ဒီနေ့မှာတော့ ချယ်ရီသီးလေးတွေအကြောင်း ပြောပြချင်ပါတယ်။ စားစရာချယ်ရီသီးတော့ မဟုတ်ပေမယ့် ကျွန်တော်တို့အရေပြားပေါ်မှာ တွေ့ရတတ်တဲ့ cherry angioma ဆိုတဲ့ အနီရောင် အစက်အပျောက်လိုလို အဖုလေးတွေလိုလိုအရာတွေအကြောင်းကို ပြောပြပေးမှာပါ။

Cherry angiomas ဆိုတာ အရေပြားပေါ်မှာ တွေ့ရလေ့ရှိတဲ့ အနီရောင်အဖုသေးသေးလေးတွေပါ။ ဒီအဖုလေးတွေဟာ အသက် ၃၀ ကျော်မှာ အရေပြားပေါ်မှာ ပေါ်လာတတ်ပြီး အန္တရာယ်လည်းမရှိသလို ဖယ်ရှားပစ်လို့လည်း ရပါတယ်။ Cherry Angioma လေးတွေကို အများအားဖြင့် ခန္ဓာကိုယ်ရဲ့ ရင်ဘတ်၊ ဝမ်းဗိုက်နဲ့ ကျောဘက်တွေမှာ တွေ့ရတတ်သလို ခြေထောက်နဲ့ လက်တွေမှာလည်း ရှိတတ်ပါတယ်။ သူတို့ရဲ့ပုံစံက ဝိုင်းဝိုင်းသေးသေး၊ အနီဖျော့ဖျော့ကနေ အနီရင့်ရင့် အရောင်အမျိုးမျိုးနဲ့ ရှိတတ်ပါတယ်။ ဒါကြောင့်မို့လို့လည်း အရေပြားပေါ်မှာတွေ့ရတဲ့ အရောင်အဆင်းနဲ့ ပုံသဏ္ဍာန်အတိုင်း “ချယ်ရီ” ဆိုပြီး သုံးနှုန်းထားတာပါ။

ဒါ့အပြင် cherry angioma တွေကို Campbell de Morgan spots လို့လည်း ဆေးပညာအရခေါ်သေးသလို အသက်ရွယ်ကြီးတဲ့လူတွေမှာ အတွေ့များလို့ senile angiomas လို့လည်း ခေါ်ကြပါသေးတယ်။ အသက် ၃၀ ကျော်လူတွေရဲ့ ထက်ဝက်လောက်မှာ cherry angioma တွေ ပေါ်နိုင်ပါတယ်။ အသက် ၇၅ နှစ်နဲ့အထက်လူတွေမှာတော့ ၇၅ ရာခိုင်နှုန်းလောက်ထိကို သူတို့ရဲ့ အရေပြားပေါ်မှာ Cherry angioma တွေ ရှိနိုင်ပါတယ်။

လူတော်တော်များများမှာ cherry angioma တွေ ရှိနိုင်ပါတယ်။ အသက်ရွယ်ပေါ်မူတည်ပြီး ကျားမလူမျိုးမရွေးလည်း ဖြစ်တတ်ပါတယ်။ ကျန်းမာတဲ့လူပဲဖြစ်ဖြစ် ရောဂါအခံတစ်ခုခုရှိတဲ့သူပဲဖြစ်ဖြစ် cherry angioma တွေ ဖြစ်တတ်ပါတယ်။

Cherry angioma ရှိတယ်ဆိုရင် ဘာအန္တရာယ်မှ မဖြစ်စေနိုင်ပါဘူး။ မှဲ့ကင်ဆာ melanoma ဒါမှမဟုတ် အရေပြားပေါ်က မှဲ့လိုမျိုးအမှတ်တွေနဲ့ မှားတတ်ပေမယ့် ဘာအန္တရာယ်မှ မဖြစ်စေနိုင်တဲ့ အရေပြားပေါ်က အဖုအကျိတ်လေးတွေပါပဲ။

