မိန်းမကိုယ် ယားယံခြင်း (မိန်းမကိုယ် မှိုစွဲခြင်း)
မိန်းမကိုယ် ယားယံခြင်းဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တခုဖြစ်တဲ့ မိန်းမကိုယ် မှိုစွဲခြင်းအကြောင်းရှင်းပြပါမယ်။ သူ့တချို့လူနာတွေမှာရဲ့ထူးခြားချက်ကတော့ မိန်းမကိုယ်က မခံနိုင်လောက်အောင် ဆိုးဆိုးရွားရွားယားယံတာပါ။ မခံနိုင်လွန်းလို့ လက်သည်းနဲ့ ကုတ်ရင်း အရေပြားနေရာတွေပေါက်ပြဲ၊ ဆီးသွားဖို့တောင်ခက်ခဲတာမျိုးအထိတွေ့ဖူးပါတယ်။
ရောဂါလက္ခဏာများ
မိန်းမကိုယ်နေရာတဝိုက်မှာ
- ယားယံတာ
- ဆူးသေးသေးလေးတွေနဲ့ ထိုးသလို တဆစ်ဆစ်နဲ့ ကသိကအောက်ခံစားရတာ
- ရောင်ရမ်းတာ
- နာကျင်တာ
အခြားလက္ခဏာများ
- ဒိန်ချဉ်လို ခပ်ပျစ်ပျစ် အဖြူဆင်းတာ
- ဆီးပူ၊ ဆီးကျင်တာ
- အမျိုးသားနှင့်အတူနေချိန် နာကျင်တာ
(တချို့တွေမှာ မိန်းမကိုယ် အနံ့ဆိုးတာ ဖြစ်တတ်ပါတယ်)
ဘာကြောင့်ဖြစ်တာလဲ ?
Candida လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။ အဲဒီ့မှိုရောဂါပိုးဟာ အူလမ်းကြောင်းနဲ့ မိန်းမကိုယ်ထဲမှာ ပုံမှန်အားဖြင့် အနည်းငယ်ရှိတတ်ပြီး အန္တရာယ်မရှိပါဘူး။ သူ့ရဲ့ပုံမှန်အခြေအနေပျက်သွားပြီး ရှိသင့်တာထက်ပိုပွားလာရင်တော့ ရောဂါလက္ခဏာတွေစပြီးဖြစ်လာပါမယ်။
ဘယ်လိုလူတွေမှာ ဖြစ်တတ်သလဲဆိုတော့
– ဆီးချိုရောဂါရှိသူတွေ
– ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ
– ပိုးသတ်ဆေး/ စတီးရွိုက်ဆေးသောက်နေတဲ့သူတွေ
– ကိုယ်ခံအားနည်းသူတွေမှာ ပို၍ဖြစ်တတ်ပါတယ်
အခြားဖြစ်နိုင်ခြေတွေကတော့
– ကိုယ်ဝန်တားဆေးသောက်နေတဲ့သူတွေ
– သားအိမ်ထဲ ကိုယ်ဝန်တား ပစ္စည်းထည့်ထားသူတွေ
– အိပ်ရေးပျက်လွန်းသူတွေ
– စိတ်ဖိစီးမှုများသူတွေ
– ရာသီလာခါနီးနှင့်၊ ရာသီလာနေချိန်
– လိင်ဆက်ဆံတာ
– ဂျင်းဘောင်းဘီကျပ်ကျပ်ဝတ်လေ့ရှိသူတွေ
– နိုင်လွန်အတွင်းခံဘောင်းဘီဝတ်လေ့ရှိသူတွေ
– ရေကူးပြီး ရေကူးဝတ်စုံအစိုနဲ့ အကြာကြီးဆက်နေလေ့ရှိသူတွေ
– ကိုယ်အလေးချိန်များတဲ့သူတွေ
ကုသနည်း
မှိုသတ်ဆေးပါတဲ့ လိမ်းဆေး၊ သောက်ဆေး၊ မိန်းမကိုယ်ထဲထည့်တဲ့ ဆေးတောင့်တွေရောဂါအခြေအနေပေါ်မူတည်ပြိး ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ အများအားဖြင့် ၃-၄ ရက်ဆို သက်သာသွားတတ်ပါတယ်။
ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေဆိုရင် ကလေးအပေါ် ဆေးရဲ့ဘေးထွက်ဆိုးကျိုးမရအောင် ဆရာဝန်ကို မိမိမှာ ကိုယ်ဝန်လွယ်ထားကြောင်း အသိပေးပါ။
ယားယံတာ၊ နေရထိုင်ရမသက်မသာဖြစ်တာတွေအတွက် ဆားဆော်ဒါအမှုန့် ( bicarbonate of soda) တဇွန်းကို ရေခပ်နွေးနွေး ၁ လီတာမှာဖျော်ပြီး မိန်းမကိုယ်သန့်ရှင်းရေးလုပ်ပါ။တနေ့ ၂ကြိမ်-၃ကြိမ်သန့်ရှင်းရေးလုပ်နိုင်ပါတယ်။
ကာကွယ်နည်း
- ဂျင်းဘောင်းဘီကျပ်ကျပ်တွေ ဝတ်တာရှောင်ပါ။
- ချည်သားအတွင်းခံ ပွပွကိုဝတ်ပါ။
- မိန်းမကိုယ်ကို ဆပ်ပြာနဲ့ ဆေးတာက မိန်းမကိုယ်အတွင်းပိုင်းခြောက်စေပြီး Candida မှို လိုတာထက်ပိုပွားလာတာမျိုးစွဲတာမျိုးဖြစ်စေလို့ ရှောင်ကျဉ်ပါ။
- ရေချိုး၊ အိမ်သာသွားပြီးလျှင် မိန်းမကိုယ်ကိုသေချာခြောက်သွေ့အောင်သုတ်ပါ။
- အတွင်းခံလျှော်ဖွပ်ပြီး သေချာမခြောက်သေးခင် ဝတ်တာမျိုးရှောင်ပါ။
- မိန်းမကိုယ်မှိုစွဲနေစဉ် လိင်ဆက်ဆံတာရှောင်ပါ
- ကိုယ်ဝန်ဆောင် မိခင်များအတွက်
မိန်းမကိုယ်မှိုစွဲတာကို သေချာကုမထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကနေ သဘာဝအတိုင်းမွေးလာတဲ့ ကလေးလေးမှာ တခြားကလေးတွေထက် မှက်ခရုဖြစ်နိုင်ခြေပိုများပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ အဖြူတွေအရမ်းဆင်းပြီး မိန်းမကိုယ်ယားရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ မရှက်ပါနဲ့။
အထူးသတိပေးချက်
မိန်းမကိုယ်မှိုစွဲခြင်းကြောင့်ဖြစ်တဲ့ လက္ခဏာတွေက တခြားရောဂါတွေနဲ့ ဆင်တူဖြစ်နေနိုင်လို့ ဆရာဝန်နဲ့တိုင်ပင်ပါ။
Reference: Murtagh’s Patient Education, six edition: Vaginal Thrush
————————————————–
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.