“ ရေဓာတ်ခန်းခြောက်ခြင်းနှင့် ကိုယ်ခံအားစနစ်”

နေကလည်း ပူလိုက်တာနော်…

လူတော်တော်များများက ဒီလိုရာသီဥတုမှာ ရေဓာတ်မခန်းခြောက်အောင် ဂရုစိုက်ရမယ်….ရေများများသောက်ရမယ်ဆိုတာ သတိရှိကြပါတယ်။ ဒါပေမယ့် ရေဓာတ်ခန်းခြောက်ခြင်းဟာ မိမိတို့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ပြုပြင်ပြောင်းလဲနိုင်တယ် ဆိုတာတော့ သေချာသိလိမ့်မယ် မထင်ပါဘူး…

အဲ့ဒီအကြောင်းလေး ပြောပြမယ်နော် ။

..

..

ကျွန်မတို့ ခန္ဓာကိုယ်ကြီးရဲ့ ပျမ်းမျှအားဖြင့် ၆၀% ခန့်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ ။ ခန္ဓာကိုယ်ရဲ့ အချို့အစိတ်အပိုင်းတွေမှာ ရေဓာတ်ဟာ ပိုမိုများပြားစွာ ပါဝင်ကြပါတယ်။ ဒီအစိတ်အပိုင်းတွေကတော့ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ အသည်းနဲ့‌ ကျောက်ကပ် စတဲ့ အရေးကြီးတဲ့ နေရာတွေပါ။

“ ထမင်းအသက် (၇) ရက်၊ ရေအသက် တစ်မနက်” ဆိုသလို ရေမရှိဘဲ အသက်ဆက်ရှင်ဖို့ရာ ခဲယဉ်းပါတယ်။ အဲဒီ့လိုပဲ ရေဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် မျှတ‌ကောင်းမွန်စေဖို့အတွက်လည်း အလွန်အရေးပါပါတယ်။

.

????ရေဓာတ်ပြည့်ဝခြင်းက ကိုယ်ခံအားစနစ်ပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ?

(၁) ကိုယ်ခံအားစနစ်တွေရဲ့ အချင်းချင်းဆက်သွယ်မှု နဲ့ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်တွေမှာ ရေဓာတ်က အလွန်အရေးပါပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေမော်လီကျူးတွေနဲ့ ဓာတ်ပြုတာ၊ ရေသွင်းဖြိုခွဲတာ စတဲ့ ဇီဝဖြစ်စဉ်တွေ အများကြီးရှိပါတယ်။

(၂) ခန္ဓာကိုယ်တွင်း ရှိရမယ့်သွေးပမာဏကို ရေဓာတ်က ထိန်းထားပေးတာပါ။ ကိုယ်ခံအားစနစ်နဲ့ ဆဲလ် (cell) တွေဟာ သွေးကနေတစ်ဆင့် ခန္ဓာကိုယ်ထဲ လှည့်လည်နေရတာဆိုတော့ ကိုယ်ခံအားစနစ် လည်ပတ်ဖို့အတွက် သွေးတွေရဲ့ ၉၀% ကို ထောက်ပံ့ပေးနေတဲ့ ရေဓာတ်က အရေးကြီးတာပေါ့။

(၃) ခန္ဓာကိုယ်မှာရှိတဲ့ ပြန်ရည်ကြောအဖွဲ့အစည်းကလည်း ရောဂါကာကွယ်တဲ့နေရာမှာ အရေးပါပါတယ်။ ပြန်ရည်ကြောဆိုတာဟာ ဆဲလ်တွေကနေ ထွက်တဲ့ အညစ်အကြေး၊ အမှုန်အမွှားတွေနဲ့ ဆဲလ်တွေကို တိုက်ခိုက်တဲ့ ပိုးကောင်တွေကို ‌သယ်ဆောင်ရှင်းလင်းပေးတဲ့ စနစ်တစ်ခုပါ။ ရောဂါပိုးဝင်ရင် တိုက်ခိုက်ပေးမယ့် ခန္ဓာကိုယ်ရဲ့တိုက်ခိုက်ရေးသမား သွေးဖြူဥတွေလည်း သူ့ထဲမှာပါဝင်ပါတယ်။ အဲဒီလို စီးဆင်းနေတဲ့ ပြန်ရည်စနစ်အဖွဲ့ကြီးရဲ့ ၉၀% ဟာလည်း ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပေါ့။

အဲဒီတော့…ကိုယ်ခံအားစနစ်မှာ ရေဓာတ်က အရေးပါတယ်ဆိုတာ သိပြီပေါ့နော်။

..