Cheery angioma ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေကိုတော့ အဖြေမတွေ့သေးပါဘူး။ ဒါပေမယ့် လေ့လာချက်တွေအရ cherry angioma တွေပေါ်စေနိုင်တဲ့ အချက်တွေကတော့…

  • အသက်အရွယ်
  • ကိုယ်ဝန်ဆောင်ခြင်း (ဟော်မုန်းအပြောင်းအလဲများ)
  • မျိုးရိုးဗီဇပုံမမှန်ခြင်း
  • ဓာတုပစ္စည်းများနဲ့ ထိတွေ့မှုများခြင်း စသည်တို့ပဲ ဖြစ်ကြပါတယ်။

Cherry angioma တွေရှိရင် ဘာလက္ခဏာမှ မပြတတ်သလို ယားယံတာမျ်ိုးလည်း မရှိပါဘူး။ ဒါမယ့် အဲဒီနားတစ်ဝိုက်မှာ ယားတာလိုမျိုး ခံစားနေရတယ်ဆိုရင် မကုတ်မိဖို့ သတိပြုဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုတ်မိလို့ အနာတရဖြစ်ရင် သွေးထွက်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ Cherry angioma နဲ့မတူဘဲ ခန္ဓာကိုယ်ပေါ်မှာ ယားယံနေတဲ့ အဖုအပိမ့်တွေရှိနေတယ်ဆိုရင်…

  • အရေပြားဓာတ်မတည့်ခြင်း
  • ဝက်ခြံပေါက်ခြင်း
  • အရေပြားခြောက်သွေ့ယားယံခြင်း
  • ရေကျောက် သို့မဟုတ် ရေယုန်ရောဂါတို့လည်း ဖြစ်နေနိုင်ပါတယ်။

ထူးခြားမှုတစ်ခုအနေနဲ့ဆို cherry angioma တွေကို ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့ခန္ဓာက်ိုယ်တွင်း ဟော်မုန်းအပြောင်းအလဲများတာကြောင့်မို့လို့ပါ။ ဒါပေမယ့် မီးဖွားပြီးရင်တော့ သူ့အလိုလို အရေအတွက်နည်းသွားပြီးတော့ ပျောက်သွားတတ်ပါတယ်။

Cherry angioma တွေကို သွေးစစ်/ဆေးစစ်နေစရာမလိုဘဲ အရေပြားပေါ်မှာ မျက်လုံးနဲ့ တပ်အပ်မြင်နိုင်ပါတယ်။ ပြီးတော့ အရေပြားပေါ်မှာ ပေါ်လာခဲ့ရင်လည်း အထူးကုသမှုမလိုဘဲ ကိုယ့်အနေနဲ့ စိတ်ထဲမှာသဘောမတွေ့ဘူးဆိုရင် ဖယ်ရှားပစ်လို့ရပါတယ်။

Cherry angioma တွေက အရေပြားပေါ်မှာရှိနေတဲ့ အဖုလေးတွေဆိုတော့ ပွန်းပဲ့တာ၊ ထိခိုက်မိတာရှိရင် သွေးထွက်ပြီး ပိုးဝင်တတ်ပါတယ်။ တကယ်လို့ ထိခိုက်မိလို့ သွေးထွက်သွားတယ်ဆိုရင် ပုံမှန်အရေပြားမှာ အနာတရဖြစ်သလိုပဲ သန့်ရှင်းအောင် ရေနဲ့ဆေး၊ ပိုးမဝင်အောင် ဆေးလိမ်းပြီး ပတ်တီးနဲ့ဖြစ်ဖြစ် ပတ်ပေးထားလို့ရပါတယ်။
တစ်ခါတလေကျ cherry angioma ရှိနေတဲ့နေရာမှာ ထိခိုက်ဒဏ်ရာရလွယ်လို့ ခဏခဏ သွေးထွက်လေ့ရှိတတ်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့အရေပြားအလှအပကိုလည်း ထိခိုက်တယ်လို့ ယူဆရင် ဖယ်ရှားပစ်လို့ရပါတယ်။ ခွဲစိတ်အထူးကုဆရာဝန် သို့ အရေပြားအထူးကုနဲ့ ပြသတိုင်ပင်ပြီး ခွဲစိတ်ဖယ်ရှားရမှာပါ။ ဒါပေမယ့် အဲဒီနေရာမှာ အမာရွတ်ဖြစ်နိုင်တာကိုတော့ သတိပြုရပါမယ်။ မိမိဘာသာ ဖယ်ရှားလို့ မရပါဘူး။ သေချာလေ့လာပြီး တတ်ကျွမ်းတဲ့ဆရာဝန်တွေကပဲ ဖယ်ရှားပေးလို့ရပါတယ်။

