—-|| ဝမ်းလျှောတဲ့အခါ ဘာတွေလုပ်ရမလဲ ||—-

ဝမ်းလျှောလူနာနဲ့ ကြုံရတဲ့အခါ ဘာတွေလုပ်ပေးသင့်လဲလို့ မနေ့ကမေးကြည့်ခဲ့ရာမှာ စိတ်ဝင်တစားနဲ့ ပါဝင်ဖြေဆိုပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်နော် ????

အဖြေလေးတွေထဲကမှ ပြန်ပြီး ရှင်းပြစရာလေးတွေလည်း တွေ့နေရလို့ပါ။

တကယ်တော့ ဝမ်းလျှောတဲ့အခါ ရေနဲ့ဓာတ်ဆား လုံလောက်အောင် ပြန်လည်ဖြည့်တင်းမယ်။ လူနာနဲ့ လူနာကို ကိုင်တွယ်ပြုစုသူတွေအနေနဲ့ သန့်သန့်ရှင်းရှင်းနေမယ်။ အထူးသဖြင့် လက်ကို သေချာစွာဆေးကြောမယ်။ ဒါလောက်ဆိုရင် ရပါပြီနော်။ အခြားဘာမှ နောက်ထပ် မလိုအပ်ပါ။

ဟင်… ဒါဆို ဝမ်းပိတ်ဆေးက မတိုက်ရဘူးလား ????

ဟုတ်ပါတယ်။ မတိုက်ရပါဘူးနော်…

ဝမ်းပိတ်ဆေးဆိုတာက အူတွေ ကောင်းကောင်းမညှစ်အောင်၊ မလှုပ်ရှားအောင် ပြုလုပ်တဲ့ ဆေးတစ်မျိုးပါ။ ဆရာဝန်ညွှန်ကြားချက်နဲ့သာ အသုံးပြုရတာပါ။ ဒီနိုင်ငံမှာ ဝယ်လို့ရနေပေမယ့် နိုင်ငံခြားမှာဆို ဆရာဝန်ဆေးစာပါမှသာ ရောင်းချခွင့်ရှိတဲ့ဆေး ဖြစ်ပါတယ်။

ရိုးရိုးလေးပဲ တွေးကြည့်ပါနော်…

ဝမ်းလျှောတယ်ဆိုတာ… မသန့်ရှင်းတဲ့ (ပိုးမွှားတွေ ပါဝင်နေတဲ့) အစားအစာကို စားမိမယ်။ အဲဒီအစားအစာတွေ (ပိုးမွှားတွေ) အူထဲရောက်တဲ့အခါ အူနံရံတွေကို ရောင်စေတယ်။ ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်စေတယ်။ ဒီတော့ ခန္ဓာကိုယ်က သူတို့ကို မြန်မြန်ကုန်စင်သွားအောင် အူတွေကို ညှစ်ခိုင်း၊ လှုပ်ရှားခိုင်းပြီး အောက်ကို ဝမ်းအဖြစ်နဲ့ ရှင်းထုတ်ပစ်လိုက်တယ်။ အဲဒီမှာ ဝမ်းလျှောတယ်ဆိုပြီး ဖြစ်သွားတာပါပဲ။ ဒီလိုပဲ တွေးကြည့်လေနော်။

ဒါဆိုရင် အူတွေကို မညှစ်အောင်၊ မလှုပ်ရှားအောင် ဝမ်းပိတ်ဆေးသာ သုံးခဲ့မယ်ဆိုရင် ဘယ်လိုတွေ ဖြစ်သွားမလဲ။ အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေ၊ ပိုးမွှားတွေ ခန္ဓာကိုယ်ထဲ အူထဲမှာ ကြာကြာနေကြဟေ့ ဆိုတဲ့သဘော ဖြစ်သွားမှာပေါ့… မဟုတ်ဘူးလား။

ဒါကြောင့် ဝမ်းပိတ်ဆေးဆိုတာ ရောဂါအခြေအနေအကြောင်း ကောင်းမွန်စွာသိရှိနားလည်တဲ့ ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့သာ သောက်သုံးရမှာပါ။ ဥပမာ ဓာတ်ရောင်ခြည်ကုထုံး ခံယူထားတဲ့လူနာတွေ၊ အချို့သော အူလမ်းကြောင်းဆိုင်ရာ ရောဂါရှိနေသူတွေမှာ အူတွေဟာ မလိုအပ်ဘဲ သာမန်ထက်ပိုပြီး ညှစ်နေ၊ လှုပ်ရှားနေတာမျိုးတွေ ရှိတဲ့အခါ ဝမ်းပိတ်ဆေးကို အသုံးပြုရတတ်ပါတယ်။

မနေ့က ကွန်မန့်တွေထဲမှာ ဝမ်းလျှောနေတဲ့သူကို “ ဘိန်းမည်းကျွေးမယ်” လို့ မန့်ထားတာလေးလည်း တွေ့ပါတယ်နော်။ ဘိန်းဖြူ၊ ဘိန်းမည်း၊ ဘိန်းအဆီ စတဲ့ မော်ဖင်း (morphine) အုပ်စုဝင်တွေဟာလည်း အူလမ်းကြောင်း လှုပ်ရှားမှုကို လျော့နည်းစေတာမို့ ဝမ်းပိတ်ဆေးနဲ့ သဘောတရား အတူတူပါပဲ။ မတိုက်ကျွေးရပါဘူးနော် ????

