သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်းနှင့် အလွှဲများ

0
399

သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာနဲ့ ပတ်သက်ပြီး လက်ထောက်ဆရာဝန်ဘဝက ငိုအားထက် ရယ်အားသန်ခဲ့ရတဲ့ အလွဲလေးတစ်ခုအကြောင်း ပြောပြမယ်နော်။

အရင်ဆုံး အခြေခံဗဟုသုတလေးက စပါရစေ…

အမျိုးသမီးများ သွေးဆုံးပြီလို့ ဘယ်တော့မှ တစ်ထစ်ချ သေချာပေါက် ရဲရဲပြောဝံ့သလဲဆိုရင် ရာသီမမှန်စေသော မဟော်မုန်းပါ ကိုယ်ဝန်တားဆေးများ လုံးဝမသုံးဘဲ သဘာဝအတိုင်း ရာသီမပေါ်တာ တစ်နှစ်တင်းတင်းပြည့်မှ ပြောရဲပါတယ်။

မြန်မာအမျိုးသမီးများရဲ့ သွေးဆုံးသောပျမ်းမျှအသက်သည် ၄၈ – ၅၅ လို့ ဆိုပါတယ်။ ဒါကြောင့် အသက် ၃၅ – ၄၀ ကျော်ရင် မဟော်မုန်းပါ သန္ဓေတားနည်းတွေကိုသုံးဖို့ အားမပေးတော့ဘဲ ရက်ရှောင်နည်း၊ အမျိုးသားလိင်တံအစွပ်သုံးနည်း၊ သားအိမ်အတွင်းထည့်ရသော သန္ဓေတားပစ္စည်းသုံးနည်း၊ စိတ်ပိုင်းဖြတ်နိုင်ပြီး နောက်ထပ် လုံးဝကိုယ်ဝန်မယူတော့ဟု သေချာလျှင် အမျိုးသမီး၏ ချစ်သူလမ်းကြားလေးကို ဖြတ်တောက်သောနည်း စသည်တို့ကို ပြောင်းလဲအသုံးပြုရန် အကြံပြုရပါသည်။ သို့မှသာ ရာသီလုံးဝမပေါ် တစ်နှစ်တင်းတင်းပြည့်လျှင် သွေးဆုံးပြီ ပြောနိုင်ပါမည်။

သွေးဆုံးပြီးမှ သွေးပြန်ဆင်းလျှင် ပေါ့ဆမနေသင့်ပါ။ နီးစပ်ရာ သားဖွားမီးယပ် အထူးကုဆရာဝန်ဖြင့် တိုင်ပင်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် သွေးဆုံးပြီးမှ သွေးပြန်ဆင်းသော အမျိုးသမီး ၁၀ ယောက်တွင် တစ်ယောက်သည် သားအိမ်ခေါင်းကင်ဆာ သို့ သားအိမ်အတွင်းနံရံကင်ဆာရောဂါကြောင့် သွေးဆင်းခြင်း ဖြစ်ပါသည်။

သားအိမ်ခေါင်းကင်ဆာကို စစ်ဆေးရသည်မှာ လွယ်ကူပါသည်။ အမျိုးသမီးကို ပက်လက်အိပ် ဒူးထောင်ပေါင်ကား နေခိုင်းရပါသည်။ ကလေးရိုးရိုးမွေးထွက်ခါနီး ပုံစံပေါ့ဗျာ။ ထို့နောက် မွေးလမ်းကြောင်းအတွင်း ထည့်ကြည့်ရသော ပြွန်ချောင်းလေး (Cusco’ s bivalves speculum) ထည့်လိုက်လျှင် သားအိမ်ခေါင်းကို မြင်ရပါပြီ။ ၎င်းတွင် ကင်ဆာဟု သံသယဖြစ်ဖွယ် အနာတွေ့ရှိပါက အနာမှ အသားစအနည်းငယ် ဖဲ့ယူ၍ ကင်ဆာ ဟုတ်/မဟုတ် ဓာတ်ခွဲခန်းတွင် စစ်ဆေးရမည်ဖြစ်ပါသည်။

