Osteoporosis လို့ခေါ်တဲ့ အရိုးပွခြင်းကြောင့် (၂) မိနစ်မှာ လူ (၁) ယောက်နှုန်း အရိုးကျိုးနေကြပါသတဲ့…????

(ယူကေမှာပေါ့….ဒို့ဆီမှာလည်း များမှာပဲ)

မာ​ကျောသလောက် “ ဂလောက်” ဆို “ ဂျွတ်” ခနဲ ကျိုးနိုင်တာလည်း ဒီအရိုးပဲဖြစ်ပါတယ်။

ကလေးတွေ ဆော့ရင်းနဲ့ကျိုးလို့ ကျောက်ပတ်တီးစည်းကြရသလို အရွယ်ရောက်ပြီးသူတွေရော၊ သက်ကြီးပိုင်းလူကြီးတွေပါ အရိုးကျိုးနိုင်ခြေရှိတာပေါ့။

အထူးသဖြင့် အရိုးပွနေတာမျိုးဆို ပိုကျိုးနိုင်တာပေါ့။ သာမန် ဘာမဟုတ်တဲ့အားလေးနဲ့ ချော်လဲကျလိုက်လို့ သာသာလေးထောက်လိုက်တာတောင် ကျိုးသွားကြတာတွေ ရှိတာပဲလေ။

..

..

ဘယ်လိုလူတွေက အရိုးပိုကျိုးလွယ်လဲ…အရိုးပွ ပိုဖြစ်လွယ်လဲ ?

– အရက်သေစာ အသောက်အစားများသူတွေ

– သွေးဆုံးတာကြာပြီဖြစ်တဲ့ အမျိုးသမီးတွေ

(ဒီလိုအမျိုးသမီးတွေမှာတော့ ပဲပိစပ် စားပေးခြင်းဖြင့် အီစတိုဂျင်လို ဓာတ်များလာနိုင်ပြီး အရိုးပွတာကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်)

– အတက်ကျဆေးလိုမျိုး အရိုးပွစေတဲ့ဆေးတွေ ကြာရှည်သောက်နေရသူတွေ

– ငယ်ငယ်ကတည်းက ပိန်ပိန်ပါးပါးနဲ့ ကယ်လ်စီယမ် အစားနည်းပြီး ဗီတာမင်ဒီလည်း ချို့တဲ့သူတွေ

– ဆေးလိပ်သောက်သူတွေ….စတာတွေမှာတော့ သူတို့ရဲ့ အရိုးလေးတွေဟာ “ အထိမခံ ရွေပန်းကန်” ဖြစ်လွယ်တာပေါ့ ????

..

..

တကယ်တော့ အသက် ၃၀ ကျော်လောက်မှာရှိတဲ့ အရိုးရဲ့ခိုင်ခံ့မှုက အကောင်းဆုံးပါတဲ့ ????

အဲဒီ့နောက်ပိုင်းမှာတော့ ကိုယ့်ရဲ့စားသောက်နေထိုင်မှု၊ မျိုးရိုးနဲ့ အခြားအကြောင်းအရာတွေပေါ် မူတည်ပြီး တစ်နှစ်ထက်တစ်နှစ် အရိုးရဲ့ခိုင်ခံမှုက လျော့နည်းလာပါတယ်။

.

ဒါဖြင့်ရင် သာမန်အတိုင်း အကောင်းတိုင်းရှိတဲ့အရိုးကို ကောင်းမြဲတိုင်းကောင်းအောင်၊ အရိုးမပွအောင် ထိန်းသိမ်းဖို့နည်းလမ်းလေးတွေ ပြောပြမယ်နော်….

“ မသုံးဘဲထားတဲ့ဓား သံချေးတက်” သလိုပါပဲ…အရိုးတွေ၊ ကြွက်သားတွေဆိုတာကလည်း ပုံမှန်အလုပ်လုပ်နေရမှ သန်မာတာပါ။ တစ်ပတ် (၂) ရက် အလေးမလေ့ကျင့်ခန်း၊ တစ်ပတ် (၃-၄) ရက် အေရိုးဘစ်လို ပြေးရ၊ လမ်းလျှောက်ရတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။

လူလတ်ပိုင်းအရွယ်တွေမှာက တာ၀န်တွေများ၊ အလုပ်တွေများ၊ ပိုက်ဆံရှာရနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ သီးသန့်အချိန်မပေးနိုင်ရင်တော့…ပုံမှန်လမ်းလျှောက်ပေးတာမျိုး၊ လမ်းမှာ တစ်ခုခုကိုစောင့်ရင်းနဲ့ အကြာကြီးမတ်တပ်ရပ်ရတဲ့အခါ ခြေတစ်ဘက်စီနဲ့ ရပ်ကြည့်တာမျိုး (ခြေတစ်ဘက်ထဲက တစ်ကိုယ်လုံးစာ မ ရတော့ ဒါလည်းပဲ အလေးမတာပါပဲ) ၊ နောက်ပြီး…အိမ်အလုပ်လုပ်တာ၊ အိမ်မှာ ရေပုံး မ ရတာတို့လို ပုံမှန်လုပ်နေကျ နိစ္စဓူ၀လုပ်ငန်းမျိုးတွေကို လုပ်ပေးနိုင်ပါတယ်။

အိပ်ရာထဲ လဲနေရသူတွေနဲ့ ဘိုးဘိုးဘွားဘွားတွေကိုလည်း ပြင်းပြင်းထန်ထန်မလုပ်နိုင်တောင် လုပ်နိုင်သလောက် လှုပ်ရှားမှုလေးလုပ်စေချင်ပါတယ်။

..

