???? ဘောင်းဘီထဲ အီးထွက်ကျတတ်တဲ့ကလေး (Encopresis) ????

အပြင်သွားခါနီး ရေချိုးအဝတ်အစားလဲပြီးချိန်/ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စားသောက်နေတဲ့အချိန် “အီးပါချလိုက်ပြီ” ဆိုပြီး ကိုယ့်ကလေးက မျက်နှာငယ်လေးနဲ့ လာပြောတာကို ကြုံဖူးကြပါမှာပါ။ အီးပါ၊ရှူးပေါက်ချင်ရင် ပြောပြတတ်အောင် သင်ပေးထားရက်နဲ့ ဘောင်းဘီထဲ အီးအီးပါချလိုက်တာက ဖေဖေ၊ မေမေတို့အတွက် တော်တော်လေး စိတ်ကသိကအောက် ဖြစ်စေမှာပါ။ တကယ်တော့ ကလေးလေးတွေ ကိုယ်တိုင်လည်း သူတို့ရဲ့ ခံစားချက်ကို ပြောမပြတတ်လို့ပါ။ သူတို့ကိုယ်တိုင်လည်း ဒီလိုကိစ္စမျိုးအတွက် စိတ်ရှုပ်ကြပါတယ်။ ဒီပြဿနာကို အင်္ဂလိပ်လို “ Encopresis” လို့ခေါ်ပါတယ်။

❓ Encopresis ဆိုတာဘာလဲ

  • ဝမ်းထိန်းထားလို့မရဘဲ ထွက်ကျတာပါ။ ( တစ်ခါတလေ ကလေးထိန်းတွေ၊ အဖေအမေတွေရဲ့ စိတ်ထဲ ဒီကလေးလေး ဉာဏ်မကောင်းဘူး၊ တမင်ပါချတာလို့ ထင်တတ်ပါတယ်။ ရိုက်နှက်ဆုံးမတာမျိုး လုပ်တတ်ပါတယ်။ တကယ်က ဝမ်းကို ထိန်းထားလို့ မရတာပါ။ အိမ်သာ/ အီးအိုးသုံးနည်း သင်ပေးထားပြီးသား ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်)
  • အသက် (၄) နှစ်အထက် ကလေးတွေမှာ ဖြစ်တာကို ခေါ်ပါတယ်
  • ယောင်္ကျားလေးတွေမှာ ပိုအဖြစ်များပါတယ်

❓ဘယ်လိုဖြစ်တာလဲ

  • လွယ်လွယ်ပြောရရင် ဝမ်းချုပ်လို့ပါ။
  • ဝမ်းချုပ်တာကြာတဲ့အခါ စအိုနဲ့ အူမကြီးထဲမှာ စမြင်းတွေ ဖြစ်လာပါတယ်။
  • စုပုံလာတဲ့ စမြင်းတုံးတွေရဲ့ ဖိအားကြောင့် တဖြည်းဖြည်းနဲ့ စအိုနဲ့ အူနံရံတွေ ကျယ်လာပြီး ဝမ်းသွားချင်တယ်ဆိုတာကို သိအောင်လှုံ့ဆော်ပေးတဲ့ ခံစားမှု အားနည်းလာပါတယ်။
  • တချိန်ထဲမှာပဲ ဝမ်းကိုထိန်းပေးတဲ့ စအိုဝက ကြွက်သားတွေကလည်း အားနည်းလာပါတယ်။
  • အစပိုင်းမှာ ဝမ်းပျော့ပျော့တွေ ထွက်ကျတာ တစ်လ (၂) ကြိမ် (၃) ကြိမ်လောက်ကနေ ကြာလာတာနဲ့အမျှ ဖြစ်တဲ့အကြိမ်ရေ ပိုစိပ်လာတတ်ပါတယ်။
  • နောက်ပိုင်းမှာ ကလေးက ဝမ်းသွားချင်တယ်ဆိုတာကို လုံးဝသတိမထားမိတော့ဘဲ ဘောင်းဘီတွေ ညစ်ပတ်သွားမှ သိတာမျိုးအထိ ဖြစ်တတ်ပါတယ်။

❓ ဝမ်းချုပ်ရတဲ့ အကြောင်းအရင်းတွေက ဘာလဲ

(၁) အစားအသောက်

  • ရေသောက်နည်းခြင်း၊
  • ရေအစား အချိုရည်ဘူးများ အသောက်များခြင်း
  • သကြား/ အချို အများကြီးပါပြီး အမျှင်ဓါတ်နည်းတဲ့ လေဖောင်းမုန့်ထုပ်တွေ၊ ဘီစကွတ်၊ ကွတ်ကီး၊ ဆီကြော်မုန့်များ အစားများခြင်း