အထက်မှာပြောခဲ့သလို ဝမ်းလျှောတယ်ဆိုတာ အူအတွင်းက အညစ်အကြေး အဆိပ်အတောက်တွေကို ရှင်းထုတ်လိုက်တာမို့ ဒီလိုရှင်းထုတ်တဲ့အချိန် ခန္ဓာကိုယ်တွင်းမှာ ရှိနေသင့်တဲ့ (ရှင်းမထုတ်သင့်တဲ့) အရာတစ်ချို့လည်း ထွက်သွားတာပေါ့။ အဲဒါကတော့ ရေနဲ့ ဓာတ်ဆားပေါ့။

ခန္ဓာကိုယ်ထဲက ရေတွေအသုံးပြုပြီး အူအတွင်းပိုင်းကို (ကြမ်းပြင်ဆေးသလို) ဆေးချလိုက်တော့ ကိုယ့်ခန္ဓာကိုယ်ထဲက ရေတွေကုန်သွားတာပေါ့။ ရေနဲ့အတူ ဓာတ်သတ္တုအချို့လည်း ပါသွားတာပေါ့။ အဲဒါက အရေးကြီးပါတယ်နော်။

ဘာလို့လဲဆို ရေဓာတ်ခန်းခြောက်တဲ့အခါ သွေးပေါင်တွေ ထိုးကျသွားသလို၊ ဓာတ်သတ္တုတချို့ အလွန်နည်းပါးသွားတဲ့အခါ နှလုံးခုန်တာ ကမောက်ကမတွေဖြစ်ပြီး အသက်အန္တရာယ် ရှိနိုင်လို့ပါ။

ဒါကြောင့် ဝမ်းလျှောတဲ့အခါ ရေနဲ့ဓာတ်ဆား ပြန်လည်ဖြည့်တင်းဖို့သာ အရေးကြီးဆုံးပါနော်။

နောက်တစ်ခုက ပဋိဇီဝပိုးသတ်ဆေး

သူလည်း အတူတူပါပဲ။ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်ရတာပါ။ ဆေးစာမပါရင် ဆေးဆိုင်တွေလည်း ရောင်းချခွင့် မရှိပါ။ (ဒီမှာတော့ ဖြစ်ချင်ရာဖြစ်၊ ရောင်းချင်သလိုရောင်း) သူများနိုင်ငံတွေမှာတော့ အဲဒီလို မရပါနော်။

သာမန်ဝမ်းပျက်ဝမ်းလျှောတွေမှာ ဘာပိုးသတ်ဆေးမှ မလိုအပ်ပါ။ တစ်ရက်နှစ်ရက်နေရင် သူ့အလိုလို ပြန်သက်သာသွားတတ်ပါတယ်။ ရောဂါအခြေအနေအရ ပြင်းထန်နေရင် သို့ ကာလဝမ်းရောဂါလိုမျိုး ဆရာဝန်က သတ်မှတ်ဆုံးဖြတ်ထားရင်တော့ သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေးကို ညွှန်ကြားပါလိမ့်မယ်။ ကိုယ့်သဘောနဲ့ကိုယ် ဝယ်မသောက်ရပါ။ အချို့သော ပိုးသတ်ဆေးတွေကိုယ်တိုင်က ဝမ်းလျှောတာကို ဖြစ်စေတတ်/အားပေးစေတတ်တာမို့ပါ။

….

….

ကဲ ဒီလောက်ဆိုရင်တော့ ဝမ်းလျှောတဲ့အခါ လုပ်သင့်တာလေးတွေ မှတ်မိသွားပြီ ထင်ပါတယ်နော်…

အများကြီး မလိုပါ။

• ရေနဲ့ဓာတ်ဆား ပြန်လည်ဖြည့်တင်းမယ်

• တခြားသူတွေကို မကူးစက်အောင် လူနာနဲ့ လူနာကို ပြုစုစောင့်ရှောက်ပေးနေသူတွေ သန့်သန့်ရှင်းရှင်းနေမယ်၊ လက်ဆေးမယ်…. ဒါဆိုရင် ရပါပြီ။

အခြား ဘာမှမလုပ်ပါနဲ့။

– ဝမ်းပိတ်ဆေးတွေ မတိုက်ပါနဲ့ ❌

– ပိုးသတ်ဆေးတွေ မသောက်ပါနဲ့ ❌

အစာသန့်၊ လက်သန့်၊ ရေသန့်၊ အိမ်သာသန့် အစရှိတဲ့ သန့် (၄) သန့်ကို လိုက်နာကျင့်သုံးပြီး နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကြံဉာဏ်ကို ရယူနိုင်ကြပါစေ။

လူတိုင်း လူတိုင်း ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးမွှားများဒဏ်မှ ကင်းဝေးနိုင်ကြပါစေကြောင်း ဆုတောင်း… တောင်း…

ဪ မေ့လို့

ဝမ်းလျှောနေတဲ့အချိန် တအားချိုတဲ့ဟာတွေ မစားသင့်ပါနော်။ သကြားဓာတ်ဟာ ရေကိုဆွဲယူလိုက်တာကြောင့် ဝမ်းလျှောတာကို ပိုဆိုးစေတတ်လို့ပါ။ Osmotic diarrhoea လို့ ခေါ်ပါတယ်…

ကဲ ရပါပြီနော်

အပေါ်က ဆုတောင်းလေးလည်းပြည့်ပြီး ပြည်သူတစ်ဦးချင်းစီတိုင်းလည်း ဝမ်းပျက်ဝမ်းလျှောဘေးမှ ကင်းဝေးကြပါစေကြောင်း ထပ်မံဆုတောင်းလျက်… ????????????

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here