အူအတက်ရောင်ခြင်း
အူအတက်ဆိုတာ ညာဘက်ဝမ်းဗိုက်အောက်ဖက်နား အူသိမ်နဲ့ အူမကြီးဆက်တဲ့နေရာမှာ ထွက်နေတဲ့ အတက်ကလေးဖြစ်ပါတယ်။ အသက် ၁၀ နှစ်ကျော်ရင် ကိုယ်ခန္ဓာအတွက်ဘာမှလုပ်မပေးဘဲ ၊ သူနေမကောင်းဖြစ်နေတာ ပေါ့ပေါ့ဆဆလုပ်မိရင်တော့ အသက်အန္တရာယ်အထိပေးတတ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ လွယ်လွယ်ပြောရရင် ကောင်းကျိုးမပေး ဆိုးကျိုးပဲပေးတဲ့ အမှိုက်ပိုတစ်ခုဖြစ်လို့ ခန္ဓာကိုယ်ကနေ သူ့ကို ဖယ်ထုတ်လိုက်ရင်လဲ ဘာပြဿနာမှ မရှိပါဘူး။
အူအတက်ရောင်တယ်ဆိုတာဘာလဲ
အထက်မှာရှင်းပြထားတဲ့ အူအတက်မှာ ရောင်ရမ်းလာတာပါ။
ဘာလို့ဖြစ်တာလဲ။
အူအတက်ရဲ့ အဝကျဉ်းကျဉ်းလေးမှာ ဝမ်းခပ်မာမာအခဲနဲ့ ပိတ်တာမျိုး၊ သန်ကောင်တုတ်ကောင်တွေကြောင့် ပိတ်တာမျိုး အများအားဖြင့်ဖြစ်တတ်ပါတယ်။ တချို့တွေယူဆတာကတော့ အစားအသောက်မှာပါတဲ့ မာလကာစေ့လို ခြေဖျက်ဖို့ခက်ခဲတဲ့အစိုင်အခဲတချို့နဲ့လည်း ပိတ်သွားနိုင်ပါတယ်တဲ့။ ပိတ်တဲ့အခါ အူအတက်က ရောင်လာပြီး သူ့ကိုအာဟာရပေးတဲ့ သွေးကြောလေးတွေပါပိတ်သွားပါတယ်။ အဲဒီ့အခါ အူအတက်နံရံ ဆဲလ်တွေ တဖြည်းဖြည်းသေသွားပါတယ်။ ဒီ့နောက် အူထဲက ရောဂါပိုးတွေ ဝင်ရောက်လာပြီး ပြည်တည်နာဖြစ်နိုင်ပါတယ်။ စဖြစ်ပြီး၂ ရက်- ၃ ရက်အကြာမှာ နံရံပေါက်ထွက်သွားပြီး အထဲက အညစ်အကြေးတွေ နဲ့ ရောဂါပိုးတွေ ဝမ်းဗိုက်ခေါင်းထဲဝင်သွားနိုင်ပါတယ်။ အဲဒီ့ကတစ်ဆင့် ဝမ်းဗိုက်အမြှေးရောင်ရမ်းတာ၊ သွေးဆိပ်တက်တာတွေဖြစ်ပြီး အသက်ပါဆုံးရှုံးနိုင်ပါတယ်။
ဘယ်သူတွေအဖြစ်များလဲ
အသက် (၁၀) နှစ်မှ (၃၀) အတွင်းပိုအဖြစ်များပါတယ်။
ဒါပေမယ့် လူကြီးပိုင်းတွေမှာလဲ ဖြစ်နိုင်ပါတယ်။
မိသားစုမျိုးရိုးရှိရင် ပိုဖြစ်နိုင်ခြေများပါတယ်။
ရောဂါလက္ခဏာများ
တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။
အများဆုံးဖြစ်လေ့ရှိတာက ဗိုက်နာတာနဲ့ စပါတယ်။
– ချက်တဝိုက်မှာ စနာလေ့ရှိပြီး ညာဘက်ဝမ်းဗိုက်အောက်နားကိုရွေ့သွားလေ့ရှိပါတယ်။
– တချို့တွေမှာတော့ ညာဘက်ဝမ်းဗိုက်အောက်နားမှာပဲစနာတာလဲဖြစ်နိုင်ပါတယ်။
– ဗိုက်ညာဘက်တခြမ်းလုံးမှာ နာနေတာမျိုးလဲဖြစ်တတ်ပါတယ်။
– အချိန်နဲ့အမျှ နာတာက ပိုဆိုးလာတတ်ပါတယ်။
– ကိုယ်ခန္ဓာလှုပ်ရှားတာ၊ အသက်ပြင်းပြင်းရှူတာ၊ ချောင်ဆိုး၊ နှာချေရင်ပါ ဗိုက်မှာအရမ်းနာတတ်ပါတယ်။
– ဝမ်းဗိုက်တခုလုံးမှာနာနေပြီဆိုရင်တော့ အူအတက်ပေါက်သွားတဲ့အဆင့်ထိ ဖြစ်နေနိုင်ပါတယ်။
တခြားဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကတော့
– ပျို့အန်မယ်
– ခံတွင်းပျက်မယ်
– ဖျားမယ်
