ရာသီလာချိန် ခေါင်းလျှော်သင့် မလျှော်သင့်

0
880

ရာသီလာချိန် ခေါင်းလျှော်သင့် မလျှော်သင့်ဆိုတဲ့ မေးခွန်းလေးမေးလာရင်တော့ ဒီလိုလေး ပြန်ဖြေလိုက်ချင်တာပါပဲ…

အိုကွယ်…

စင်္ကာပူမှာတော့ လျှော်လို့ရတယ်..

ထိုင်းကဟာမတွေလည်း လျှော်နေကြတာပဲ..

အင်္ဂလိပ်မတွေနဲ့ အမေရိကန်မတွေလည်း လျှော်တယ်..

တစ်ကမ္ဘာလုံးမှာ ခေါင်းလျှော်လို့ရပေမယ့်…

မြန်မာမှာတော့ ရာသီလာချိန် ခေါင်းလျှော်လို့ မရပါဘူးလို့ ????

ဟုတ်တယ်လေ

ဒို့လူမျိုးတွေက အင်မတန် အစွဲအလမ်းကြီးတာနော့

ရှေးလူကြီးပြောစကားတွေကို လက်ဆင့်ကမ်းသယ်ကြတယ်

ဟုတ်၏…မဟုတ်၏

မှန်၏…မမှန်၏

အကျိုးသင့် အကြောင်းသင့် သိပ်မစဥ်းစားတော့ဘူး

လူကြီးစကား မပယ်ရှားသင့်…

” စလောင်းဖုံး နှစ်ချပ်တီးရင် ကျားကြီးကိုက်လိမ့်မယ် “

သတိထားကြ ဒါပဲ

ဒို့ကတော့ လူကြီးစကား ဆန့်ကျင်တာ မဟုတ်ပါဘူး

တွေးကြည့်တာပါနော်…

အဲ့ ပြောခဲ့တဲ့ လူကြီးတွေခေတ်ကို ကြည့်ကြည့်လေ..

ယောကျာ်းဆို သျှောင်ထုံးကြီးတွေနဲ့

မိန်းမဆို ဘီးဆံပတ်ထုံးကြီးတွေနဲ့

ဖြန့်လိုက်ရင် ဆံပင်တွေမှ အရှည်ကြီး….

တစ်ပတ် တစ်ခါတောင် ခေါင်းလျှော်ဖြစ်ကြရဲ့လား မသိဘူး

လျှော်ဖြစ်ရင်လည်း ဒီလောက်ရှည်တဲ့ဆံပင်တွေ ပြန်ခြောက်အောင် အတော်လုပ်ယူရမယ်

( Hair Dryer နဲ့ မှုတ်ရင်တောင် မှုတ်တဲ့စက် အပူလွန်ပြီး လောင်သွားလောက်တယ်…)

အဲ့တော့ သူတို့က ခေါင်းသိပ်မလျှော်ဖြစ်တဲ့ ရပ်ကွက်ကနေမယ်…????

ရာသီလာနေချိန် လူကလည်း နုံးချည့် ကိုက်ခဲနေချိန် စိတ်တွေလည်း အမျိုးမျိုးပြောင်းနေချိန်…

ကပျာကသီနဲ့ ကပျစ်ကညစ်ဆန်ပြီး ကထိကရများတဲ့ ဒီအလုပ်ကြီးကို မလုပ်စေချင်တာပဲ ဖြစ်မှာပါလို့

But သို့သော်

ခေတ်တွေက မတူတော့ဘူးလေနော်

ခုခေတ်က အတိုအပြတ်လေးတွေနဲ့ လန်းနေတဲ့ခေတ်

လှနေတဲ့ခေတ်

ဆံပင်ပုံစံတွေ ကြည့်ဦးမလား…

ဂုတ်ဝဲ…စတောက်…ကျောလယ်…

Three စတပ်…Diana ကေ…Lisa ကေ…ဆာမူဒိုင်းကေ…

Layer…Graduation…One length…wolf cut

နောက်ဘာကျန်သေးလဲ ????

တော်ပါပြီ ဒီလောက်ဆို

( တော်ကြာ ဆရာဝန်မလုပ်ဘဲ အလှပြင်ဆိုင် ဖွင့်စားပါလား ပြောနေကြဦးမယ်….)

