ကျွန်တော် ပြောခဲ့ဖူးသလားလို့… ကိုယ်ဝန်တားခြင်း၊ တစ်နည်း သားဆက်ခြားခြင်းသည် ကြိုတင်ကြံစည်မှုပါလို့။

လူရွှင်တော် ကိုမောစ့်နဲ့ ဦးမိုးဒီ ပြက်လုံးကို သွားသတိရတယ်။ ဦးစာကလေး၊ ဒေါ်ကြွက်မတို့ရဲ့သမီး ဂျီကြီးမကို ကြည့်ပြီး မောင်တုတ်ကြီးက ကြက်ဥလေးလုံး သောက်တဲ့အမှုတဲ့။ ဘာပုဒ်မ တပ်ရပါမလဲခင်ဗျား ဆိုတော့ ကြိုတင်ကြံစည်မှုတဲ့။ ရီလိုက်ရတာ။ ခု ငါးဆယ်တန်းတွေဆိုရင်တော့ အဲဒီပြက်လုံး ကြားဖူးကြမှာပါ။ မိုးဒီနဲ့ မောစ့်ရယ်လို့ ပထမဆုံး မြန်မာကျော်သွားတဲ့ ပြက်လုံးထဲက ဇာတ်အပိတ်ပြက်လုံး။

ကြက်ဥသောက်တာတင် ကြိုတင်ကြံစည်ရမည် မဟုတ်ပါဗျ။ မလိုချင်သေးဘူးဆိုရင်လည်း ကိုယ်ဝန်တားဖို့ပါ ကြိုတင်ကြံစည်ကြပါဗျ။ ယောက်ျားနဲ့ မိန်းမ လူသားချင်း အရင်းနှီးဆုံးဆက်ဆံရေးဆီကို ဦးတည်နေကြတဲ့ စုံတွဲတိုင်း ကြက်ဥသောက်တာအပြင် မလိုချင်သေးရင် ကိုယ်ဝန်မရအောင် ကြိုတင်တားထားတဲ့ ကြိုတင်ကြံစည်မှုကို လုပ်ထားသင့်ပါတယ်။

အရေးပေါ် သန္ဓေတားခြင်းဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်သူတွေလိုအပ်မှာလဲ။ ရေတွက်ကြည့်ရအောင်နော….

(၁) မုဒိန်းကျင့်ခံရသူ အမျိုးသမီးများ
(၂) Club, bar များတွင် မူးယစ်မိပြီး one night stand တွင်ပါသွားသူ အမျိုးသမီးများ
(၃) ဆိတ်ကွယ်ရာတွင် တွေ့ဆုံမိသော သမီးရည်းစား စုံတွဲများ
(၄) ကွန်ဒုံး (Condom) ကို သန္ဓေတားနည်းအဖြစ် ပုံမှန်သုံးစွဲနေရင်း မတော်တဆ condom ပေါက်ပြဲ၊ ကျွတ်ကျန်ခဲ့သူများ
(၅) လက်ညှိုးကဒ် (c.o.c pills) ကို သန္ဓေတားနည်းအဖြစ် ပုံမှန်သုံးစွဲနေရင်း ဆေးသောက်ရက် နှစ်ရက်နှင့်အထက် မေ့သွားသူများ
(၆) အမျိုးသားက တစ်နှစ်ခန့် ခွဲနေရမည်ဆို၍ တားဆေးများ အကုန်ဖြတ်ထားပြီးမှ အမျိုးသား ရုတ်တရက်ပြန်ရောက်လာသူများ…………. စသည်ဖြင့် အမျိုးမျိုး ကွဲပြားနိုင်ပါသည်။

ဆေးကုသ‌နေသော ဆရာဝန်တဦးအနေဖြင့်မူ ဦးတည်ချည်းကပ်ရမည့် အုပ်စုနှစ်ခုသာရှိပါသည်။
(၁) နဲ့ (၂) က တစ်အုပ်စု
(၃)၊ (၄)၊ (၅)၊ (၆) က တစ်အုပ်စုပါ။

(၁) ကတော့ ခံပြင်းဒေါသထွက်စရာပါ။
(၂) က အန္တရာယ်ကို ဖိတ်ခေါ်သော အမူအကျင့် (risk taking behaviour) ရှိသူများလို့ ခေါ်ပါတယ်။

