သားဆက်ခြားနည်းတွေထဲက ပြုလုပ်ပြီးရင် ပြန်လည်ပြင်ဆင်ဖို့ခက်ခဲတဲ့ အမျိုးသမီးသားကြောဖြတ်ခြင်းအကြောင်း ဆွေးနွေးကြရအောင်နော်။

အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းမှာ အောက်ဆုံးမှာ မွေးလမ်းကြောင်း (vagina)၊ အထက်တက်လာရင် သားအိမ်ခေါင်းနဲ့ သားအိမ်လည်တံ (cervix and cervical canal)၊ သားအိမ်အတွင်းခန်း (uterine cavity)၊ သားပို့ပြွန် (သို့) သားကြော (သို့) ချစ်သူလမ်းကြား (fallopian tube)၊ ထိပ်ဆုံးမှာ သားဥအိမ် (ovary) အထိ တိုးလျိုပေါက်ကြီးလို့ ပြောပြဖူးပြီးသားနော။

သားဥအိမ် (ovary) ကနေ တစ်လ တစ်လုံး ထုတ်လုပ်ပေးလိုက်တဲ့ မမျိုးဥ (ovum) လေးဟာ လုံးဝမရွေ့လျားနိုင်ဘူး။ သားပို့ပြွန် (သို့) သားကြော (သို့) ချစ်သူလမ်းကြားလေးရဲ့ထိပ်မှာ စောင့်နေတယ်။

အမျိုးသားက အမျိုးသမီးရဲ့ မွေးလမ်းကြောင်းထဲသို့ ထည့်ပေးလိုက်သော အဖိုမျိုးစေ့၊ သုက်ပိုးများ (spermatozoa) ဟာ မွေးလမ်းကြောင်း၊ သားအိမ်လည်တံ၊ သားအိမ်အတွင်းခန်း၊ သားပို့ပြွန်ခေါ် သားကြောခေါ် ချစ်သူလမ်းကြားတစ်လျှောက် ဖူးစာဆိုတာ ဦးရာလူပါဆိုတဲ့ထုံး နှလုံးမူပြီး သူ့ထက်ငါအရင် ရောက်အောင် တက်သွားကြတယ်။ အသန်ဆုံး၊ အမြန်ဆုံး၊ အရင်ဆုံးရောက်တဲ့ သုက်ပိုးက သားပို့ပြွန်ခေါ် သားကြောခေါ် ချစ်သူလမ်းကြားရဲ့ထိပ်မှာ စောင့်ဆိုင်းနေတဲ့ မမျိုးဥလေးနဲ့ ပေါင်းဖက်ပြီး သန္ဓေခဲလေး ဖြစ်သွားတယ်။ သန္ဓေခဲလေးဟာ သားပို့ပြွန်တစ်လျှောက် သားအိမ်ဘက်ဆီကို ပြန်လည်လှိမ့်ဆင်းလာပြီး သားအိမ်အတွင်းနံရံမှာ သန္ဓေတည်တယ်။ အဲဒီအကြောင်းတွေ ကိုယ်ဝန်ဘယ်လိုရသလဲ အပိုင်း (၁)၊ (၂)၊ (၃) ဆိုပြီး ရေးပြခဲ့ပါတယ်။

ကိုယ်ဝန်ရတယ်ဆိုတာ အဖိုမျိုးစေ့ သုက်ပိုးနဲ့ အမမျိုးစေ့တို့ တွေ့ဆုံပေါင်းဖက်မိလို့ ဖြစ်လာတာ။ ကိုယ်ဝန်မရအောင် တားမယ်ဆိုရင် သူတို့နှစ်ခု မတွေ့အောင် တားရမှာပေါ့။ သူတို့နှစ်ခု မတွေ့အောင် အမျိုးမျိုးတားကြတယ်လေ။

  • သုက်ပိုးတွေကို မွေ့ရာပေါ် ပန်းထုတ်တယ်။
  • မမျိုးဥ မကြွေနိုင်မယ့် ရက်တွေမှာပဲ အတူနေတယ်။
  • အမျိုးသား လိင်တံအစွပ် သုံးတယ်။
  • အမျိုးသမီးက ဟော်မုန်းဆေး စားဆေး၊ ထိုးဆေး၊ လက်မောင်းအရေပြားအောက်ထည့်သော ဆေးတောင့် စတာတွေထဲက တစ်ခုခုသုံးရတယ်။