ပြောရင်း ဘေးချော်ပြန်ပြီ

ပြန်တည့်ရအောင်လေ

ရာသီစက်ဝန်းနဲ့ အမျိုးသမီးတွေရဲ့ ဆံသားအပြောင်းအလဲတွေအကြောင်း နည်းနည်းလေး ​တို့မယ်နော်

ရာသီလာခါနီး ၂ ပတ်အလိုမှာ မမျိုးဥလေး ကြွေတယ်လို့ ပြောဖူးတာ မှတ်မိကြသေးလား ဟင် ?

မျိုးဥလေးကြွေအပြီးမှာ မဟော်မုန်းတစ်မျိုးဖြစ်တဲ့ အီစတိုဂျင် (estrogen)ဟော်မုန်းတွေ မထုတ်တော့ဘဲ…

ပရိုဂျက်စတီရုန်း (progesterone)ဆိုတဲ့ မဟော်မုန်းတစ်မျိုး ပြောင်းလဲထုတ်ပေးပြီး သားအိမ်နံရံကြွေကျမသွားအောင် ထိန်းထားတာလို့ ပြောခဲ့တာလေ….

အခုကတော့ နောက်တစ်မျိုးလေး တိုးမှတ်ပေး…

ကျားဟော်မုန်း (testrosterone)တွေဟာလည်း အမျိုးသမီးတွေခန္ဓာကိုယ်ထဲမှာ နေ့စဥ်နည်းနည်းလေး ထွက်နေပါသတဲ့….

မဟော်မုန်း estrogen မရှိတော့တဲ့ကာလမှာ ကျားဟော်မုန်းဟာ အစွမ်းတွေပြ အကဲတွေပိုလာပါသတဲ့…

သူ့အစွမ်းတစ်မျိုးကတော့ ခန္ဓာကိုယ်မှာ အဆီရည်လေးတွေကို ထုတ်ပေးတာပေါ့

( အဆီပြန်နေတဲ့ မဲလုံးမျက်နှာကြီးကို မှတ်ထားပေး )

ဒီတော့ကာ ဦးရေပြားနဲ့ ဆံပင်လေးတွေဟာ ဒီအချိန်မှာ ခြောက်သွေ့မနေဘဲ အဆီရည်လေးတွေနဲ့ပြည့်နေပါသတဲ့…

ဒါကြောင့်မို့ ရာသီမလာခင် ၂ ပတ်အတွင်းမှာ အဆီများနေတဲ့ ဆံသားကို မကြာခဏ ခေါင်းလျှော်ပေးသင့်သလို…Dry conditioner တွေကိုသုံးရင် ပိုအဆင်ပြေပါသတဲ့…

ဆံပင်ဆေးဆိုးမယ်ဆိုလည်း ဒီကာလက အသင့်တော်ဆုံး ဆိုပဲ

( အဆီလေးတွေ ရှိနေတော့ ဦးရေပြားနဲ့ ဆံပင်ကို ဓာတုဆေးရည်တွေရဲ့ ဒဏ်ကနေ ပိုကာကွယ်ပေးတာပေါ့ )

ကောင်းလိုက်တာနော်…

မကောင်းတဲ့ဟာလည်း ရှိနေသေးတယ်

ဒီအဆီရည်တွေ ခြောက်ပြီး ခဲသွားလို့ ချွေးပေါက်လေးတွေ ၊ မွှေးညှင်းပေါက်လေးတွေ ပိတ်သွားရင်တော့ ဝက်ခြံဖြစ်ဖို့ အခွင့်အလမ်း ပိုများပါသတဲ့…

သြော်…ဪ…

ဒါ့ကြောင့် ရာသီလာခါနီးရင် အဖုအပိမ့်ဝက်ခြံတွေ ထွက်တတ်ကြတာကိုး….

မှတ်ထားကြ…မှတ်ထားကြ….

Period ကာလ ဆက်ကြမယ်နော်…????