..

နောက်တစ်ခုကတော့ အစားအသောက်ပေါ့။

အစားအသောက်က မျှတရပါမယ်။ အသားဓာတ် လုံလောက်စွာ စားပေးရမယ်…ကယ်လ်စီယမ် ကြွယ်၀တာ စားပေးရမယ်….ဗီတာမင်ဒီ မချို့တဲ့ရဘူးပေါ့ ????

အဲဒီ့မှာလည်း ဖြည့်စွက်စာတွေ၊ အားဆေးတွေသောက်တာထက် သဘာ၀အစားအစာက ရတာကိုပဲ ပိုအားပေးချင်ပါတယ်။ ဆေးကရတဲ့ ဓာတ်ပေါင်းတွေက တစ်ခါတစ်ရံ ခန္ဓာကိုယ်ကနေ စွန့်ပစ်ရခက်ပါတယ်။ ဒီတော့ အခန့်မသင့်လို့ အများကြီး သောက်မိတာမျိုးဆို overdose နဲ့ အဆိပ်သင့်လက္ခဏာတွေ ဖြစ်နိုင်တာပေါ့။

အစားအစာမှာ အသားဓာတ်များတာကတော့ အသား တွေပေါ့။ အသားမကြိိုက်ရင်တော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊​ ပဲပိစပ်၊ တို့ဖူး၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ မြေပဲနဲ့ အစေ့အဆန်တွေ ဒါတွေပိုစားပေးနိုင်ပါတယ်။

ကယ်လ်စီယမ် (Calcium) က လူကြီးဆို တစ်ရက်မှာ (၇၀၀-၈၀၀) မီလီဂရမ် လိုအပ်ပါတယ်။

Calcium များတာကတော့ – နို့လို့ ထင်နေပြီမို့လား ?

တကယ်တော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း များပါတယ်။ နောက်ပြီး နို့ထက် အခြား ကယ်လ်ဆီယမ် အများကြီးများတာက ဂဏန်း (အညာအခေါ် ပုဇွန်လုံး) ၊ ဖားသား မြွေသား (တောထဲမှာတော့ စားကြတယ်) ၊ ပုဇွန်နဲ့ ငါးအမျိုးမျိုး၊ သက်သက်လွတ်သမားဆိုရင်တော့ နှမ်း (အနက်/အဖြူ) ၊ တိုဖူးအ၀ါအနှစ် စတာတွေမှာ ကယ်လ်စီယမ်ကြွယ်၀စွာ ပါ၀င်ပါတယ်။

နို့မသောက်လည်း အပေါ်က ညွှန်တာလေးတွေ များများစားပေးဖို့ ကြိုးစားကြပါစို့…။

..

..

အရိုးပွခြင်းရဲ့ နောက်ထပ်ဇာတ်ကောင်တစ်မျိုး ဗီတာမင်ဒီ

သူကတော့ ဒီတူး (D2) နဲ့ ဒီသရီး (D3) ဆိုပြီး ရှိပါတယ်။ ဒီတူးက အစားအစာက ရတယ်…ဒီသရီးက နေရောင်ခြည်က ရတယ်ပေါ့။

ဒီတူးအတွက်က တီလားဗီယား၊ ငါးခုံးမနဲ့ အခြားငါးတွေဆီကရပြီး ငွေနှင်းမှိုစားရင်လည်း ဒီတူး ရနိုင်ပါတယ်။

(တီလားဗီးယားနဲ့ ငါးခုံးမ ၂ မျိုးကတော့ ငါးတွေထဲ ဗီတာမင်ဒီ အများဆုံးပေါ့)

ဒီသရီး အတွက်တော့ တစ်ပတ်မှာ (၂-၃) ကြိမ်လောက် တစ်ခါနေပူစာလှုံတယ်ဆိုရင် (၁၅) မိနစ်ဆို လုံလောက်ပါပြီ။ နေအမြဲပူနေတဲ့ ဒေသတွေဖြစ်တာကြောင့် မိုးတအားမအုံ့ဘဲ ကောင်းကင်ကြည်ရှင်းနေပြီဆို တစ်နှစ်လုံးမှာ (၃) လလောက် နေရောင်ခြည်နဲ့ ထိတွေ့ပေးရင်ကို ရပါတယ်။

နေရောင်ခြည် ထိတွေ့ရမယ့်အချိန်ကတော့ မနက်စောစော မဟုတ်ဘူးနော်…မနက် (၁၀) နာရီကနေ နေ့လည် (၃) နာရီအတွင်းပါ။

ဒါ့ကြောင့် တကူးတက ဒီသရီးဆေးတွေ သောက်နေစရာ မလိုတော့ဘူးနော်…ဟိုနားဒီနား နေ့လည်ခေါင် မုန့်ထွက်၀ယ်လိုက်တာနဲ့ ဒို့တိုင်းပြည်က ဗီတာမင်ဒီသရီးကနေ ပြေးမလွတ်ပဲ ????