ဟော်မုန်းဆေးတွေက……

သားအိမ်လည်တံအတွင်းရှိ အကျိအချွဲများကို ထူထပ်ပျစ်ချွဲစေပြီး သုက်ပိုးများ အထက်တက်မလာအောင် ပိတ်ဆို့တားဆီးသည်။ မမျိုးဥနှင့် မတွေ့နိုင်တော့။

မမျိုးဥ မကြွေစေခြင်းဖြင့် ကိုယ်ဝန်မရအောင် တားဆီးသည်။ သုက်ပိုးတွေတက်လာခဲ့ရင်တောင် ပေါင်းစရာ မမျိုးဥ မရှိ။

အထက်ပါနှစ်ခုလုံး လွတ်သွားခဲ့ရင်တောင် သားအိမ်နံရံမှ သန္ဓေခဲကို ကောင်းမွန်စွာ လက်မခံနိုင်အောင် တားဆီးပါသည်။

ထိုသို့ တစ်ဆင့်ပြီးတစ်ဆင့် ပိတ်ဆို့တားဆီးသည် ဖြစ်သည့်အတွက် ဟော်မုန်းဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိတိကျကျ ကြိုကြိုတင်တင် လိုက်နာသုံးစွဲပါက ကိုယ်ဝန်တားနိုင်စွမ်း အလွန်မြင့်ပါသည်ဟု ပြောခဲ့ပါသည်။

သို့သော် အသက်အရွယ်ကိုလိုက်၍ အမျိုးသမီးတို့၏ ဖက်ရှင်၊ အဝတ်အစား၊ ဒီဇိုင်းကာလာ လိုက်‌လျောညီမှုရှိအောင် ပြောင်းလဲရသကဲ့သို့ ကိုယ်ဝန်တားနည်းများကိုလဲ အသက်အရွယ်ကိုလိုက်၍ ပြောင်းလဲအသုံးပြုသင့်ပါသည်ဟု ရေးခဲ့ပါသည်။

ပြောခဲ့ပြီးသမျှ နည်းလမ်းများကတော့ ကလေးပြန်ယူချင်လျှင် အလွယ်ပြန်ရနိုင်သော နည်းလမ်းများဖြစ်ပါသည်။

ယခု ခွဲစိတ်မှုနည်းလမ်းကို စဉ်းစားကြည့်ရအောင်။

ရည်ရွယ်ချက်ကတော့ မပြောင်းပါဘူးဗျ။ အဖိုမျိုးစေ့ သုက်ပိုးများနဲ့ အမမျိုးစေ့လေးကို မတွေ့အောင် ပိတ်ဆို့တားဆီးမှာပါပဲ။ ခွဲစိတ်ပိတ်ဆို့တဲ့နည်းနဲ့ပေါ့လေ။

ဆိုတော့ ဘယ်နေရာကနေ ပိတ်ကြမလဲ။

အမျိုးသမီးမွေးလမ်းကြောင်းကို ပိတ်ပစ်မလား။ ပိတ်လိုက်ရင်တော့ သုက်ပိုးနဲ့ မမျိုးဥ မတွေ့နိုင်တော့ဘူးလေ။ ဒါပေမယ့် သေချာတယ် ဒါတော့ ဘယ်သူမှ လက်ခံမည်မထင်ပါ။ မွေးလမ်းကြောင်းကို ခွဲစိတ်ပြီး ကျဉ်းခိုင်းတဲ့ အမျိုးသမီးတွေတော့ တွေ့ဖူးပါတယ်။ ပိတ်ချုပ်ခိုင်းတဲ့သူတော့ မတွေ့ဖူးပါဗျ 😁။

အဲဒါဆို သားအိမ်ခေါင်း၊ သားအိမ်လည်တံ၊ သားအိမ်တို့ကို ခွဲထုတ်ပြီး (အတိုကောက်က သားအိမ်ထုတ်တယ်လို့ ပြောကြတယ်) မွေးလမ်းကြောင်းထိပ်ကို ပိတ်ချုပ်လိုက်မလား။ အဲဒါဆိုရင်တော့ သေချာတယ်။ အိမ်ထောင်ရေးသုခလည်း အနှောက်အယှက်မရှိ။ ကိုယ်ဝန်လည်း ဘယ်လိုမှမရနိုင်။ ဒါပေမယ့် ကြမ်းလွန်းတယ်လေ။ ခွဲစိတ်မှု အကြီးစားကြီး။ ကိုယ်ဝန်တားဖို့အတွက်လေးနဲ့ကျတော့ အဲဒီလောက်ကြီး ခွဲထုတ်ပစ်ရမှာ မတန်ပါဘူး။ အခြားသားအိမ်၊ သားဥအိမ် ရောဂါတစ်ခုခုကြောင့် လိုအပ်လာလို့ သားအိမ်ထုတ်ရမယ်ဆိုရင်တော့ တစ်မျိုးပဗျာ။

