တစ်ချိန်က တစ်ကမ္ဘာလုံးကို ကပ်ရောဂါကြီးအနေနဲ့ ခြိမ်းခြောက်ခဲ့တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ Shigella dysenteriae ၊ Vibrio cholerae နဲ့ Escherichia coli လို့ခေါ်တဲ့ရောဂါပိုးတွေကြောင့် အများဆုံးဖြစ်တတ်ပါတယ်။

အဓိကအားဖြင့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။

အခုချိန်ထိလည်း ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကမ္ဘာတစ်ဝန်းလုံးမှာ သေဆုံးမှုအများဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းကတော့ မသန့်ရှင်းတဲ့အစာနဲ့ရေကို စားသောက်မိတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအသိပညာမရှိတာတွေကြောင့် ဖြစ်ပါတယ်။

ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာတွေ တိရစ္ဆာန်တွေကနေတစ်ဆင့်လည်း ထပ်မံကူးစက်နိုင်ပါတယ်

 ⁃ ဘယ်လိုဆိုရင် ဝမ်းပျက်ဝမ်းလျှောလို့ သတ်မှတ်မလဲ ?

ဝမ်းပျော့ပျော့ ဒါမှမဟုတ် အရည်ချည်းပဲ တစ်နေ့ကို သုံးကြိမ်နဲ့အထက် သွားနေရင် ဝမ်းပျက်ဝမ်းလျှောရောဂါလို့ သတ်မှတ်နိုင်ပါတယ်။

ဝမ်းထဲမှာသွေးပါလာတာ ၊ ဗိုက်အောင့်တာ ၊ ဗိုက်ရစ်နာတာ ၊ ဖျားတာတွေနဲ့ပါ တွဲလာရင်တော့ ဝမ်းကိုက်ရောဂါလို့ သတ်မှတ်ပါတယ်။

 ⁃ ဘယ်လိုလူတွေမှာ ပိုသတိထားရမလဲ ?

အစားအသောက်နဲ့သောက်သုံးရေ လုံလောက်သန့်ရှင်းစွာမရရှိတဲ့နေရာမှ ပြည်သူတွေ ( ဥပမာ -စစ်ဘေးရှောင်စခန်း )

ကိုယ်ခံအားမကောင်းတဲ့သူတွေ ( ဥပမာ-HIV ရောဂါဝေဒနာရှင်များ )

 ⁃ ဘယ်လိုရောဂါလက္ခဏာတွေပြတတ်လဲ ?

ဝမ်းပျက်ဝမ်းလျှော – ဝမ်းပျော့ပျော့ ဒါမှမဟုတ် အရည်ချည်းပဲ တစ်နေ့ကို သုံးကြိမ်နဲ့အထက်သွားနိုင်ပါတယ်။

ဝမ်းကိုက်ရောဂါ – ဝမ်းလျှောတာအပြင် ဝမ်းထဲမှာသွေး သို့မဟုတ် အချွဲပါလာတာ ၊ ဗိုက်အောင့်တာ ၊ ဗိုက်ရစ်နာတာ ၊ ဖျားတာတွေနဲ့ပါ တွဲနိုင်ပါတယ်။

ကာလဝမ်းရောဂါ – ဆန်ဆေးရည်လိုအရည်တွေသွားတာ ၊ အချွဲပါတာ ၊ တစ်ခါတစ်ရံ အန်တာ ၊ ဗိုက်အောင့်တာ တွေဖြစ်နိုင်ပါတယ်။

 ⁃ နောက်ဆက်တွဲပြဿနာတွေ

ဝမ်းလျှော၍ ရေနဲ့ဓာတ်ဆားဆုံးရှုံးခြင်းကြောင့် မျက်တွင်းချိုင့်တာ ၊ ပါးစပ်နဲ့အာခေါင်ခြောက်တာ ၊ ရေအလွန်အမင်းဆာတာတွေ ဖြစ်နိုင်ပါတယ်။

ဒီအဆင့်မှာကုသမှုမခံယူဘဲ ပိုဆိုးလာမယ်ဆိုရင် အသိကောင်းကောင်းမရှိတော့တာ ၊ ရေမသောက်နိုင်တော့တာတွေအထိ ဖြစ်လာနိုင်ပါတယ်။

 ⁃ ရောဂါအခြေအနေကို ဘယ်လို စမ်းသပ်စစ်ဆေးမလဲ ?