(၁) နဲ့ (၂) အတွက်က အရေးပေါ် သားဆက်ခြားခြင်းအပြင် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများကိုပါ ကြိုတင်ကာကွယ်ကုသသင့်သည်ဟု ဆိုပါသည်။ မုဒိန်းကျင့်ခံရသော အမျိုးသမီးများကို အရေးပေါ် သန္ဓေတားနည်းအပြင် HIV ပိုးအတွက် ကြိုတင်ကာကွယ်ဆေး (Post Exposure Prophylaxis PEP) တစ်လတိုက်ရမည်ဟု ညွှန်ကြားခံခဲ့ရဖူးပါသည်။ အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေးပါ ထိုးပေးရမည်ဟု ပြောပါသည်။ မုဒိန်းကောင်သည် လိင်ကိစ္စလွန်ကဲသူ၊ လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများရှိနေ/ဖြန့်ဝေနိုင်သူအဖြစ် သတ်မှတ်ပါသည်တဲ့ဗျား။ အန္တရာယ်ကို ဖိတ်ခေါ်သော အမူအကျင့် (Risk taking behaviour) ရှိသူများအတွက် အရေးပေါ် သားဆက်ခြားခြင်းအပြင် ရာနှုန်းပြည့် condom အသုံးပြုနိုင်အောင် ကျန်းမာရေး ပညာပေးရမှာ ဖြစ်ပါတယ်။

(၃) (၄) (၅) (၆) ကတော့ ပုံမှန်လက်တွဲဖော် ရှိသူတွေဖြစ်ပါတယ်။ အရေးပေါ် သားဆက်ခြားနည်း တစ်ခုပေးပြီး နောက်ဆက်လာမယ့် ဆက်ဆံမှုတွေအတွက် ပုံမှန်ကြိုတင်အသုံးပြုသင့်တဲ့ သားဆက်ခြားနည်းတစ်ခုခုကို လမ်းညွှန်ပေးသင့်တယ် ထင်ပါတယ်။ ခဏခဏ အရေးပေါ်နေလို့ မကောင်းဘူးလေ။

အရေးပေါ် သန္ဓေတားဆေးတွေကတော့ လူတိုင်းသိကြပါတယ်။ Postinol, Ecee 2, morning after pills, Lydia 1 safe pill စသည်ဖြင့် တံဆိပ်အမျိုးမျိုးနဲ့ လာပါတယ်။ အားလုံးမှာပါဝင်တာကတော့ Levonogestrol 1.5 mg ဖြစ်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် စောနိုင်သမျှစောစွာ သောက်သုံးရမည်ဟု ဆိုပါတယ်။ အတတ်နိုင်ဆုံး (၇၂) နာရီအတွင်း သောက်သုံးရမည်။ ထို့ထက်နောက်ကျပါကလည်း ငါးရက်အတွင်းဆိုလျှင် ကာကွယ်နိုင်စွမ်း ရှိသေးသည်ဟု ပြောကြပါတယ်။ ဒါတွေက အားလုံးသိကြပြီးသား ဖြစ်မှာပါ။ သင်္ကြန်ပွဲတော်တွေမှာ ဆေးဆိုင်တိုင်း ပစ္စည်းပြတ်သွားအောင် ရောင်းအားအကောင်းဆုံးက ဒီဆေးတွေပဲလေ။

ကျွန်တော်ဆိုလိုချင်တာက ဒီဆေးတွေရဲ့ ကာကွယ်နိုင်စွမ်းက ကြိုတင်သုံးထားရတဲ့ လက်ညိုးကဒ် (coc pill)၊ သုံးလခံထိုးဆေး၊ လက်မောင်းအရေပြားအောက် ထည့်ရသောဆေးတောင့်၊ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း စတာတွေထက် နိမ့်ပါတယ်။ အရေးပေါ်သန္ဓေတားဆေး သောက်ဆေးများသည် မလိုချင်သောကိုယ်ဝန်ကို ရာနှုန်းပြည့် မကာကွယ်ပေးနိုင်ပါ။ ပုံမှန် ဆက်ဆံဖေါ်ရှိသူတစ်ယောက်ဖြစ်လျှင် ကြိုတင်ကာကွယ်ထားသင့်ပါကြောင်း၊ အရေးပေါ်ဆေးကို အကြိမ်တိုင်းအားမကိုးသင့်ပါကြောင်း ဆိုလိုရင်းဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်….။

ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here