“ တစ်နှစ်တစ်ခါပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း”  ဆိုသလို ခုလို မိုးရာသီအချိန်အခါဟာ မှိုပွင့်လေးတွေ ပေါ်ပေါက်ချိန်ပါပဲ။ မိုးရာသီဟာ ဒီလိုမျိုး လူသားတွေကို အာဟာရအကျိုးပြုတဲ့ မှိုတွေပေါ်ထွက်ရုံသာမက သာမာန်လူမျက်စိနဲ့မမြင်နိုင်တဲ့ အဏုကြည့်မှန်ပြောင်းအောက်မှာသာ မြင်နိုင်တဲ့ မှိုပိုးတွေ အမြောက်အများပေါ်ထွန်းရာ၊ မှိုပိုးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားလေ့ရှိရာ ရာသီတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

ပူနွေးစွတ်စိုတဲ့ ရာသီဥတု​က မှိုပိုးတွေပေါက်ဖွားစေဖို့ အားပေးတဲ့နေရာ ဖြစ်နေစေလို့ မိုးရာသီရောက်ပြီဆိုရင် မှိုနဲ့ပတ်သက်တဲ့ရောဂါတွေ ပေါ်ပေါက်လာတတ်စမြဲပါပဲ။ အဖြစ်များတတ်ကြတာကတော့…

-ခြေသဲဝဲစားရောဂါ (Athlete’s foot)

  • ပွေးယားနာ (Ringworm)
  • လက်သည်း၊ ခြေသည်း မှိုစွဲရောဂါ (Fungal nail infection) စတဲ့ အရေပြားယားနာရောဂါမျိုးတွေအပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုပါ ဖြစ်စေတတ်ပါတယ်။

ဒီတော့ မိုးရာသီမှာ မှိုပိုးနဲ့ဆက်စပ်တဲ့ရောဂါတွေ မဖြစ်ပွားရလေအောင်….

(၁) တစ်ကိုယ်ရေသန့်ရှင်းရေး အလေးပေးပါ

ချွေး၊ ဖုန်မှုန့်၊ အဆီတွေဟာ မှိုပိုးတွေကို ပေါက်ပွားစေတတ်လို့ ဆပ်ပြာကိုအသုံးပြုပြီး နေ့စဥ်ရေပုံမှန်ချိုးပါ။ ရေချိုးပြီးတိုင်းလည်း သွေ့ခြောက်အောင် သုတ်ပါ။ အထူးသဖြင့် မှိုပိုးတွေအောင်းနေနိုင်တဲ့ ခြေချောင်းကြား၊ ပေါင်ခြံ၊ ခြေဖဝါး စတဲ့နေရာတွေကို သန့်ရှင်းခြောက်သွေ့နေပါစေ။
.

(၂) လေဝင်လေထွက်ကောင်းပါစေ

လေဝင်လေထွက် ကောင်းမွန်တဲ့၊ သက်သာချောင်ချိတဲ့ ပေါ့ပေါ့ပါးပါးအဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ။ ကျပ်ထုပ်လေးလံတဲ့ အဝတ်တွေက မှိုပိုးတွေပေါက်ပွားစေဖို့ ပိုလို့အားပေးလို့ ရှောင်ရှားပါ။
.

(၃) ခြေဖဝါးကို ခြောက်သွေ့နေပါစေ

မိုးရာသီမှာ ခြေဖဝါးဟာ ရေအမြဲစိုနေရင်တော့ သဲဝဲစားတာလို မှိုအရေပြားရောဂါတွေဖြစ်ဖို့ရာ ရာနှုန်းအလွန်များတာမို့ ခြေဖဝါးကို ခြောက်သွေ့နေပါစေ။ ဒါ့အပြင် လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကို ရွေးချယ်စီးပါ။ ရှူးဖိနပ်လို အလုံပိတ်ဖိနပ်အမျိုးအစားတွေဟာ ရေစိုနေတဲ့ခြေထောက်တွေကို မခြောက်သွေ့စေတော့ဘဲ ချွေးတွေ၊ ဖုန်မှုန့်တွေနဲ့ ရောထွေးလို့ မှိုပိုးတွေပေါက်ပွားအောင် အားပေးပါတယ်။
.

