ဒီအပတ်မှာတော့ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း (Ectopic pregnancy) အကြောင်းကို ပြောပြချင်ပါတယ်။

အမျိုးသမီးတစ်ဦးကိုယ်ဝန်ဆောင်ရတဲ့အခါ မျိုးအောင်ခြင်းကနေ မီးဖွားခြင်းအထိ သူ့ရဲ့ ခန္ဓာကိုယ်မှာ အဆင့်များစွာ ဖြစ်ပေါ်ပါတယ်။ ဒီအဆင့်တွေထဲကတစ်ခုမှာ မျိုးအောင်ပြီးတဲ့ မမျိုးဥဟာ သားအိမ်မှာ ကပ်တွယ်ရပါတယ်။ သားဥအိမ်ပြင်ပကိုယ်ဝန်မှာတော့ မျိုးအောင်ပြီးတဲ့မျိုးဥဟာ သားအိမ်ပြင်ပဖြစ်တဲ့ သားအိမ်ပြွန်၊ ဝမ်းဗိုက်အတွင်း သို့မဟုတ် သားအိမ်ခေါင်းမှာ ကပ်တွယ်နေတတ်ပါတယ်။

ကိုယ်ဝန်စမ်းသပ်ကြည့်တဲ့အခါ အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေကြောင်းကို စမ်းသပ်သိရှိနိုင်သော်လည်း မျိုးအောင်တဲ့မျိုးဟာ သားအိမ်မှလွဲပြီး အခြားဘယ်နေရာမှာမှ ကောင်းစွာမကြီးထွားနိုင်ပါဘူး။ American Academy of Family Physicians (AAFP) ရဲ့ အဆိုအရ သားအိမ်ပြင်ပကိုယ်ဝန်ဟာ ကိုယ်ဝန်ဆောင် အယောက် 50 မှာ 1 ယောက် (1,000 မှာ 20) လောက် ဖြစ်ပွားတတ်တယ်လို့ ဆိုပါတယ်။

သားအိမ်ပြင်ပကိုယ်ဝန်ကို မကုသဘဲထားရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ချက်ချင်းကုသမှသာ နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အနာဂတ်မှာ ကျန်းမာတဲ့ကိုယ်ဝန်ရရှိဖို့ အခွင့်အလမ်းတွေ တိုးလာစေမှာပါနော်။

🤰🏻သားအိမ်ပြင်ပကိုယ်ဝန်ကို ဘာတွေကဖြစ်စေသလဲ……

သားအိမ်ပြင်ပကိုယ်ဝန် ဖြစ်ရတဲ့အကြောင်းရင်းတွေက သေချာရှင်းလင်းတိကျနေတာတော့ မဟုတ်ပါဘူး။

  • ယခင်က သားအိမ်ပြွန်ရောင်ရမ်းဖူးခြင်း၊ ပိုးဝင်ဖူးခြင်းနဲ့ ခွဲစိတ်မှုကြောင့် အမာရွတ်ကျန်ခဲ့ခြင်း
  • ဟော်မုန်းများ
  • မျိုးရိုးဗီဇ မူမမှန်မှုများ
  • မွေးရာပါချို့ယွင်းချက်
  • သားဥပြွန်နှင့် မျိုးပွားအင်္ဂါရဲ့ ပုံသဏ္ဍာန်နဲ့ အခြေအနေတို့ကို ထိခိုက်စေနိုင်သောရောဂါရှိတာတွေဟာ သားအိမ်ပြင်ပကိုယ်ဝန်နဲ့ ဆက်စပ်နေနိုင်တာကြောင့် ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးခြင်းကသာ ပိုမိုတိကျတဲ့အဖြေကို ပေးနိုင်ပါလိမ့်မယ်။ 
    ..
    ..

🤰🏻 သားအိမ်ပြင်ပကိုယ်ဝန်ဟာ ဘယ်သူတွေမှာ ဖြစ်နိုင်ခြေပိုများလဲ……

လိင်ပိုင်းဆိုင်ရာတက်ကြွတဲ့ အမျိုးသမီးတိုင်းဟာ သားအိမ်ပြင်ပကိုယ်ဝန် ဖြစ်နိုင်ခြေရှိပါတယ်။