ဒီလိုနဲ့ မဟော်မုန်း (progesterone)တွေ တဖြေးဖြေးနည်းလာပြီး လုံးဝမထွက်တော့တဲ့အခါ….သားအိမ်နံရံလည်း ပဲ့ကြွေကျပြီး ရာသီသွေးအဖြစ် ဆင်းတော့တာပါပဲ

ဒီကာလမှာ ခုနပြောခဲ့တဲ့ ကျားဟော်မုန်းအပြင်…

ပရိုစတက်ဂလာဒင် (prostaglandin)ဆိုတဲ့ ရောင်ရမ်းမှုဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးကလည်း ထကြွသောင်းကျန်းလာပါတော့တယ်

( နှစ်ယောက်ပေါင်း လောင်းကျော် ပြောရမလား

မိန်းမ မရှိတုန်း ကဲနေကြတာ…

မဟော်မုန်းတွေ မရှိတုန်း ခန္ဓာကိုယ်ကို ပတ်ဒုက္ခပေးနေတဲ့ ဟော်မုန်းနှစ်မျိုးပေါ့ ???? )

ဒီကောင်တွေကြောင့် ရာသီလာခါနီးနဲ့ လာနေချိန်မှာ ကိုက်ခဲညောင်းညာ ဗိုက်အောင့်ဗိုက်နာတာတွေ ဖြစ်နေရတာပေါ့…

ဦးရေပြားနဲ့ ဆံသားတွေမှာတော့ ကျားဟော်မုန်းကြောင့် အဆီရည်လေးတွေ ဆက်ရှိနေတဲ့အပြင်…(prostaglindin)ကြောင့်လည်း ဦးရေပြားလေးဟာ ထိလွယ် နာလွယ် ဖြစ်နေရှာတာပေါ့

ဒါကြောင့် ရာသီလာချိန်မှာ ဦးရေပြားကို တင်းတင်းဆွဲသလိုဖြစ်စေတဲ့ ဆံပင်ကောက်တာ ဖြောင့်တာတွေ…တခြား အလှပြင်ဆိုင်သွားရမယ့်ကိစ္စတွေကို မလုပ်ပါနဲ့တဲ့

ဆံပင်ကတော့ လျှော်ရမယ်နော်

တော်ကြာ ဆံသားတွေမှာ အဆီရည်တွေ စေးထန်းထန်းနဲ့…ဖုံတွေအမှုန်တွေကပ်ပြီး

ညစ်ပတ်အိုးမ ဖြစ်လိမ့်မယ်

” ငါ့နားမလာရ ညစ်ပတ်အိုးမ “ ဆိုပြီး Crushက ထားသွားလိမ့်မယ် ????

ကဲ…အားလုံးစိတ်ဝင်စားတဲ့ကိစ္စ လာပါပြီ

ခေါင်းလျှော်လိုက်တာ ရာသီထိန်သွားတယ်တို့

ဘေးအိမ်က အစ်မကြီး ရာသီလာတုန်း ခေါင်းလျှော်လို့ သေသွားတယ်တို့ ဘာတို့…????

ဘာ ဘာ…ဘာမှ မဆိုင်ဘူးနော် ????

( သေသွားတဲ့ကိစ္စ ဗလာချည် ခေါင်းလျှော်တာကို လက်ညှိုးမထိုးနဲ့…

ရင်ခွဲရုံမှာ သေချာစစ်…

အကျိုးအကြောင်းကိုရှာ…

ဘာမှမသိဘဲ မဆိုင်တာ လက်ညှိုးထိုးရင် နံနံခြားမှာဆို တရားပါ စွဲခံရတာနော်….ပြောပြထားတာ အဟွန်း ဟွန်း ???? )

စကားကို ပြန်ဆက်ပါမယ်

သွေးဆင်းနေတဲ့အချိန်အတွင်းမှာပဲ estrogen ဟော်မုန်းတွေ ပြန်ထွက်လာလို့ သားအိမ်နံရံကြွေတာ ရပ်သွားပြီး ရာသီသွေးလည်း မဆင်းတော့ပါ

တိုက်တိုက်ဆိုင်ဆိုင်….ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို အဲ့အချိန် ခေါင်းလျှော်မိသွားလို့ ရာသီထိန်သွားတာ ဖြစ်ပါလိမ့်မယ်

နို့မို့ ဘယ့်နှယ်…

သွေးဆင်းတာမရပ်လို့ ဆေးရုံလာပြတဲ့လူနာတွေကို ခေါင်းတွေချည့် လှိမ့်လျှော်ခိုင်းရတော့မှာပေါ့…

( ရော့ အင့် လျှော်စမ်း လျှော်စမ်းဆိုပြီး ဆေးမကုဘဲ shampoo ထုပ်တွေပဲ ပေးလိုက်တော့မယ် ???? )

စတာပါနော်…

ရာသီလာပြီးစ ဒီကာလမှာ မဟော်မုန်းတွေလည်း ပြန်ထွက်လာပြီမို့ လူကလည်း နေလို့ထိုင်လို့ကောင်း…ပေါ့ပါးလန်းဆန်း…စိတ်ကလေးကလည်းကြည်နေ….