(၂) နေထိုင်မှုပုံစံ

  • ကိုယ်လက်လှုပ်ရှုားမှု မရှိခြင်း

(၃) စိတ်ဖိစီးမှု
ကလေးတွေမှာလည်း စိတ်ဖိစီးမှု ရှိပါတယ်။ အထူးသဖြင့် မူကြိုစနေတဲ့ ကလေးတွေအတွက် ပတ်ဝန်းကျင်အသစ်မှာ တခြားအတန်းဖော်တွေက Group activity တွေလုပ်နေတဲ့အချိန် ကိုယ်က အိမ်သာသွားချင်တယ်ပြောရမှာ ရှက်တာ၊ ကြောက်တာကြောင့် ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်တတ်ကြပါတယ်။ တချို့ကလေးတွေမှာကျတော့ သုံးနေကျ အိမ်သာမဟုတ်ရင် ရွံပြီး တစ်နေ့လုံး ဆီး၊ ဝမ်း အောင့်ထားတာ လုပ်တတ်ပါတယ်။ (ဒါပေမယ့် အများအားဖြင့် အိမ်ကို ပြန်ပြောပြလေ့ မရှိပါဘူး။ မိဘတွေအနေနဲ့ ကလေးတွေရဲ့ ခံစားချက်ကို သိနိုင်အောင် စကားများများ ပြောပေး/ မေးပေးဖို့ လိုပါတယ်)

(၄) ဝမ်းသွားရင် နာလို့

  • ကလေးတွေမှာ စမြင်းဖြစ်တဲ့အခါ စအိုဝမှာ ပြဲပြီး အနာဖြစ်နေတတ်ပါတယ်။ ဝမ်းသွားရင် အရမ်းနာတဲ့အတွက် တတ်နိုင်သမျှ ဝမ်းမသွားဘဲ ချုပ်ထားရင်း အခြေအနေ ပိုဆိုးလာတတ်ပါတယ်။

❓ ဘာတွေလုပ်ပေးလို့ရမလဲ

  • ဘယ်လိုမှ မတတ်နိုင်လို့ဖြစ်နေရတဲ့ ကိစ္စတွေအတွက် ကလေးကို နားလည်ပေးပါ။ ကလေးကို သူ့အပြစ်မဟုတ်ဘူး၊ အဆင်ပြေသွားအောင် တူတူကြိုးစားကြမယ်လို့ အားပေးစကားပြောပါ။
  • မိဘ၊ မောင်နှမ၊ အိမ်သားတွေ၊ မူကြိုက ဆရာဆရာမတွေ အတန်းဖော်တွေကို ရှင်းပြပါ။ ကလေးကို မလှောင်ပြောင်ပါစေနဲ့။ ကလေးကို ရိုက်နှက်တာ၊ လိမ်ဆွဲတာ၊ ခေါင်းခေါက်တာ စတဲ့ ကလေးရဲ့ စိတ်ထိခိုက်နာကျင်သွားမယ့် ဘယ်လိုကိစ္စမျိုးကိုမဆို လုံးဝခွင့်မပြုပါနဲ့။
  • Toilet training ပြန်ကျင့်ပေးပါ။ အစာစားပြီးတိုင်း အီးပါတဲ့အိုးမှာ တစ်ခါထိုင်ရင် (၅) မိနစ်နဲ့ တစ်နေ့ (၃) ကြိမ် မဖြစ်မနေထိုင်ဖို့ စည်းကမ်းသတ်မှတ်ပါ။ (တုတ်တစ်ချောင်းနဲ့ ထိုင်စောင့်နေတာမျိုးမဟုတ်ဘဲ ကလေးက စိတ်ပါလက်ပါ အီးပါတဲ့အိုးမှာ ထိုင်တတ်အောင် လေ့ကျင့်ပေးပါ)
  • အရေးကြီးတဲ့ အချက်က လူကြီးသုံးတဲ့ ဘိုထိုင်အိမ်သာမျိုးကိုပဲ ကလေးကို သုံးခိုင်းတာဆိုရင် သူ့အတွက် အရမ်းမြင့်နေတာ၊ အိမ်သာခွက်ထဲ ဖင်ကျွံဝင်မှာ ကြောက်နေပါလိမ့်မယ်။ ကလေးလေးတွေသုံးတဲ့ အိမ်သာထိုင်ခုံလေးတွေ လှေကားလေးတွေ (Potty seat) ဆင်ပေးထားပါ။ သူ့အတွက် အဆင်ပြေမပြေမေးပါ။
    -အစားအသောက်၊ အနေအထိုင်ပြုပြင်ပေးပါ။ (၄) နှစ်အရွယ်ကလေးတစ်ယောက်က တစ်နေ့ကို ရေ (၅) ဖန်ခွက် သောက်သင့်ပါတယ်။ ကလေးကို ပိုက်နဲ့ စုပ်သောက်လို့ရတဲ့ ကိုယ်ပိုင်ရေဘူးလေး ပေးထားခြင်းဖြင့် သူတစ်နေ့သောက်ရမယ့် ပမာဏကို ကလေးရော၊ လူကြီးရော တွက်ဆလို့ လွယ်ကူစေပါတယ်။
  • ဆီကြော်အစား ချဉ်ရည်ဟင်း၊ အရည်သောက်ဟင်း များများကျွေးပါ။
  • ရာသီပေါ်သီးနှံတွေ၊ အိမ်လုပ်မုန့်တွေ များများကျွေးပါ။
  • Ready-made မုန့်ထုပ်တွေကို တစ်ပတ်မှာ တစ်ခါပဲ စားရမယ်လို့ စည်းကမ်းထုတ်ထားပါ။
  • ဖုန်း၊ YouTube ကြည့်နေမယ့်အစား လှုပ်လှုပ်ရှားရှား ကစားနည်းများကို ဆော့ခိုင်းပါ။