  • အသက် 35 နှစ်နဲ့အထက် မိခင်များ
  • တင်ပါးဆုံတွင်းခွဲစိတ်မှု၊ ဝမ်းဗိုက်ခွဲစိတ်မှုခံယူဖူးသူများနဲ့ ကိုယ်ဝန်ဖျက်ချမှုခဏခဏလုပ်ဖူးသူများ
  • တင်ပါးဆုံတွင်းရောင်ရမ်းရောဂါ (PID) ဖြစ်ဖူးသူများ
  • သားအိမ်အမြှေးပါးရေအိတ်တည်ခြင်း
  • သားအိမ်တွင်းထည့်သန္ဓေတားပစ္စည်းထည့်ထားသည့်ကြားမှ ကိုယ်ဝန်ရခြင်း
  • ဖန်ပြွန်သန္ဓေဆောင်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ယခင်က သားအိမ်ပြင်ပကိုယ်ဝန်ဆောင်ဖူးခြင်း
  • ဆီးပူညောင်းကျရောဂါ သို့မဟုတ် Chlamydia ကဲ့သို့ လိင်မှတစ်ဆင့်ကူးစက်တတ်‌သောရောဂါရှိဖူးခြင်း
  • သားဥပြွန်တည်ဆောက်ပုံ မူမမှန်ခြင်းများကြောင့် သားအိမ်ပြင်ပကိုယ်ဝန်ရနိုင်ခြေကို ပိုတိုးစေနိုင်ပါတယ်။ 

အထက်ပါအချက်တွေရှိနေရင် ဆရာဝန်နဲ့ သေချာပြသ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အနာဂတ်မှာ သားအိမ်ပြင်ပကိုယ်ဝန်ဖြစ်နိုင်ခြေတွေကို လျှော့ချဖို့ သားဖွားမီးယပ်အထူးကုဆရာဝန်နှင့်လည်း ပြသနိုင်ပါတယ်။
..
..

🤰🏻သားအိမ်ပြင်ပကိုယ်ဝန်ရဲ့ လက္ခဏာတွေက ဘာတွေလဲ……

ပျို့ခြင်းနဲ့ ရင်သားနာခြင်းတို့ဟာ ပုံမှန်ကိုယ်ဝန်ဆောင်တွေရော သားအိမ်ပြင်ပကိုယ်ဝန်ဆောင်တွေမှာပါ အဖြစ်များတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

  • ဝမ်းဗိုက်၊ တင်ပါးဆုံရိုး၊ ပခုံး သို့မဟုတ် လည်ပင်းတို့တွင် နာကျင်ခြင်း
  • ဝမ်းဗိုက်ရဲ့ တစ်ဖက်ခြမ်းတွင် ပြင်းထန်စွာနာကျင်ခြင်း
  • မိန်းမကိုယ်မှ သွေးဆင်းခြင်း
  • မူးဝေခြင်း သို့မဟုတ် မူးမေ့ခြင်းလက္ခဏာတွေဟာ သားအိမ်ပြင်ပကိုယ်ဝန်တွင် ပိုအဖြစ်များပြီး အရေးပေါ်ကုသမှုကို လိုအပ်နိုင်ပါတယ်။

ကိုယ်ဝန်ရှိပြီး ဒီလက္ခဏာတွေ ရှိနေရင်တော့ ပေါ့ဆမနေသင့်ဘဲ ဆရာဝန်နဲ့ပြပြီး ကုသမှုကို ချက်ချင်းရယူသင့်ပါတယ်။
..
..

🤰🏻သားအိမ်ပြင်ပကိုယ်ဝန်ကို ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ……

သားအိမ်ပြင်ပကိုယ်ဝန်ရှိနိုင်တယ်လို့ သံသယရှိရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြသသင့်ပါတယ်။ သားအိမ်ပြင်ပကိုယ်ဝန်ရှိ၊ မရှိကို ပြင်ပစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ ရောဂါရှာဖွေဖို့ မိန်းမကိုယ်မှတဆင့် ultrasound ရိုက်ခြင်း (transvaginal ultrasound) ဖြင့် စမ်းသပ်စစ်ဆေးနိုင်ပါတယ်။ hCG နှင့် progesterone ဆိုတဲ့ ဟော်မုန်းပမာဏကို သိဖို့ သွေးစစ်ဆေးမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

ဟော်မုန်းပမာဏဟာ ရက်အနည်းငယ်ကြာတဲ့အခါ လျော့နည်းသွားတာ သို့မဟုတ် ဒီတိုင်းပဲဆက်ရှိနေပြီး ultrasound အဖြေမှာ ကိုယ်ဝန်မရှိဘူးပြနေရင်တော့ သားအိမ်ပြင်ပသန္ဓေတည်နေဖို့ ဖြစ်နိုင်ခြေများပါတယ်။