..

လေ့လာတွေ့ရှိချက်တွေအရ ရေဓာတ်ခန်းခြောက်ခဲ့ရင်…

???? Neutrophils လို့ခေါ်တဲ့ သွေးဖြူဥတွေရဲ့ ရောဂါကို တိုက်ခိုက်ပေးတဲ့ လုပ်ဆောင်မှုကို ကျဆင်းစေပါတယ်။

???? ရောဂါပိုးတွေကို တိုက်ခိုက်ပေးတဲ့ ပရိုတင်းဓာတ် antimicrobial proteins (AMPs) တွေကို ‌အားလျော့စေပါတယ်။

???? Histamine ဆိုတဲ့ ဓာတ်မတည့်မှုဖြစ်စေတဲ့ ဓာတုပစ္စည်းကို ပိုထွက်စေပါတယ်။

???? အသက်ရှူလမ်းကြောင်း နံရံလေးတွေ ရေဓာတ်ခန်းခြောက်ရင် လေပြွန်လေးတွေ ပိုကျုံ့လို့ အသက်ရှူကျပ်စေပြီး ပန်းနာရင်ကျပ်ရောဂါနဲ့ ဓာတ်မတည့်မှုတွေကိုလည်း ပိုဆိုးစေပါတယ်။ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ အကျိအချွဲ (mucus secretion) တွေကိုလည်း ပိုပျစ်လာစေပြီး၊ ကိုဗစ်အစရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ပိုဝင်လာစေပါတယ်။

..

..

????နွေနေပူနဲ့ ရေဓာတ်ခန်းခြောက်ခြင်း

ရာသီဥတုပူလာရင် အပူကိုစွန့်ထုတ်ဖို့အတွက် ခန္ဓာကိုယ်က ချွေးထွက်ပေးရပါတယ်။ ချွေးထွက်များရင် ရေဓာတ်နဲ့ ဆားဓာတ်တွေ ပါသွားတာမို့ ရေဓာတ်ခန်းခြောက်မှုကို ပိုဖြစ်စေနိုင်ပြီး၊ ပြန်ဖြည့်ပေးဖို့ ပိုပြီး လိုအပ်ပါတယ်။

.

????နေ့စဉ်နေ့တိုင်း ရေဓာတ်ပြည့်ဝအောင် ဘယ်လို ပြုမူနေထိုင်ကြမလဲ ?

နေ့စဉ်နေ့တိုင်း ရေဓာတ်လုံလောက် ပြည့်ဝအောင် နေထိုင်‌နိုင်ဖို့နည်းလမ်း (၁၀) ချက် ပြောပြပါမယ်နော်။

.

(၁) မနက်မိုးလင်းတာကို ရေသောက်ခြင်းနဲ့ စတင်လိုက်ပါ။

ညအိပ်နေတဲ့ အချိန် ၈ နာရီဝန်းကျင်လောက် ရေမသောက်ဘဲနေခဲ့ရတော့ မနက်နိုးတာနဲ့ ခန္ဓာကိုယ်က ရေလိုနေပါပြီ။ နိုးတာနဲ့ ရေတစ်ဖန်ခွက်ဖြစ်ဖြစ် စသောက်ပေးပါ။

.

(၂) ကဖိန်းပါတဲ့အရည်တွေ သောက်သုံးတာကို လျှော့ပါ။

ကော်ဖီ၊ လက်ဖက်ရည် စတဲ့ ကဖိန်းဓာတ်ပါတဲ့ သောက်စရာတွေဟာ ဆီးရွှင်စေတဲ့ (Diuretic activity) အာနိသင် ရှိပါတယ်။ နေပူပူ ရေဓာတ်များများလိုနေချိန်မှာ ကော်ဖီနဲ့ လက်ဖက်ရည်တွေကို ရေအစား သောက်သုံးလိုက်မယ်ဆိုရင် ရေဓာတ်ကို ပိုလို့တောင် ဆုံးရှုံးစေပါတယ်။ အဲဒါတွေကို လျှော့သောက်ပေးပါ။

.

(၃) သတိရတိုင်း ရေသောက်နိုင်ဖို့ ရေဘူးဆောင်ထားပါ။

ပူအိုက်လို့ လန်းသွားအောင် Iced ကော်ဖီ အေးအေးလေးဆိုပြီး သောက်ချင်စိတ် ပေါက်လာတိုင်း ရေရိုးရိုး သောက်တာက အကောင်းဆုံးပါ။ ပလတ်စတစ်ရေသန့်ဘူးတွေ သောက်မယ့်အစား ဖန် (ဒါမှမဟုတ်) Metal နဲ့ ပြုလုပ်တဲ့ရေဘူးတွေက ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်လို့ ဆောင်ထားသင့်ပါတယ်။

.