နေပူစာလှုံမယ်ဆို အနွေးထည်တွေ ဟူဒီတွေ ၀တ်တာ၊ နေကာခရင်မ် သုံးတာမျိုးတော့ မလုပ်နဲ့ပေါ့

(အသားမည်းမှာတို့ အရေပြားကင်ဆာတို့အတွက်ကတော့ တစ်ပတ်မှာ ၂ ကြိမ်လောက်၊ တစ်ခါမှာ ၁၅ မိနစ်လောက်မို့ စိတ်ပူစရာမရှိပါနော်)

ဒါကြောင့် နိုင်ငံခြားသားတွေ ဘီကနီလေးတွေနဲ့ ကမ်းခြေမှာ နေပူစာလှုံနေကြတာ ထင်ပါ့။ တစ်နှစ်မှာ တစ်နွေလောက်ပဲ ဖြစ်ဖြစ် (ဒို့တိုင်းပြည်မှာတော့ ဆောင်းမရောက်ခင် တိမ်ရှင်းတဲ့အချိန်) ဆိုရင်ကို တစ်နှစ်လုံးစာ လုံလောက်ပါသတဲ့။

ဒါကြောင့်…အားဆေးတွေအရမ်းကာရော မသောက်ပါနဲ့​

(ထပ်ပြောမိပြန်ပြီ ????)

အရိုးပွတာအတွက် အသီးအရွက်တွေလည်း ဖြစ်နိုင်ရင် များများစားပေးပြီး၊ ရာသီပေါ် သစ်သီး၀လံလေးတွေလည်း စားပေးပါ။ ဒါမှ အခြားဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ အစုံရမှာပါ။

.

နိဂုံးချုပ်ရရင်တော့ အရိုးမပွအောင် အထက်ပါအချက်တွေ လုပ်ပေးပါ…

အရိုးပွ/မပွကို သိနိုင်အောင် DEXA ဆိုတဲ့ အရိုးပွ စစ်ဆေးတာနဲ့ ဆေးရုံတွေမှာ စစ်ဆေးကြည့်နိုင်ပါတယ်။ အရိုးပွဖြစ်တာ သေချာနေပြီဆိုရင်လည်း ဆရာ၀န်က ဆေးပေးတာတွေရှိပါတယ်။

ဒီတော့ ကိုယ့်ကိုယ်ကို အရိုးပွဖြစ်နိုင်ခြေများတဲ့အုပ်စုထဲပါနေပြီဆို သေချာစစ်ဆေးပြီး ကိုယ်လက်လှုပ်ရှား အစားအစာနဲ့ထိန်း၊ ဆေးသောက်ဖို့လိုတယ်ဆိုလည်း သောက်သင့်ပါတယ်

(​ဆရာ၀န်နဲ့ သေချာတွေ့ပြီး ညွှန်ထားတဲ့ ဆေးနော်…ကြော်ငြာတက်လာတဲ့ ဒီသရီးကို ဆိုလိုတာမဟုတ်ပါ)

အရိုးမကျိုးရင်တော့ အကောင်းဆုံးပေါ့…

အရိုးကျိုးသွားပြီဆိုရင်လည်း ဓါတ်မှန်ရိုက်ပြီး သေချာပြန််ဆက်အောင် လုပ်ပါ။ သာမန်အရပ်ထဲ ဆေးစည်းတာမျိုးမလုပ်ပါနဲ့…မပေါ့ပါနဲ့နော်။

ဥပမာ – ပေါင်ထိပ်ရိုးကျိုးတဲ့သူတွေဆို ပေါ့ဆရင် သွေးခဲပိတ်တာမျိုး၊ အသက်သေဆုံးတာတွေထိလည်း ဖြစ်နိုင်တာမို့ပါ။ ကောင်းကောင်းပြန်ဆက်အောင် ဆရာ၀န်ညွှန်ကြားတာ လုပ်ဖို့လိုတဲ့အပြင် ထပ်မကျိုးအောင် ဆောင်ရန်/ရှောင်ရန်တွေလည်း လိုက်နာစေလိုပါတယ်။

.

အားလုံးပဲ ကျန်းမာသန်စွမ်းကြပါစေ။

အာဟာရ ဆရာ၀န်တစ်ဦး

တယ်လီကျန်းမာ

Reference: ???? https:// www.bda.uk .com/uploads/assets/d8edf185-1b91-49ae-b7152b2071d41786/d7910872-4c20-4471-a097507874ac2f7b/Osteoporosis-food-fact-sheet.pdf

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here