ပြင်းထန်စွာနာကျင်ခြင်း သို့မဟုတ် သွေးထွက်ခြင်းကဲ့သို့ပြင်းထန်တဲ့လက္ခဏာတွေ ခံစားရရင်တော့ အထက်ပါစစ်ဆေးမှုတွေလုပ်နေဖို့ အချိန်မလုံလောက်နိုင်ပါဘူး။ တစ်ခါတရံမှာ သားဥအိမ်ပြွန်ဟာ ပေါက်ပြဲနိုင်ပြီး အတွင်းပိုင်းသွေးယိုစီးမှုကလည်း ပြင်းထန်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်တဲ့အခါ အရေးပေါ်ခွဲစိတ်မှုပြုလုပ်ရပါမယ်။
..
..

🤰🏻သားအိမ်ပြင်ကိုယ်ဝန်ကို ကုသလို့ရနိုင်လား၊ ဘယ်လိုကုသရမလဲ……

သားအိမ်ပြင်ပကိုယ်ဝန်ဟာ မိခင်အတွက် အသက်အန္တရာယ်ရှိနိုင်တဲ့အပြင် မိခင်ရဲ့ သန္ဓေသားလောင်းဟာလည်း အသက်မရှင်နိုင်ပါဘူး။ မိခင်ရဲ့ကျန်းမာရေးနဲ့ နောက်ထပ်ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် သားအိမ်ပြင်ပကိုယ်ဝန်ကို အမြန်ဆုံးဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဒီလိုဖယ်ရှားတဲ့အခါ သားအိမ်ပြင်ပကိုယ်ဝန်ရဲ့ တည်နေရာနဲ့ ဖွံ့ဖြိုးမှုပေါ်မူတည်ပြီး ကုသမှုဟာ ကွဲပြားနိုင်ပါတယ်။

(၁) ဆေးသောက်ခြင်း — နောက်ဆက်တွဲပြဿနာတွေ ချက်ချင်းမဖြစ်နိုင်သေးဘူးဆိုရင်တော့ သောက်ဆေးသောက်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆရာဝန်ဟာ သားအိမ်ပြင်ပမှာတည်နေတဲ့အလုံးကို မပေါက်သွားစေဖို့ ဆေးပေးပါတယ်။ အသုံးများတဲ့ဆေးကတော့ methotrexate ဖြစ်ပါတယ်။ Methotrexate ဟာ လျင်မြန်စွာခွဲခြမ်းနေတဲ့ ဆဲလ်များကြီးထွားမှုကိုရပ်တန့်စေပါတယ်။

ဆေးသောက်တဲ့အခါ ဆေးအာနိသင်ရှိနေကြောင်း သေချာစေဖို့ ပုံမှန်သွေးစစ်ကြည့်သင့်ပါတယ်။ ဆေးအာနိသင်ကြောင့် ကိုယ်ဝန်ပျက်ကျခြင်းကဲ့သို့ လက္ခဏာများ ဖြစ်လာနိုင်ပါတယ်။ ဗိုက်နာခြင်း၊ သွေးဆင်းခြင်းနဲ့ မိန်းမကိုယ်မှ သွေးနဲ့အတူအသားစများ ပါလာခြင်းစတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒီလိုဖြစ်ပြီးနောက်မှာ နောက်ထပ်ခွဲစိတ်မှုလုပ်ရတာ မရှိသလောက် ရှားပါတယ်။ Methotrexate ဆေးဟာ ခွဲစိတ်မှုခံယူပြီးနောက် ဖြစ်တတ်တဲ့ သားဥအိမ်ပြွန်ပျက်စီးတာမျိုးတွေ မဖြစ်နိုင်ပါဘူး။ သို့သော် ဆေးသောက်ပြီးနောက် လပေါင်းများစွာအထိ ကိုယ်ဝန်မရနိုင်တာမျိုးတော့ ဖြစ်နိုင်ပါတယ်။

(၂) ခွဲစိတ်မှု — ခွဲစိတ်ဆရာဝန်တော်တော်များများက သန္ဓေသားလောင်းကို ဖယ်ရှားပြီး အတွင်းပိုင်းပျက်စီးမှုကို ခွဲစိတ်ပြုပြင်ဖို့ ဝမ်းဗိုက်ဖွင့်ခွဲစိတ်ခြင်း (laparotomy) နည်းလမ်းဖြင့် ခွဲစိတ်ကုသပေးကြပါတယ်။ ခုနောက်ပိုင်းမှာတော့ မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း (laparoscopy) နည်းလမ်းကိုသုံးပြီး ခွဲစိတ်ကုသပေးလာကြပါတယ်။