အဲဒါကြောင့် ကျွန်တော်တို့က ခွဲစိတ်ခြင်းနည်းလမ်းအားဖြင့် ကိုယ်ဝန်တားတော့မယ်ဆိုရင် သားအိမ်ရဲ့ ထိပ် ဘေးတစ်ဖက်တစ်ချက်ကနေ ထွက်နေတဲ့ သားဥအိမ်နဲ့ဆက်ထားတဲ့ သားပို့ပြွန်ခေါ် သားကြောခေါ် ချစ်သူလမ်းကြားလေးကို ဖြတ်တောက်ပိတ်ဆို့လိုက်တာပါပဲ။ အများပြောနေကြတဲ့ အမျိုးသမီး သားကြောဖြတ်တယ်ဆိုတာ အဲဒါပါပဲ။ သုက်ပိုးတွေ ပန်းတိုင်နားရောက်ခါနီး ပန်းဝင်တော့မယ့် ပြေးလမ်းကြောင်းကို ဖြတ်လိုက်တာ။ ဘယ်လိုမှ ပန်းမဝင်နိုင်တော့ဘူး။ သုက်ပိုးနဲ့

မမျိုးဥ မတွေ့အောင် လမ်းပိတ်ပေးလိုက်တာပါ။ သားကြောဖြတ်တယ် ဘာသာပြန်ထားတော့ သွေးကြောပြတ်တယ်၊ အာရုံကြောပြတ်တယ် ဆိုတာတွေနဲ့ အဓိပ္ပါယ်ရောထွေးသွားပြီး တချို့လူနာတွေက အတော်လေးကြောက်ကြလို့ ပြောပြတာပါ။

ပြောရရင် အမျိုးသမီး သားကြောဖြတ်တယ်ဆိုတာ သားအိမ်ထုတ်တာနဲ့ယှဉ်ရင် ခွဲစိတ်မှု အသေးစားလေးပါ။ သားအိမ်ထုတ်တာက ခွဲစိတ်မှုကြာမြင့်ချိန် ပျမ်းမျှတစ်နာရီခွဲဆိုရင် သားကြောဖြတ်တာက ပျမ်းမျှဆယ်မိနစ်ပါ။

တစ်ခု ကြိုတင်သတိပေးရမှာကတော့ သားကြောဖြတ်ခြင်းသည် နောင်ပြင်ရန်ခက်သည့် အမျိုးပါဗျ။ သားကြောဖြတ်ပြီးမှ ကလေးပြန်လိုချင်တယ်ဆိုရင်တော့ သိန်းဆယ်ဂဏန်းကြီးကြီး အကုန်ခံ၊ ဖန်ပြွန်သန္ဓေသားလုပ်၊ သားအိမ်ထဲပြန်ထည့် တော်တော် အလုပ်ရှုပ်ပါမယ်ဗျ။

ဒါကြောင့် ကျွန်တော်ကတော့ အမျိုးသမီးတစ်ယောက်က သားကြောဖြတ်ပေးဖို့ တောင်းဆိုလာခဲ့ပြီဆိုရင် သေချာရှင်းပြပါတယ်။ အထူးသဖြင့် အသက် ၃၅ နှစ်အောက် အမျိုးသမီး၊ ကလေးကလည်း နှစ်ယောက် သုံးယောက်ပဲရှိသေးပြီး၊ မွေးကင်းစကလေး သို့ ငါးနှစ်အောက်ကလေးတွေ ရှိနေသေးရင် သေချာစဉ်းစားခိုင်းပါတယ်။ ကလေးပြန်ယူချင်စိတ် ပေါ်လာနိုင်တဲ့ ဖြစ်နိုင်ခြေနှစ်ခုကို အမြဲပြောပြပါတယ်။