????စမြင်းတုံးရှင်းလင်းရေးစီမံချက်

သေသေချာချာ နားလည်ဆွေး​နွေးပေးနိုင်မယ့် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တချို့ကလေးတွေမှာ ပုံမှန်ဝမ်းအခြေအနေ ပြန်ရောက်ဖို့ ခြောက်လ၊ တစ်နှစ်လောက်အထိ ဝမ်းပျော့ဆေး တိုက်ရတာမျိုးရှိနိုင်တဲ့အတွက် ကလေးမိခင်ဖခင် အုပ်ထိန်းသူတွေအနေနဲ့ စိတ်ရှည်ဖို့ လိုပါတယ်။

လပေါင်းများစွာ အူထဲမှာ ကြွင်းကျန်နေတဲ့ မစင်ဟောင်း၊ မာကျစ်နေတဲ့ စမြင်းတွေ မရှိတော့မှသာ ကလေးရဲ့ ပြဿနာက အဆင်ပြေသွားမှာဖြစ်လို့ ဆရာဝန်က ဝမ်းပျော့ဆေး၊ ဝမ်းနှုတ်ဆေး၊ ဝမ်းချူနည်းတွေ ပြောပြပါလိမ့်မယ်။

အထူးသတိပေးချင်တာက ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ကိုယ့်ဘာသာကိုယ် မလုပ်ပါနဲ့။ သုံးရမည့်ဆေး အမျိုးအစား၊ အပြင်းအပျော့၊ ပေးရမယ့် ပမာဏ စတာတွေက ကလေးတစ်ယောက်နဲ့တစ်ယောက်မတူနိုင်သလို လိုတာထက်ပိုသွားရင် အန္တရာယ်ရှိနိုင်ပါတယ်။ (ဝမ်းပျော့ဆေးနဲ့ ဝမ်းနှုတ်ဆေးလည်း မတူပါဘူး) စအိုကွဲနာ ဖြစ်နေရင်လည်း ဝမ်းသွားတဲ့အခါ မနာအောင် စအိုဝလိမ်းဆေးလေး ပေးပါလိမ့်မယ်။

အနှစ်ချုပ်

  • ကလေးရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးပါ၊ အသိအမှတ်ပြုပေးပါ
  • အပြစ်မတင်ပါနဲ့။ အရှက်မခွဲပါနဲ့။ အပြစ်မပေးပါနဲ့။
  • လိုတာထက်ပိုပြီး မတုံ့ပြန်ပါနဲ့ (ကလေးအီးပါချလိုက်တာကို အသံကုန်ခြစ်အော်တာမျိုး)
  • အသီးအနှံ များများစားပါစေ၊ ရေများများ သောက်ပါစေ
  • အိမ်သာသုံးတတ်အောင် လေ့ကျင့်ပေးပါ။
  • ကလေးမှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ဘာအခက်အခဲရှိလဲ မေးပါ၊ ရှာဖွေကြည့်ပါ။ ( စအိုကွဲနေလား၊ မူကြိုမှာ အဆင်မပြေလို့လား)
  • ဝမ်းပုံမှန်သွားပေမယ့် စင်အောင်မသွားရင်လည်း ဝမ်းအကျန်တွေစုပြီး စမြင်း ဖြစ်တတ်ပါတယ်။

ကလေးငယ်တိုင်း ဘောင်းဘီထဲ အီးထွက်ကျခြင်းအဖြစ်မှ ကင်းဝေးကြပါစေ

References

  1. Boston Children’s Hospital: MyChildren’s Patient Portal; Encopresis
  2. John Murtagh’s Patient Education, six edition: Encopresis
  3. Harvard Health Publishing: Encopresis ( Fecal soiling in children)

❤️ NUG, MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.