မှန်ပြောင်းဖြင့်ခွဲစိတ်မှုမှာ အဆင်မပြေတာ၊ အခက်အခဲတွေရှိလာတာဆိုရင်တော့ ဝမ်းဗိုက်ဖွင့်ခွဲစိတ်ခြင်း (laparotomy) ကို ထပ်မံပြုလုပ်ရနိုင်ပါတယ်။ ခွဲစိတ်နေစဉ်အတွင်း သားဥပြွန်ပျက်စီးသွားပါက ဖယ်ရှားရန် လိုအပ်နိုင်ပါတယ်။ 
.

ခွဲစိတ်ပြီးနောက်မှာလဲ သတိထားရမယ့်အရာများစွာရှိပါတယ်။ အဓိကကတော့ အနာကို သန့်ရှင်းခြောက်သွေ့အောင် ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်ပြီးတဲ့အခါ 

  • သွေးမတိတ်ခြင်း
  • အလွန်အကျွံသွေးထွက်ခြင်း
  • အနာမှ အနံ့အသက်ဆိုးသောအရည်များထွက်ခြင်း
  • အနာနေရာက ပူနေခြင်း
  • နီနေခြင်း
    -ရောင်ရမ်းခြင်း လက္ခဏာတွေကိုလဲ သတိထားရပါမယ်။

ခွဲစိတ်ပြီးနောက် မိန်းမကိုယ်မှ သွေးအနည်းငယ်ဆင်းခြင်းနဲ့ သွေးခဲများပါခြင်းတို့ဟာ ခွဲစိတ်ပြီးနောက် ၆ ပတ်အထိ ဖြစ်နိုင်ပါတယ်။

🦠ခွဲစိတ်ပြီးနောက် ဘာတွေကို ဂရုပြုရမလဲ……

  • 10 ပေါင်ထက် ပိုလေးတဲ့ အရာတွေကို မတာမျိုး မလုပ်ရပါဘူး။
  • ဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့ ရေများများသောက်ပါ။
  • လိင်ဆက်ဆံခြင်း၊ tampon အသုံးပြုခြင်းနဲ့ မိန်းမကိုယ်ဆေးခြင်းတို့ကို ရှောင်ကြဉ်ပါ။
  • ခွဲစိတ်မှုအပြီး ပထမပတ်တွင် တတ်နိုင်သမျှ အနားယူပြီး နောက်အပတ်များတွင် လှုပ်ရှားမှုကို ခံနိုင်ရည်ရှိသလောက် တိုးလုပ်ပေးပါ။
  • နာကျင်မှု တိုးလာတာ သို့မဟုတ် သာမန်မဟုတ်တဲ့အရာတစ်ခုခုကို ခံစားရရင်တော့ နီးစပ်ရာ ဆေးရုံ/ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသင့်ပါတယ်။ 

🤰🏻သားအိမ်ပြင်ပကိုယ်ဝန်မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရလဲ……

ကြိုတင်ခန့်မှန်းခြင်းနဲ့ ကြိုတင်ကာကွယ်ခြင်းတို့ဟာ ကိစ္စတိုင်းမှာတော့ မဖြစ်နိုင်ပါဘူး။ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းသိမ်းခြင်းအားဖြင့် သားအိမ်ပြင်ပကိုယ်ဝန်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ လိင်ဆက်ဆံစဉ် ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံဖော်အရေအတွက်ကိုလဲ ကန့်သတ်ထားသင့်ပါတယ်။ ဒါမှသာ သားအိမ်ပြွန်အတွင်း ရောင်ရမ်းမှုကိုဖြစ်စေနိုင်တဲ့ လိင်မှတဆင့်ကူးစက်ရောဂါများ (STDs) ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ ကျန်းမာ‌ရေးစစ်ဆေးမှုတွေနဲ့ သွေးစစ်ဆေးမှုတွေကိုလည်း ပုံမှန် ပြုလုပ်သင့်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းကလဲ ကောင်းတဲ့ကြိုတင်ကာကွယ်မှုတစ်ခုဖြစ်ပါတယ်လို့ ပြောပြရင်း နိဂုံးချုပ်လိုက်ပါရ‌စေ။

Reference: 

https : // www . healthline . com /health /pregnancy / ectopic – pregnancy

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here