လူနာရဲ့ရေနဲ့ဓာတ်ဆားဆုံးရှုံးမှုအတိုင်းအတာကို အောက်ပါအတိုင်း ဆန်းစစ်နိုင်ပါတယ်။

ကနဦးရေဓာတ်ဆုံးရှုံးခြင်း – ရောဂါလက္ခဏာမပြနိုင်ပါ။

အသင့်အတင့်ရေဓာတ်ဆုံးရှုံးခြင်း – မျက်တွင်းချိုင့်တာ ၊ ပါးစပ်နဲ့အာခေါင်ခြောက်တာ ၊ ရေအလွန်အမင်းဆာတာ ၊ စိတ်ဆတ်လာတာတွေ ဖြစ်နိုင်ပါတယ်။

ပြင်းထန်ရေဓာတ်ဆုံးရှုံးခြင်း – အသိကောင်းကောင်းမရှိတော့တာ ၊ ဆီးမသွားတော့တာ ၊ ခြေတွေလက်တွေအေးစက်လာတာ ၊ သွေးပေါင်တိုင်းမရတော့တာတွေ တွေ့ရတတ်ပါတယ်။

 ⁃ ဘယ်လိုကုသကြမလဲ ?

ရေနဲ့ဓာတ်ဆားကိုအလုံအလောက် အချိန်မီ ပြန်လည်ဖြည့်တင်းပေးဖို့က ဝမ်းပျက်ဝမ်းလျှောရောဂါကုသမှုမှာ အဓိကအချက်ဖြစ်ပါတယ်။ ကနဦးနဲ့အသင့်အတင့်ရေဓာတ်ဆုံးရှုံးခြင်းအဆင့်တွေမှာ ဆုံးရှုံးသွားတဲ့ရေဓာတ်ပမာဏအတိုင်း ဓာတ်ဆားရည်ပြန်လည်သောက်သုံးပေးရပါမယ်။ ပြင်းထန်ရေဓာတ်ဆုံးရှုံးခြင်းအဆင့်မှာတော့ ဓာတ်ဆားပုလင်းချိတ်ပေးပြီး ရေနဲ့ဓာတ်ဆားကိုပြန်ဖြည့်ပေးရပါမယ်။ ကာလဝမ်းရောဂါကလွဲပြီး ဝမ်းပျက်ဝမ်းလျှောလူနာတွေမှာ ပုံမှန်အားဖြင့် ပိုးသတ်ဆေးသောက်ဖို့မလိုပါဘူး။ ပိုးသတ်ဆေးတွေမလိုအပ်ဘဲသောက်သုံးတာဟာ ဆေးယဉ်ပါးခြင်းဖြစ်စေနိုင်တဲ့အတွက် ဆရာဝန်ညွှန်ကြားမှသာ သောက်သုံးသင့်ပါတယ်။

ထို့အပြင် အစားအသောက်ကိုလည်း သန့်ရှင်းပြီးလတ်ဆတ်တဲ့အစားအသောက်များကို အာဟာရပြည့်ဝစွာ စားသုံးပေးသင့်ပါတယ်။

စားနိုင်သလောက်လေး နည်းနည်းနဲ့ ခဏခဏ စားသုံးပေးသင့်ပါတယ်။

 ⁃ ဘယ်လို ကာကွယ်ကြမလဲ ?

  • လက်ကို ဆပ်ပြာဖြင့်သေချာစွာဆေးကြောခြင်း
  • သောက်သုံးရေကို ကျိုချက်သောက်သုံးခြင်း ၊ ရေတွင်းများတွင် ကလိုရင်းခပ်ခြင်း
  • အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများကို သေချာစွာ စွန့်ပစ်ခြင်း ၊ ယင်လုံအိမ်သာအသုံးပြုခြင်း
  • မွေးကင်းစနှင့် (၆)လအောက်ကလေးငယ်များကို မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်း
  • အစားအသောက်ကို သန့်ရှင်းစွာ ကိုင်တွယ်ချက်ပြုတ်ခြင်း ၊ ယင်နားစာမစားခြင်း  တို့ဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

*** လူတိုင်း ဝမ်းပျက်ဝမ်းလျှောရောဂါမှ ကင်းဝေးကြပါစေ ***

 “ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ”  

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန်
https://m.me/telehealthmm )

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.