တစ်ခုက မပြောကောင်းမဆိုကောင်း လက်ရှိကလေးတစ်ယောက်ယောက် ဆုံးပါးသွားခဲ့ရင်လို့။

နောက်တစ်ခုက အကယ်၍များ နောက်အိမ်ထောင်ကျခဲ့လို့ ဒုတိယလူ၏ ပထမဝေဒနာလေးကို လွယ်‌ပေးချင်ပါသေးတယ်ဆိုရင် ခက်ကုန်မယ်လို့။ အခြေအနေ တည်ငြိမ်အောင် လေးဆယ်နားနီးအောင် စောင့်ပါ။ ကြားထဲ စိတ်ချသေချာတဲ့ အခြားသားဆက်ခြားနည်းတစ်ခု သုံးထားပါ။ ဘာတွေ၊ ဘာတွေက သင့်တော်ပါတယ်။ ဒီလိုပြောခဲ့တာပါ။

ကလေး ခုနှစ်ယောက်မြောက်တို့၊ ရှစ်ယောက်မြောက် ကိုယ်ဝန်တို့ဆိုရင်တော့ တိုက်တိုက်တွန်းတွန်းကို ကျွန်တော်ကဦးဆောင်ပြီး သားကြောဖြတ်ဖို့ကို ပြောပါတယ်။ အဲဒီလိုလူတွေကို စိတ်ချသေချာသော ကိုယ်ဝန်တားနည်း တစ်မျိုးမျိုးကို သုံးဖို့ရန် ရှင်းပြကြည့်ပါ။ ဟောရင်းသာ ပျံတော်မူမည် ဆန်ဖြူဖြူတစ်ခွက်မျှ လှူနိုင်ဖွယ်မရ ဆိုတဲ့စကားပုံလေးကို သတိရလာပါလိမ့်မယ်။ ကလေး ခုနှစ်ယောက်၊ ရှစ်ယောက်မွေးတဲ့ ဆရာဝန်မတွေ၊ ကျောင်းဆရာမတွေ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင် အမျိုးသမီးတွေ၊ ပညာတတ်သူဌေးမကြီးတွေ ကျွန်တော်မတွေ့ဖူးပါဘူး။

နောက်တစ်ခု သားကြောဖြတ်ရန် လိုအပ်သူများကတော့ ပထမကိုယ်ဝန်ကို ခွဲစိတ်မွေးဖွား၊ ဒုတိယကိုယ်ဝန်ကိုလည်း ခွဲစိတ်မွေးဖွား၊ ဒါဆိုရင်တော့ တတိယကိုယ်ဝန်ကို ခွဲစိတ်မွေးဖွားရင်း တစ်ပြိုင်နက်တည်း သားကြောဖြတ်ခဲ့မှာပါ။ စတုတ္ထကိုယ်ဝန် လုံးဝအလွယ်မခံသင့်ပါဘူး။ ကျွန်တော့်ရဲ့ လက်ထောက်ဆရာဝန်ဖြစ်ခဲ့ဘူးသူ စကားကြွယ်တဲ့ညီလေးရဲ့ ပုံခိုင်းနှိုင်းမှုကို ယူသုံးရရင် လေးကြိမ်မြောက် ခွဲမွေးရရင်တော့ အမျိုးသမီးရေ ညည်းရင်လည်း သေမယ်။ ညည်းကိုခွဲပေးတဲ့ ဆရာဝန်ရင်လည်း သေမယ်တဲ့။ ယေဘုယျသဘော ပြောတာပါ။ အရမ်းအန္တရာယ်များတယ်လို့ ဆိုလိုတာပါ။

သုံးကြိမ်မြောက်ခွဲမွေးတုန်းက ဘာ့ကြောင့်မှန်းမသိ သားကြောမဖြတ်ပေးခဲ့လို့ (သို့) သားကြောဖြတ်ရန် ငြင်းဆန်ခဲ့လို့ လေးကြိမ်မြောက်ကိုယ်ဝန်ကို ကျွန်တော်ခွဲမွေးပေးခဲ့ရတာ OG ဘဝ ဆယ်နှစ်ကျော်သက်တမ်းတစ်လျှောက် မှတ်မှတ်ရရ နှစ်ကြိမ်ကြုံဖူးပါတယ်။ ကမ္ဘာပေါ်က ရှိရှိသမျ ဘုရားအပေါင်း စောင့်ရှောက်ကယ်မပါ ဆုတောင်းရင်းပေါ့။ နှစ်ကြိမ်နဲ့အထက် ခွဲစိတ်မွေးဖွားထားပြီးသား တတိယအကြိမ်၊ စတုတ္ထအကြိမ် ကိုယ်ဝန်တွေကို ရိုးရိုးပေးမမွေးရဲလို့ ထပ်ခွဲမွေးပေးတာပါခင်ဗျ။ နောက်ကိုယ်ဝန်မရအောင် လမ်းကြုံတုန်းလေး တစ်ခါတည်း သားကြောဖြတ်ခဲ့တာပါဗျ။ သားကြောဖြတ်ချင်လို့ ခွဲမွေးပေးတာ မဟုတ်ရပါဘူး။