(၄) အရက်လျှော့သောက်ပါ။

အရက်သောက်တာကလည်း လိုတာထက်ပိုပြီး ဆီးကို များများသွားစေပြီး ရေဓာတ်ကိုဆုံးရှုံးစေပါတယ်။ အဲ့တော့ ဒီအပူဒဏ်အောက်မှာ အရက်ကို လျှော့သောက်သင့်ပါတယ်။

.

(၅) တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ ဆားပါဝင်မှုများတဲ့ အစာတွေကို ရှောင်ပါ။

ဆားပါဝင်မှုများတဲ့ အစားအစာတွေ စားပြီးရင် ခန္ဓာကိုယ်က ပိုနေတဲ့ဆားဓာတ်တွေကို စွန့်ထုတ်ရတဲ့အခါ ဆားတွေနဲ့အတူတူ ရေတွေကိုပါ စွန့်ထုတ်ရပါတယ်။ အဲ့တာကြောင့် ရေပိုငတ်စေပြီး ရေဓာတ်ခန်းခြောက်မှု ပိုဖြစ်စေပါတယ်။

.

(၆) ရေဆာတဲ့အချိန်ထိ မစောင့်ပါနဲ့။

လူအတော်များများက ခန္ဓာကိုယ်က ရေလိုအပ်လာပြီ ဆိုတဲ့အကြောင်း ဦးနှောက်က ရေဆာပြီဆိုပြီး ပြပေးမှ ရေသောက်တတ်ကြပါတယ်။ ဒီရာသီမှာ အဲ့ဒီလိုမလုပ်ဘဲ ရေကို တစ်နေ့တာလုံး ပုံမှန်လေးသောက်ပေးပါ။ ရေဆာမှ မသောက်ပါနဲ့။

.

(၇) ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေ စားပါ။

ဖရဲသီး၊ သခွားသီး၊ စပျစ်သီး စတဲ့ ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေကို ဒီရာသီမှာ များများစားပေးသင့်ပါတယ်။

.

(၈) ရေကို ရိုးရိုးပလိန်းကြီး မသောက်ချင်တဲ့သူတွေအတွက် ကဖိန်းပါတဲ့အရည်တွေ သောက်မယ့်အစား သခွားသီး၊ သံပရာသီး စတဲ့ အသီးလေးတွေထည့်ပြီး Detox water လုပ်သောက်တာဖြစ်ဖြစ်၊ Chamomile, Lemon စတဲ့ အသီးခြောက်၊ အရွက်ခြောက်လေးတွေ ထည့်သောက်တာဖြစ်ဖြစ် လုပ်သောက်လို့ရပါတယ်။

.

(၉) ကိုယ်ခံအားပိုကောင်းစေဖို့ ဗီတာမင်စီပါတဲ့ သဘာဝအစားအစာတွေ များများစားပေးပါ။ ရေများများ သောက်ဖြစ်အောင် ဗီတာမင်စီ ရေဆူဆေးပြားလေးတွေကို သုံးလို့ရပါတယ်။

.

(၁၀) ထမင်းစားရင် ဟင်းရည်လေးတွေ ပါပါစေ။

ရာသီစာ မကျည်းရွက်၊ သနပ်ရွက် စတဲ့ ဟင်းရွက်လေးတွေကို ဟင်းချို၊ ချဉ်ရည်ဟင်း စသလို ချက်ပြုတ်ပြီး ထမင်းစားရင်း ဟင်းရည်ပါသောက်ခြင်းအားဖြင့်လည်း ရေဓာတ်များများရပါစေ။

..

..

????ရေကို ဘယ်လောက် သောက်သင့်လဲ ?

ရေအများကြီးသောက်ရင် ရပြီလား၊ ဘယ်လောက် သောက်သင့်လဲဆိုတာကတော့ မိမိရဲ့ကိုယ်အလေးချိန်၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေနဲ့ ဆိုင်ပါတယ်။

ပုံမှန်အားဖြင့် မိမိတို့ဟာ ကိုယ်အလေးချိန်ရဲ့ ၄% နဲ့ ညီမျှတဲ့ရေကို နေ့စဉ်စွန့်ထုတ်ပါတယ်။ ကိုယ်အလေးချိန် ၇၀ ကီလိုရှိတဲ့ လူတစ်‌ယောက်ဆိုရင် ရေ ၂ လီတာလောက် လိုအပ်တာပေါ့။ နေပူလေလေ၊ ပိုလှုပ်ရှားလေလေ ပိုလိုလေလေပါပဲ။

.