(၄)  ခြေဖဝါးသန့်ရှင်းရေး အလေးပေး

ခြေဖဝါးကို ဆပ်ပြာအသုံးပြုပြီး နေ့စဥ် ဆေးကြောသန့်ရှင်းရေး ပြုလုပ်ပါ။ ဒီနောက် ခြောက်သွေ့အောင် အမြဲထားပါ။ လ်ိုအပ်ပါက ပေါင်ဒါမှုန့် သို့မဟုတ် မှိုသတ်စပရေးဆေးရည် (anti-fungal spray) အသုံးပြုပါ။
.

(၅) ခြေဗလာနှင့် လမ်းမလျှောက်နှင့်

ခြေဗလာနဲ့ လမ်းလျှောက်တဲ့အခါ စိုစွတ်နေတဲ့မြေကြီး၊ ရွံ့ဗွက်အိုင်တွေကနေ မှိုပိုးတွေ ကပ်ပါလာနိုင်တာကြောင့် ခြေ​ဗလာနဲ့ လမ်းမလျှောက်သင့်ပါ။ အထူးသဖြင့် ရောဂါပိုးတွေ၊ မှိုပိုးတွေ သိပ်သည်းထူထပ်ရာ ပန်းခြံ၊ အများသုံးရေကူးကန်၊ Gym လို အားကစားရုံတွေ စတဲ့နေရာတွေမှာ ခြေဗလာနဲ့လမ်းလျှောက်ခြင်းကို ရှောင်ကြဥ်ပါ။ စိုစွတ်တဲ့ ဒီလိုနေရာတွေကို ဖြတ်လျှောက်ရမယ်ဆိုရင် ရာဘာဖိနပ်လို အကာအကွယ်မျိုးက အကောင်းဆုံးပါပဲ။
.

(၆) ပတ်ဝန်းကျင်သန့်ရှင်းရေး အလေးပေး

မှိုပိုးတွေပေါက်ပွားမှုကို ထိန်းသိမ်းဖို့ ပတ်ဝန်းကျင်သန့်ရှင်းရေး အလေးပေးပါ။ အဝတ်အစားတွေ၊ အခင်းတွေကို မကြာခဏ လျှော်ဖွပ်အခြောက်ခံပါ။ ရေချိုးခန်း၊ မီးဖိုချောင်ကစလို့ အိမ်ပတ်ဝန်းကျင်တစ်ခုလုံး​ သန့်ရှင်းခြောက်သွေ့အောင် ထားပါ။
.

(၇) တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေကို မျှဝေမသုံးနှင့်

မှိုပိုးအပါအဝင် အရေပြားရောဂါတွေ ကူးစက်တတ်လို့ မျက်နှာသုတ်ပဝါ၊ ခြေအိတ်၊ ဖိနပ်၊ လက်သည်းညှပ် စတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းများကို ဝေမျှအသုံးပြုခြင်းမှ ရှောင်ကြဥ်ပါ။ 

အထက်ကနည်းတွေနဲ့ ကာကွယ်သည့်တိုင် ကိုယ့်မှာ မှိုပိုးနဲ့ဆက်စပ်တဲ့ အရေပြားဆိုင်ရာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားလာရင်တော့ စောစောသိ၊ စောစောကုသပါ။ လိုအပ်ပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကုသပါ။  ဆရာဝန်ကလိုအပ်သလို မှိုသတ်လိမ်းဆေး၊ သောက်ဆေး ညွှန်ကြားပါလ်ိမ့်မယ်။

မှိုပိုးနဲ့ ဆက်စပ်တဲ့ရောဂါတွေဟာ မိုးရာသီမှာ အဖြစ်များလှတာဖြစ်လို့ ခုလိုမိုးရာသီအချိန်မှာ မှိုပိုးအန္တရာယ်ကို ကာကွယ်ကြရအောင်လားနော်…။

Reference: 📚
Continental Hospitals : Preventing fungal infections during rainy season 

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here