ဒီအချိန် နည်းနည်းပဲထွက်နေတဲ့ ဟိုမသာကောင် ကျားဟော်မုန်းရဲ့ Effect ကလည်း မရှိတော့ပါဘူးတဲ့

( မိန်းမပြန်ရောက်တော့ ငြိမ်သွားတာပေါ့ )

ဒါကြောင့် ဦးရေပြားနဲ့ ဆံသားဟာလည်း အဆီရည်တွေမရှိတော့ဘဲ ခြောက်သွေ့နေပါသတဲ့

ဒီလိုကာလဟာ ခြောက်သွေ့နေတဲ့ဆံသားတွေထဲ အာဟာရတွေ ဖြည့်တင်းပေးဖို့ အကောင်းဆုံးအချိန်ပါပဲတဲ့

ဟုတ်ပါတယ်

ပေါင်းတင်တာကို ပြောတာပါ

ရာသီလာပြီးစ ပထမတစ်ပတ်ဟာ ဆံပင်ပေါင်းတင်မယ်ဆိုရင် အကောင်းဆုံး အချိန်ပေါ့ ????

ကဲ စာလည်းရှည်နေပါပြီ

ဆေးဆိုး ၊ ပေါင်းတင် ၊ ခေါင်းလျှော် ၊ ဆံညှပ်တွေလည်း စုံနေပါပြီ

တယ်လီကျားမလေး

(အဲလေ)

တယ်လီကျန်းမာလေးလည်း အလှပြင်ဆိုင်ဖွင့်လို့ရပြီ ထင်ပါတယ်

ဒါကြောင့် လက်ရှိဆေးခန်းကို ပိတ်လိုက်ရ ကောင်းမလား ????

Bussiness ပြောင်းရင် ကောင်းမလား ?

မလုပ်ပါနဲ့နော်…

အခမဲ့ ဆွေးနွေးကုသပေးနေတဲ့ အွန်လိုင်းဆေးခန်းလေးမရှိတော့ရင် လူနာတွေ အခက်တွေ့နေပါဦးမယ်

ဆေးခန်းလေးရှိလို့ လူနာတွေ အဆင်ပြေနေတာပါ

messengerကို လာပြောလိုက်ရုံနဲ့….ဆရာဝန်တွေ ၊ အထူးကုတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်နေတာမို့….ဆေးခန်းလေးတော့ မပိတ်ပါရစေနဲ့နော်

( မဆီမဆိုင် ရတဲ့အပေါက်ကနေ ဆေးခန်းကြော်ငြာ ဝင်သွားပါသည် ???? )

ခိ..ခိ..

Okပါနော်…

ရပါပြီ…

ဒီလောက်ဆိုရင်တော့…

ရာသီလာချိန် ခေါင်းလျှော်သင့် မလျှော်သင့်ဆိုတဲ့ အတွေးလေးကို အများကြီး ဖြေပေးခဲ့ပြီလို့ ယူဆပါတယ်

နောက်ဆုံးအနေနဲ့ သတိပေးလိုတာလေးက ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ကြပါ

ခေါင်းလျှော်ပြီးရင်လည်း သေချာခြောက်သွေ့အောင် ပြုလုပ်ပေးကြပါ…

ခေါင်းရေစိုကြီးနဲ့ဆို နှာစေး နှာမွှန် ခေါင်းကိုက်တာတွေ ဖြစ်မှာစိုးလို့ပါ

ချစ်လို့ ပြောနေတာပါ…

အားလုံးပဲ တစ်ကိုယ်ရေသန့်ရှင်းရေး ရှိကြပါစေ….

လှလှပပ တက်တက်ကြွကြွနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း အပြည့်ရှိကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်….

❤️ ချစ်တဲ့ တယ်လီကျန်းမာ ❤️

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here