ဖယ်ရှားလို့ရတဲ့ နည်းလမ်းတွေထဲမှာ လျှပ်စစ်အပ်နဲ့ ခွဲစိတ်ဖယ်ရှားခြင်း၊ နိုက်ထရိုဂျင်အရည်သုံး၍ ဖယ်ရှားခြင်း၊ လေဆာနဲ့ဖယ်ရှားခြင်းတို့ ရှိပါတယ်။ ဒါပေမယ့် Cherry angioma တွေဟာ ခွဲစိတ်ဖယ်ရှားပြီးတာတောင်မှ တစ်ခါတစ်ရံ အရေပြားပေါ်မှာ ပြန်ပေါ်လာတတ်ပါတယ်။ အဲဒီလိုဖြစ်လာရင်လည်း အထူးစိုးရိမ်စရာမလိုပါဘူး။

Cherry angioma တွေဖြစ်ရတဲ့ အဓိကအကြောင်းရင်းအစစ်ကိုတော့ မသိရသေးတဲ့အတွက်ကြောင့် အရေပြားပေါ်မှာ လုံးဝပေါ်မလာအောင် ကာကွယ်လို့ရတဲ့နည်းလမ်းလည်း မရှိသေးပါ။ အကြံပြုလိုတာက ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုမရှိအောင်တော့ နေပေးရပါမယ်။

တကယ်လို့ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာမှာ cherry angioma လေးတွေ ရှိနေပြီဆိုရင် ဘာမှစိုးရိမ်စရာမလိုပါဘူး။ ဘေးဥပဒ်လည်း မဖြစ်စေတာကြောင့် ထူးထွေပြီး ကုသပေးစရာ မလိုပါဘူး။

အကယ်၍ ဆရာဝန်နဲ့ပြသတိုင်ပင်ဖြစ်တယ်ဆိုရင်တော့ မေးသင့်တာက…

-အရေပြားပေါ်က အဖုအပိမ့်လေးတွေဟာ cherry angioma လား/ မှဲ့ကင်ဆာ melanoma လား

  • cherry angioma ဆိုရင် ထိခိုက်ဒဏ်ရာရပြီး သွေးမထွက်အောင် ဘယ်လိုဂရုစိုက်သင့်လဲ
  • တကယ်လို့ ခွဲစိတ်ဖယ်ရှားချင်တယ်ဆိုရင် ဘယ်လိုလုပ်သင့်လဲ
  • ဖယ်ပြီးရင်ရော အရေပြားမှာ အမာရွတ်ဖြစ်နိုင်လား စတဲ့မေးခွန်းတွေ မေးလို့ရပါတယ်။

အနှစ်ချုပ်ကတော့…

အရေပြားပေါ်က ချယ်ရီသီးလေးတွေ (Cherry angioma) ဟာ ဖြစ်လေ့ရှိကြပြီး ဘေးအန္တရာယ်မဖြစ်စေနိုင်ပါ။ အသက်အရွယ်ကြီးလာတဲ့အခါမှာ အဖုအပိမ့်လေးတွေ ပေါ်လာလို့ စိုးရိမ်စရာမလိုပါဘူး။ ပြောရမယ်ဆိုရင် cherry angioma ဟာ သဘာဝအရဖြစ်လာတာကြောင့် ကိုယ့်ရဲ့ အရေပြားဆိုင်ရာအလှအပကို ထိခိုက်တယ်လို့ ယူဆမှသာ ဖယ်ရှားသင့်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်…။

Reference: 📖

https : // my . clevelandclinic . org / health /diseases /22786 – cherry – angioma

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here