သားအိမ်အတွင်းနံရံကင်ဆာ ဟုတ်/မဟုတ် စစ်ဆေးရာတွင်မူ အဆင့်နှစ်ဆင့် ရှိပါသည်။ ပထမအဆင့်အနေဖြင့် သားအိမ်အတွင်းနံရံကို အာထရာဆောင်း Ultrasound (USG) ရိုက်၍ အထူကို တိုင်းပေးပါရန် ဓာတ်မှန်ဆရာဝန်ကို အကူအညီတောင်းရပါသည်။ သားအိမ်အတွင်းနံရံအထူ 4 mm အောက်ဆိုလျှင် ကင်ဆာမဖြစ်နိုင်ပါ။ ပြတ်ပြတ်သားသား ပြောလို့ရပါသည်။ 4 mm ကျော်လျှင်တော့ သားအိမ်ခြစ်ပြီး အတွင်းနံရံအပိုင်းအစ အနည်းငယ်ကိုရယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးရပါသည်။

ကျွန်တော်တို့ ငိုအားထက် ရယ်အားသန်ရသော ကိစ္စမှာ……….

တစ်နေ့သ၌ပေါ့ဗျာ ကျွန်တော်တို့ လက်ထောက်ဆရာဝန် သူငယ်ချင်းနှစ်ယောက် ညဂျူတီကျတယ်။ ညကိုးနာရီလောက် အသက် ၆၀ အမျိုးသမီးကြီးတစ်ယောက် သွေးဆင်းလို့လာတယ်။ သေချာတယ် သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း Post Menopausal Bleeding (PMB) ပေါ့။ ဟ ဘယ့်နှယ့် ဒါက အရေးပေါ်လည်း မဟုတ်ဘဲနဲ့ပေါ့။ ဘာကိစ္စ ညကြီးလာရတာလဲပေါ့။ PMB ဆိုရင် သားအိမ်ခေါင်းနဲ့ သားအိမ်အတွင်းနံရံကင်ဆာပဲ စိတ်ထဲမှာ ပြေးမြင်နေတာကိုး။ ၁၀ ယောက်မှာမှ ၁ ယောက်ပဲ။ တခြားကိုးယောက်က တခြားအကြောင်းတွေဆိုတာ မေ့နေတာ။

အဲလိုနဲ့ ကြည့်တော့ထားဦးမှပါ။ ဘာမှမကြည့်ထားရင် မနက်ကျ မမ OG ဆူနေလိမ့်မယ်ဆိုပြီး သူငယ်ချင်းနှစ်ယောက် လူနာစမ်းတဲ့အခန်းဆီ ချီတက်သွားကြရော။ လူနာကို နာမည်၊ အသက်၊ ဘာညာကွိကွ မေးပြီး မွေးလမ်းကြောင်းထဲ ပြောင်းထည့်ကြည့်ဖို့ ပြင်ရတာပေါ့။ သားအိမ်ခေါင်းမှာ အနာရှိ/မရှိ ကြည့်မယ်လေ။ ပြောင်းကိုချောဆီလေးသုတ်ပြီး အညင်သာဆုံး ထိုးထည့်လိုက်တာပဲ။ လူနာက တွန့်ခနဲ ဖြစ်သွားတယ်။ ဘေးကသူငယ်ချင်းက ထအော်တယ် PCT (post-coital tear) ကွတဲ့ (အမျိုးသားနှင့် လိင်ဆက်ဆံပြီးနောက် အမျိုးသမီးမွေးလမ်းကြောင်း အတွင်းနံရံ စုတ်ပြဲခြင်း) ဟုတ်ပါ့မလားကွဆိုပြီး သေချာကြည့်တော့ ဟုတ်တယ်ဗျ။ မွေးလမ်းကြောင်း အတွင်းနံရံထိပ်မှာ ကန့်လန့်ဖြတ် လခြမ်းပုံလေး ပြဲနေတာ။ အတော်လေးကို မျက်နှာပိုးသတ်ပြီး လူနာရှင် မိသားစုဝင်တွေကို အဆင်ပြေသလို ကြည့်ကျက်ရှင်းပြပြီး ညတွင်းချင်း ခွဲခန်းဝင် ပြန်ချုပ်ပေးလိုက်ရတယ်။

မှားတဲ့အခါလည်း မှားပေမှာပေါ့နော်….

လောကကြီးမှာ ကိုယ်ထင်မထားတာတွေလည်း ဖြစ်တတ်တာကိုး….။

ဒေါက်တာဝသုန်

အထူးကုဆရာဝန်တစ်ဦး

လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here