မျက်စိစွန်ခြင်း

မျက်စိစွန်တယ်ဆိုတာ မျက်တောင်မွှေးအခြေနား မျက်ခမ်းအစပ်မှာ နာကျင်ရောင်ရမ်းနေတဲ့ အလုံး(အဖု) ဖြစ်လာတာပါ။

❓ဘာကြောင့်ဖြစ်တာလဲ

– ဖြစ်ရတဲ့ အကြောင်းအရင်းတိတိပပပြောလို့မရပါဘူး။
– ဖြစ်နိုင်ခြေရှိတာက မျက်လုံးကို လက်နဲ့ပွတ်လို့ပါ။
– မျက်ခမ်းသားတွေ မျက်လုံးသားတွေဟာအရမ်းနုနယ်တဲ့အတွက် လက်နဲ့ပွတ်တဲ့အခါ သာမာန်မျက်စိနဲ့ မမြင်ရနိုင်တဲ့ ပွန်းပဲ့သွားတာမျိုးဖြစ်သွားပါတယ်။
– အရေပြားပေါ်မှာ ကပ်နေလေ့ရှိတဲ့ ရောဂါပိုးမွှားတွေက သာမန်အချိန် ဘာပြဿနာမှမပေးပေမယ့် ပွန်းပဲ့သွားတဲ့အရေပြားလွှာလေးကတစ်ဆင့် မျက်တောင်အမြစ်အိတ်ကလေးတွေထဲ ဝင်သွားတဲ့အခါ ပိုးတွေပွားလာပြီး ရောင်ရမ်းတာ၊ ပြည်တည်တာတွေဖြစ်စေပါတယ်။

❗ရောဂါလက္ခဏာများ

– မျက်ခမ်းအစပ်နေရာမှာ အလုံးသေးသေးလေးစဖြစ်ပါတယ်။
– အလုံးလေးက ရောင်လာပြီး နာလာပါမယ်။ နီလာပါမယ်။ တဖြည်းဖြည်းကြီးလာပါမယ်။
– မျက်တောင်ထွက်တဲ့ အခြေနေရာကနေ ပြည်လိုက်လာပါမယ်။
– မျက်လုံးက နေရတာ ခိုးလိုးခုလုခံစားရပါမယ်။

❓ဘာဆက်ဖြစ်နိုင်လဲ

အများအားဖြင့်

– ပြည်ဖုက သူ့ဘာသာပေါက်ထွက်သွားပြီး ရောင်ရမ်းတာသက်သာသွားပါမယ်။ ရက်အနည်းငယ်အကြာမှာ ပျောက်သွားမယ်။
– ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်က ရောဂါပိုးကိုအနိုင်တိုက်လိုက်နိုင်ပြီး ပြည်ဖုပေါက်မထွက်ဘဲ တဖြည်းဖြည်းချပ်သွားမယ်။

တစ်ခါတစ်ရံ

– ပိုးတွေက ပိုပြန့်သွားပြီး မျက်စိစွန်တဲ့ အလုံး (၂) ခု၊ (၃) ခုပွားလာတတ်ပါတယ်။
– ပိုဆိုးတဲ့အခြေအနေဆိုရင်တော့ မျက်ခမ်းသားပါရောင်ရမ်းလာတာမျိုးဖြစ်နိုင်ပါတယ်။

ကောင်းတဲ့အချက်ကတော့ မျက်စိစွန်တာအများစုဟာ တစ်ကြိမ်လောက်ပဲဖြစ်ပြီး ထပ်ပြီးဖြစ်လေ့မရှိပါဘူး။ ( မျက်လုံးကိုလက်နဲ့ မကြာခဏ ပွတ်လေ့ရှိသူတွေအနေနဲ့တော့ ထပ်ပြီးဖြစ်နိုင်ခြေတွေရှိပါတယ်)

????ကုသနည်း

စောင့်ကြည့်မယ်

အထက်မှာပြောပြထားသလိုပဲ မျက်စိစွန်တာအများစုမှာ ပြည်ဖုက သူ့ဘာသာပေါက်ထွက်သွားပြီး ရက်အနည်းငယ်အကြာမှာ သက်သာပျောက်ကင်းသွားနိုင်တာမို့လို့ မျက်လုံးကိုသန့်သန့်ရှင်းရှင်းထားမယ်။ မပွတ်ဘဲ စောင့်ကြည့်နိုင်ပါတယ်။ အခြေအနေပိုဆိုးလာရင်တော့ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်းခတ်ဖို့လိုပါတယ်။

အပူဝတ်ကပ်ပေးခြင်း

လက်ကို ဆပ်ပြာနဲ့ အရင်ဆေးပါ။
အဝတ်သန့်သန့်/ ပတ်တီးစသန့်သန့်ကို လုံးပြီး ရေခပ်နွေးနွေးထဲစိမ်ပြီး မျက်စိစွန်တဲ့မျက်ခွံအပေါ် ကနေ (၁၀) မိနစ်လောက် ( အဝတ်အေးသွားတဲ့အထိ) ဖိကပ်ထားပါ။
တနေ့ (၄) ကြိမ်လုပ်ပါ။
* သတိပြုရမှာက အရမ်းမပူပါစေနဲ့ *

????ဆရာဝန်နှင့်ပြရန်အခြေအနေများ

စောင့်ကြည့်လို့မသက်သာရင် ၊ ပိုဆိုးလာရင် ၊ မျက်ခွံပါရောင်လာရင် ပိုးသတ်ဆေးသောက်ဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

ပြည်ဖုက သူ့အလိုလိုမပေါက်ဘဲ ပိုပြီးကြီးလာရင် ၊ ဆရာဝန်က လိုအပ်တယ်လို့ ယူဆရင် ပြည်ဖုလေးကို ဖောက်ပေးပါလိမ့်မယ်/ ပြည်တည်နေတဲ့ အခြေရှိတဲ့ မျက်တောင်ကို နှုတ်ပေးပါလိမ့်မယ်။

❗အရေးတကြီး သတိပြုရန်

  • အလုံးလေးကို ဝက်ခြံညှစ်သလို ညှစ်တာမျိုး လုံးဝ မလုပ်ပါနဲ့
  • ပြည်ဖုကို ကိုယ့်ဘာသာမဖောက်ပါနဲ့ ။ အခန့်မသင့်ရင် အခြေအနေပိုဆိုးသွားနိုင်ပါတယ်။

❓တခြားသူတွေကို မကူးအောင် ဘယ်လိုကာကွယ်ရမလဲ

– မျက်နှာသုတ်ပုဝါကို တစ်ကိုယ်ရည် သီးသန့်သုံးပါ။
– မျက်စိစွန်နေတဲ့ နေရာကို မညှစ်ပါနဲ့၊ မထိပါနဲ့၊ မပွတ်ပါနဲ့။
– အပူဝတ်ကပ်ထားတဲ့ အဝတ်ဖတ်အဟောင်းတွေကို စက္ကူနဲ့ သေချာထုပ်ပြီး အမှိုက်ပုံးထဲ ချက်ခြင်းလွှင့်ပစ်ပါ။
– မျက်စိစွန်နေတဲ့မျက်လုံးကို ထိမိ၊ ကိုင်မိပြီးတိုင်း လက်ကို ဆပ်ပြာနှင့်သေချာဆေးပါ။

References:
1. John Murtagh’s Patient Education, six edition: Stye

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.