောင်းမွန်မှန်ကန်တဲ့ပျိုးထောင်မှု၊ မိဘဆရာပူးပေါင်းမှုတို့ဟာလည်း ကလေးငယ်ကို ထိရောက်စွာ အကူအညီပေးပါတယ်။
ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာယုံကြည်မှုရှိလာဖို့ ချီးမွမ်းစကားတွေပြောပေးတာအပြင် အောက်ပါနည်းလမ်းတွေကိုလည်းသုံးလို့ရပါတယ်။
(1) Positive Reinforcement
– ဥပမာ စာလေးတစ်ကြောင်းဖတ်ပြနိုင်မှ ကလေးကို ကစားခွင့်ပေးတာ ၊ အိမ်စာလုပ်ဖို့အခက်အခဲရှိနေရင် ဘေးကနေကူညီပေးတာ
– စာလုံးပေါင်းပြနိုင်ရင် Star လေးတစ်ခုပေးတာမျိုး
(2) Negative Reinforcement
– ဥပမာ A B C D စာလုံးသေချာရေးပြနိုင်ရင် ကလေးမစားချင်တဲ့ အသီးအနှံတစ်မျိုးမျိုးကို ထမင်းပန်းကန်ထဲမှ ဖယ်ပေးတာ
(3) No Punishment
– ရိုက်နှက်တာ ၊ ဆူပူကြိမ်းမောင်းတာတွေကတော့ လုံး၀ မလုပ်သင့်တဲ့အရာတွေဖြစ်ပါတယ်။ ဒီအရာတွေဟာ ကလေးငယ်ကို စိတ်ပိုင်းဆိုင်ရာထိခိုက်စေပြီး ၊ မိမိပေးချင်တဲ့ ကောင်းမွန်မှန်ကန်စွာပြုစုပျိုးထောင်ခြင်းမှ လမ်းကြောင်းလွဲသွားစေနိုင်ပါတယ်။
*** အချုပ်အားဖြင့် စာလေ့လာမှုခက်ခဲခြင်းဆိုတာဟာ ရောဂါကြီးတစ်ခုတော့မဟုတ်ပါ။ ဒါပေမယ့် မိမိရဲ့ကလေး ကျောင်းမှာစာမလိုက်နိုင်တာ ၊ ကျောင်းသွားဖို့ကြောက်နေတာတွေ ခဏခဏတွေ့ကြုံနေရပြီဆိုရင်တော့ သေချာဆန်းစစ်ကြည့်ပြီး နားလည်တတ်ကျွမ်းတဲ့ဆရာ၀န်များနဲ့ ပြသဖို့လိုအပ်ပါတယ်။
*** ရင်သွေးငယ်တိုင်း ပညာရည်ပြည့်၀တဲ့ နိုင်ငံသားကောင်းများဖြစ်နိုင်ကြပါစေ ***
မယ်သုကြာ
References:
https://www.nhs.uk/conditions/dyslexia
https://www.webmd.com/children/understanding-dyslexia-basics
❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
ကြိုတင်ဘိုကင်ယူရန်( https://m.me/telehealthmm )
ချက်ချင်းဆေးခန်းပြရန် ( https://t.me/TelehealthMM )
လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.
Published on: 5 April 2022
Last Updated: 5 April 2022