????ကိုယ်ရေသောက်တာ လုံလောက်ရဲ့လားဆိုတာ ဘယ်လိုသိနိုင်မလဲ ?

အလွယ်ဆုံးနည်းလမ်းကတော့ သွားတဲ့ဆီးအရောင်ကို ကြည့်တာပါပဲ။ ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေရင် ဆီးက ဝါဖျော့ဖျော့အရောင် သွားပါတယ်။ အဲ့လိုမဟုတ်ဘဲ ပိုဝါနေမယ်၊ အရောင်ပိုရင့်နေမယ်ဆိုရင်တော့ ရေပိုသောက်ဖို့ လိုနေပါပြီ။ အခြားရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာတွေကတော့ နှုတ်ခမ်းတွေ အသားတွေ ခြောက်လာတာ၊ ရေဆာလာတာ၊ ဆီးနည်းသွားတာနဲ့ ကြွက်တက်တာမျိုးတွေ၊ နုံးတာညောင်းတာတွေ ဖြစ်တတ်ပါတယ်။

.

????ရေဓာတ်ကို ပိုလိုတဲ့သူတွေ

– နေပူထဲမှာ အလုပ်လုပ်ရတဲ့သူတွေ (ချွေးထွက်များရင် ရေသာမက ဆားဓာတ်ပါဆုံးရှုံးတာကြောင့် ဓာတ်ဆားရည်သောက်ဖို့ လိုပါမယ်)

– ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ

– ဖျားနေတဲ့ လူနာတွေမှာ ပုံမှန်ထက် ရေပိုသောက်သင့်ပါတယ်။

အသက်ကြီးတဲ့ အဘိုးအဘွားတွေကတော့ ရေဓာတ်ပိုလိုအပ်တာမဟုတ်ပေမယ့် အပူဒဏ်ကို ခန္ဓာကိုယ်က တုံ့ပြန်ပေးတဲ့ ဇီဝဖြစ်စဉ်တွေ ကောင်းစွာအလုပ်မလုပ်တော့တာကြောင့် ဒီလိုနေပူတဲ့ရာသီမှာ သူတို့ကိုလည်း သတိထားစောင့်ကြည့်ဖို့ လိုပါတယ်။

.

????ရေများများသောက်လို့ အန္တရာယ်ရှိနိုင်လား ?

ရှိနိုင်တယ်လို့ပဲ ပြောရပါမယ်။ ခန္ဓာကိုယ်ကြီး ကောင်းစွာအလုပ်လုပ်နိုင်ဖို့က ခန္ဓာကိုယ်ထဲမှာ ရေဓာတ်နဲ့ ဆားဓာတ် ညီမျှမှုရှိရပါမယ်။

ရေရော၊ ဆားဓာတ်ရော ဆုံးရှုံးနေတာကိုမသိဘဲ ရေတွေချည့် အများကြီးသောက်မိတာမျိုးဆို ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေ ပုံမှန်လည်ပတ်တာမျိုး မလုပ်နိုင်ဘဲ သတိလစ်မေ့မြောတာ ဖြစ်တတ်ပါတယ်။

နောက်ပြီး နှလုံးအမောဖောက်ရောဂါရှိသူတွေနဲ့ ကျောက်ကပ်ဝေဒနာရှင်တွေကတော့ သောက်တဲ့ရေပမာဏကို နှလုံးက မခံနိုင်တာမျိုးနဲ့ ကျောက်ကပ်ကနေ ပြန်မထုတ်နိုင်ဘဲ ခန္ဓာကိုယ်ထဲပုံနေရင် အမောဖောက်တာတွေဖြစ်နိုင်လို့ ရေဘယ်လောက်သောက်သင့်တယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

..

..

ကဲ….. ဒီလောက်ဆို ရေဓာတ်ဟာ ကိုယ်ခံအားစနစ်အပေါ် အရေးပါတယ်ဆိုတာရော၊ ရေကို ဘယ်လိုသောက်ရမယ်ဆိုတာရောပါ သိရှိနားလည်ကြပြီလို့ ထင်ပါတယ်နော်…

အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေရှင်။ ။

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here