– ဝမ်းချုပ်မယ်/ ဝမ်းလျောမယ်
– လေမလည်ဘူး
– ဗိုက်ကြီးဖောင်းနေမယ်
အူအတက်ရောင်တာက တခြားရောဂါတွေနဲ့ ပုံစံချင်းခပ်ဆင်ဆင်ဖြစ်နိုင်လို့ နောက်မကျခင် ဆေးရုံ၊ ဆေးခန်းပြဖို့အရေးကြီးပါတယ်။
ဗိုက်နာတာကို အကိုက်အခဲပျောက်ဆေးတွေလဲ မသောက်သင့်ပါဘူး။ ရောဂါလက္ခဏာမပေါ်တော့ဘဲ မှားယွင်းကုသမှုတွေဖြစ်သွားနိုင်ပါတယ်။
အူအတက်ရောင်မှန်းဘယ်လိုသိနိုင်မလဲ
– ဆရာဝန်က အရင်ဆုံးစမ်းသပ်ပါမယ်။ ဝမ်းဗိုက်ထဲမှာဖြစ်နေတာမို့လို့ စမ်းသပ်ရုံနဲ့ ၁၀၀% အတိအကျမပြောနိုင်ပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာနဲ့ ဆရာဝန်စမ်းသပ်မှုကတော့ အဓိက အရေးပါဆုံးဖြစ်ပါတယ်။
– သွေးစစ်၊ ဆီးစစ်၊ ဝမ်းဗိုက်အာလ်ထွာဆောင်းရိုက်၊ CT scan ရိုက်ပြီး အတိအကျသိနိုင်တာမျိုးရှိသလို ၊ တခြား ဆင်တူရိုးမှားရောဂါတွေ ဟုတ်/မဟုတ်ကိုလည်း ဆုံးဖြတ်နိုင်ပါတယ်။
ကုသနည်းတွေကဘာလဲ
– အရင်ကတော့ အရေးပေါ် ခွဲစိတ်ကုသခြင်းက တစ်ခုတည်းသော နည်းလမ်းပါ။
– အခုနောက်ပိုင်းမှာတော့ အူအတက်ရောင်တာ သိပ်မဆိုးရင် ပိုးသတ်ဆေးပေး ၊ အနီးကပ်သေချာစောင့်ကြည့်ပြီး ပြန်ကောင်းသွားတာမျိုးလည်း ရှိပါတယ် ( ဒါပေမယ့် ဒီလိုလူနာတွေဟာ နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ချေများပြီး ၊ ပြန်ဖြစ်ခဲ့ရင်လည်း အူအတက်ပေါက်ထွက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေ ၊ ဆီးချိုရောဂါသမားတွေ ၊ ကလေးငယ်တွေမှာတော့ ဒီလိုမျိုး ပိုးသတ်ဆေးပေးပြီး စောင့်ကြည့်ဖို့ မသင့်တော်ပါဘူး )
– ရောင်နေတဲ့အူအတက်ကို မပေါက်သေးခင် စောစောခွဲထုတ်နိုင်ရင် ဆေးရုံတက်ရက်နည်းနိုင်ပါတယ်။
– အူအတက်ပေါက်ထားပြီးမှ ခွဲထုတ်ဖြစ်ခဲ့ရင် ပိုးသတ်ဆေးတွေ ဆက်ပေးဖို့လိုပြီး ဆေးရုံတက်ရက်ကြာနိုင်ပါတယ်။
– တစ်ခါတရံမှာ ရောင်နေတဲ့အူအတက်ဟာ ပေါက်ထွက်မသွားဘဲ ခဲသွားတာမျိုးလည်း ရှိပါတယ်။ ဒီလိုအခါမှာတော့ ဆေးနဲ့အရင် သက်သာအောင်ပြုလုပ်ပြီး ၊ နောက်တစ်လလောက်နေမှ အူအတက်ကို ခွဲထုတ်ရပါတယ်။
နောက်ဆက်တွဲ ပြသနာများ
– အချိန်မီမကုသနိုင်လျှင် အူအတက်ပေါက်ရာကတစ်ဆင့် သွေးဆိပ်တက်ပြီး အသက်သေဆုံးနိုင်ပါတယ်။
ဘယ်လိုကာကွယ်လို့ရမလဲ
– ကာကွယ်နည်း မရှိသေးပါဘူး။
References:
1. Johns Hopkins Medicine: Conditions and diseases; Appendicitis
2. John Murtagh’s Patient Education, six edition: Appendicitis
NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
( https://m.me/telehealthmm )
လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.