ဘာလို့ ဒီလိုပြောရသလဲဆိုတော့ အရင်ကလေး လေးယောက်စလုံးကို သဘာဝအတိုင်း လွယ်လွယ်ကူကူ မွေးဖွားခဲ့ပြီး ငါးယောက်မြောက်ကလေးကျတော့မှ သားနှောင်းစနေလေး လိုချင်လို့ရယ်၊ သားကြောဖြတ်ချင်လို့ရယ်၊ မွေးလမ်းကြောင်း ကျဉ်းချင်လို့ရယ်ပါဆိုပြီး one- stop service လာတောင်းဆိုကြတာတွေလည်း ကြုံဖူးလို့ပါ။ ကလေးမွေးတာကို အဲဒီလိုဈေးတွက် မတွက်ကြပါနဲ့ဗျာ။

ဘာနေ့သားလေး လိုချင်တယ် ဆိုတာကတော့ ကျွန်တော်မရှင်းတတ်ဘူး။ သားကြောဖြတ်ချင်လို့ ခွဲမွေးမယ်ဆိုတာက မှားနေတယ်။ ခွဲမွေးဖို့ ခိုင်လုံတဲ့အကြောင်း တစ်စုံတစ်ရာရှိမှ ခွဲစိတ်ရင်း လမ်းကြုံ သားကြောဖြတ်ပါတယ်။ ရိုးရိုးမွေးလို့ရရင် ရိုးရိုးမွေး၊ ပြီးမှ သားကြောဖြတ်ပါဗျ။

ဘာကြောင့်လဲဆိုတော့…….

ခွဲတော့မယ်ဆိုရင် မနာအောင် ခါးရိုးထုံဆေး ပေးရတော့မယ်လေ။ ကိုယ်ဝန်ကြီးနဲ့အမျိုးသမီးကို ထုံဆေးပေးရတာ ပိုအန္တရာယ်များတယ်။ ကလေးကို ခွဲထုတ်ရင်းနဲ့ သားကြောဖြတ်မှာဆိုတော့ ဗိုက်ခွဲကြောင်းက တစ်မိုက်လောက် ရှည်မယ်။ ခွဲစိတ်မှုကြာမြင့်ချိန် လေးဆယ့်ငါးမိနစ်ခန့် ကြာမယ်။

သားကြောဖြတ်ရုံသက်သက်ဆို ထုံဆေးအန္တရာယ် ပိုနည်းမယ်။ ဗိုက်ခွဲကြောင်းကလည်း တစ်လက်မအရှည်လောက်ဆို ရပြီ။ ခွဲစိတ်မှုကြာမြင့်ချိန် ဆယ်မိနစ်။ မီးနဲ့ ရေ ဘာကိုရွေးမလဲ။

အဲဒီလောက် ရှင်းပြတာတောင်မှ မရဘူးခွဲပေး၊ အန္တရယ်တွေလက်ခံတယ်၊ အပြင်ဆေးခန်းမှာ ဆိုရင်တော့ လုပ်ပေးရတော့တာပေါ့။ နားလည်ပေးကြပါနော။

ကျွန်တော် ဘာတော့လုပ်မပေးဘူးလဲဆိုတော့ တစ်ခါတည်း မွေးလမ်းကြောင်းကျဉ်းပေးတဲ့ ခွဲစိတ်မှု။ နေ့စေ့လစေ့ကိုယ်ဝန်ကြီးနဲ့ အမျိုးသမီးရဲ့ မွေးလမ်းကြောင်းနဲ့ ကိုယ်ဝန်မရှိအမျိုးသမီးရဲ့ မွေးလမ်းကြောင်း မတူဘူးဗျ။ ကိုယ်ဝန်နဲ့ဆိုတော့ သွေးတွေအရောက်များပြီး စိုအိဖောင်းကားနေတာ။ ခုတ်ပြီးစ သစ်သားအစိုနဲ့တူတယ်။ ခြောက်သွားရင် ရုန်းသွား၊ တိုသွားမှာတွေ ရှိသေးတယ်။ လက်သမားဆရာတွေ မေးကြည့်ပါ။ ဘယ်သူမှ သစ်သားအစိုကြီးကို ကျည်းဘောင်မခွေပါဘူး။ အစိုကြီးနဲ့ ခွေထားခဲ့လို့ သစ်သားခြောက်သွားရင် ရုန်းသွားတာ၊ တိုသွားတာတွေကြောင့် စရွေးမကိုက်ဘဲ အပေါက်ကရွဲ့စောင်း သွားနိုင်တယ်လို့။ သစ်သားခြောက်မှ ပြန်လာခဲ့ပါ။ နောက်တစ်ကြိမ် ခွဲစိတ်ခထပ်လိုချင်လို့ မဟုတ်ပါဘူး။ ခုတစ်ခါတည်းလုပ်၊ ခုတစ်ခါတည်း ပေါင်းတောင်းလည်း ရတာပါပဲလို့။ သေချာ စရွေးကိုက်လေး လုပ်ပေးချင်လို့ပါလို့ သေချာရှင်းပြပါတယ်။

နောက်ထပ် သားကြောဖြတ်ဖို့ လိုအပ်တဲ့အကြောင်း အရာတွေ အများကြီးရှိသေးတယ်။ ဥပမာ ကိုယ်ဝန်လုံးဝ မဆောင်သင့်သော နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အရေပြားလေးဖက်နာရောဂါ၊ အမျိုးအစား (၁) ပြင်းထန်ဆီးချို၊ ဟော်မုန်းသန္ဓေတားဆေးများနှင့် မတည့်သူများ စသည်ဖြင့် အများကြီးရှိပါသေးတယ်။

ဘယ် OG မှ ကလေးတစ်ခါမှ မမွေးဖူးသေးသူ အမျိုးသမီးကို သားကြောဖြတ်မပေးပါဘူး။ သူတို့ကလည်း မတောင်းဆိုပါဘူး။

သားကြောဖြတ်ရန် တောင်းဆိုလာကြပြီဆိုရင်လည်း သင့်တော်၏/မသင့်တော်၏ ဖြစ်နိုင်ခြေ အကောင်း/အဆိုးတွေကို သေချာဆွေးနွေး ရှင်းပြပြီး နားလည်လက်ခံတယ်ဆိုမှ လုပ်ပေးကြတာပါ။

သားကြောဖြတ်တာနဲ့ ပတ်သက်ပြီး ကျွန်တော်မကြိုက်တဲ့ အနှောက်အယှက်နှစ်ခု ကြုံရတယ်။

တစ်ခုက ယောက်ျားက ခွင့်မပြုလို့တဲ့။ ယောက်ျားတွေ အကုန်လုံးတော့ မဟုတ်ပါဘူး။ တချို့တလေ နလပိန်းတုန်းတွေပါ။ အထူးသဖြင့် မိသားစုကို ကောင်းကောင်း မထောက်ပံ့နိုင်တဲ့ကောင်တွေ ထင်တာပဲ။ ဒီနေရာကျမှ ပဏ္ဏာလာယူတာ။ သူ့မိန်းမအတွက်ပဲ စိုးရိမ်သလိုလို။ မသိရင် ကိုယ်တွေကပဲ သူ့မိန်းမ ဒုက္ခရောက်အောင်၊ မသန်စွမ်းဖြစ်အောင်လုပ်မယ့် စောင်ဆရာဝန်တွေလိုလို။

ဟိုမိန်းမကလည်း နားမလည်၊ ပါးမလည် သူ့ယောက်ျားက သူ့ကို စိုးရိမ်ပူပန်ရှာတယ်ဆိုပြီး ပီတိတွေတက်၊ အီအီးတွေထွက် မဖြတ်တော့ပါဘူး ဖြစ်ကရော။ စိတ်ထဲကတော့ ပြောလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်နေကြတာတောင် မသိကြဘူးဟေလို့။

ကျွန်တော်ဆိုလိုတာက ယေဘုယျသဘောကို ပြောတာပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း နန်းသုံးတော်ဝင် သားဖွား၊ မီးယပ်ဆရာဝန်ကြီး မဟုတ်တော့ ကျွန်တော့်လူနာတွေကလည်း လူလတ်တန်းစားတွေ၊ ဝင်ငွေမကြမ်းတဲ့ လူနာတွေချည်း တွေ့နေရလို့လားတော့ မပြောတတ်ဘူး။ ကလေးများများမွေးကြခြင်းနဲ့ ဆင်းရဲတွင်းနက်ကြခြင်း၊ အသိပညာဗဟုသုတ နည်းကြခြင်းက တိုက်ရိုက်အချိုးကျလို့ပါ။

အရှည်တွေးရင် မူလတန်းပညာ၊ အလယ်တန်းပညာတောင် သင်ယူခွင့်မရမယ့် ကလေးတွေများလာမယ်။ ကလေးအလုပ်သမားလေးတွေ များလာမယ်။ ကမ္ဘာ့နိုင်ငံတွေအတွက် အခြေခံအထွေထွေလုပ်သား အများဆုံးထုတ်လုပ်ပေးရာနိုင်ငံ ဖြစ်လာမယ်။ နည်းနည်းမွေးပြီး အားလုံးကို အတိဇာတ သား၊သမီးတွေဖြစ်အောင် ပြုစုပျိုးထောင်စေချင်တာ။ သားဖွားမီးယပ် ဆရာဝန်ပါးစပ်က ကြီးကြီးကျယ်ကျယ်တွေ လျောက်ပြောနေတယ်ပြောလည်း ခံရမှာပါပဲ။

နောက်တစ်ခုက ခေတ်အဆက်ဆက် အာဏာပိုင်တွေ ပေးခဲ့တဲ့အနှောက်အယှက်။

သားကြောဖြတ်ချင်သူ၊ ဖြတ်ပေးသင့်သူ လူနာတွေနဲ့တွေ့အပြီး အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး လူနာနဲ့ OG နဲ့ သဘောတူတာနဲ့ ဖြတ်မရဘူးတဲ့ဗျ။ သားကြောဖြတ်ခွင့်ပြုပါရန် ဆိုပြီး ခွင့်ပြုမိန့်ကျဖို့ လျှောက်လွှာတင်ရမတဲ့။ စိစစ်ရေးအဖွဲ့က ခွင့်ပြုပါသည်အမိန့်ကျမှ ဖြတ်ရမယ်တဲ့။ တင်ရမယ့်လျှောက်လွှာထဲမှာ ယောက်ျားသဘောတူကြောင်းလက်မှတ်၊ အသက်ထောက်ခံချက်အတွက် မှတ်ပုံတင်မိတ္တူ၊ ကလေးဘယ်နှယောက်ရှိပါတယ် မှန်ကန်ကြောင်း မွေးစာရင်းမိတ္တူတွေနဲ့ ရပ်ကွက်ဥက္ကဌရဲ့ ထောက်ခံချက်၊ အိမ်နားနီးချင်းရဲ့ ထောက်ခံချက်၊ ဆရာဝန်တစ်ယောက်ယောက်ရဲ့ ထောက်ခံချက်လက်မှတ် စတာတွေပါရမယ်တဲ့။

အမျိုးသမီးတစ်ယောက် သူ့ရဲ့သားကြောကို သူ မပိုင်ဘူးလား။ ဘေးမှာ အကောင်းဆုံးအကြံပေးမယ့် OG တစ်ယောက်ရှိရင် မလုံလောက်ဘူးလား။ သားအိမ်ထုတ်မယ်ဆိုရင်ရော ခွင့်ပြုမိန့်တင်ရဦးမှာလား။ စဉ်းစားကြည့်စေလိုပါတယ် ခင်ဗျ။

မဟုတ်ရင် သားကြောဖြတ်ဖို့ ခွင့်ပြုမိန့် တင်နေမယ့်အစား သားအိမ်ထုတ်ခြင်း ခံရနိုင်သည်တွေ ဖြစ်ကုန်မယ်နော်။ ဘယ်သူမှ မလိုက်နာသော အမိန့်တစ်ခုသည် အမိန့်ထုတ်သူသာ လူကဲ့ရဲ့စရာ ဖြစ်သွားလိမ့်မည်ဟု ယူဆမိပါကြောင်း။

ကျွန်တော် တစ်ဦးတည်း တစ်ယောက်တည်း၏ သဘောထားအမြင်မျှသာ ဖြစ်ပါသည်။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ကြောင်းပါဗျ….။

ဒေါက်တာဝသုန်
သားဖွားမီးယပ် ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here