မိန်းမကိုယ် ယားယံခြင်း (မိန်းမကိုယ် မှိုစွဲခြင်း) (November,2023)

0
585

မိန်းမကိုယ်ယားယံခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တဲ့ မိန်းမကိုယ်မှိုစွဲခြင်းအကြောင်းရှင်းပြပါမယ်။ တချို့လူနာတွေမှာ သူ့ရဲ့ထူးခြားချက်ကတော့ မိန်းမကိုယ်က မခံနိုင်လောက်အောင် ဆိုးဆိုးရွားရွား ယားယံတာပါ။ မခံနိုင်လွန်းလို့ လက်သည်းနဲ့ကုတ်ရင်း အရေပြားနေရာတွေ ပေါက်ပြဲ၊ ဆီးသွားဖို့တောင် ခက်ခဲတာမျိုးအထိ ရှိတတ်ပါတယ်။

.

????ရောဂါလက္ခဏာများ

မိန်းမကိုယ်နေရာတစ်ဝိုက်မှာ…

– ယားယံတာ

– ဆူးသေးသေးလေးတွေနဲ့ ထိုးသလို တဆစ်ဆစ်နဲ့ ကသိကအောက် ခံစားရတာ

– ရောင်ရမ်းတာ

– နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။

အခြားလက္ခဏာများ အနေနဲ့…

– ဒိန်ချဉ်လို ခပ်ပျစ်ပျစ် အဖြူဆင်းတာ

– ဆီးပူ၊ ဆီးကျဥ်တာ

– အမျိုးသားနဲ့အတူနေချိန် နာကျင်တာ (တချို့တွေမှာ မိန်းမကိုယ် အနံ့ဆိုးတာ) ဖြစ်တတ်ပါတယ်။

..

..

????ဘာကြောင့်ဖြစ်တာလဲ

Candida လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တာပါ။ အဲဒီမှိုရောဂါပိုးဟာ အူလမ်းကြောင်းနဲ့ မိန်းမကိုယ်ထဲမှာ ပုံမှန်အားဖြင့် အနည်းငယ်ရှိတတ်ပြီး အန္တရာယ်မရှိပါဘူး။ သူ့ရဲ့ပုံမှန်အခြေအနေပျက်သွားပြီး ရှိသင့်တာထက် ပိုပွားလာရင်တော့ ရောဂါလက္ခဏာတွေ စပြီးဖြစ်လာပါမယ်။

ဘယ်လိုလူတွေမှာ ဖြစ်တတ်သလဲဆိုတော့

– ဆီးချိုရောဂါရှိသူတွေ

– ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ

– ပိုးသတ်ဆေး/ စတီးရွိုက်ဆေးသောက်နေတဲ့သူတွေ

– ကိုယ်ခံအားနည်းသူတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။

.

အခြားဖြစ်နိုင်ခြေတွေကတော့…

– ကိုယ်ဝန်တားဆေး သောက်နေတဲ့သူတွေ

– သားအိမ်ထဲ ကိုယ်ဝန်တားပစ္စည်း ထည့်ထားသူတွေ

– အိပ်ရေးပျက်လွန်းသူတွေ

– စိတ်ဖိစီးမှု များသူတွေ

– ရာသီလာခါနီးနှင့် ရာသီလာနေချိန်

– လိင်ဆက်ဆံတာ

– ဂျင်းဘောင်းဘီကျပ်ကျပ် ဝတ်လေ့ရှိသူတွေ

– နိုင်လွန်အတွင်းခံဘောင်းဘီ ဝတ်လေ့ရှိသူတွေ

– ရေကူးပြီး ရေကူးဝတ်စုံအစိုနဲ့ အကြာကြီးဆက်နေလေ့ရှိသူတွေ

– ကိုယ်အလေးချိန်များတဲ့သူတွေ စတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

..

..

????ကုသနည်း

မှိုသတ်ဆေးပါတဲ့ လိမ်းဆေး၊ သောက်ဆေး၊ မိန်းမကိုယ်ထဲထည့်တဲ့ ဆေးတောင့်တွေကို ရောဂါအခြေအနေပေါ်မူတည်ပြီး ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ အများအားဖြင့် ၃-၄ ရက်ဆို သက်သာသွားတတ်ပါတယ်။

ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေဆိုရင် ကလေးအပေါ် ဆေးရဲ့ဘေးထွက်ဆိုးကျိုး မရအောင် ဆရာဝန်ကို မိမိမှာ ကိုယ်ဝန်လွယ်ထားကြောင်း အသိပေးပါ။

ယားယံတာ၊ နေရထိုင်ရ မသက်မသာဖြစ်တာတွေအတွက် ဆားဆော်ဒါအမှုန့် (bicarbonate of soda) တစ်ဇွန်းကို ရေခပ်နွေးနွေး ၁ လီတာမှာဖျော်ပြီး မိန်းမကိုယ်သန့်ရှင်းရေး လုပ်ပါ။ တစ်နေ့ ၂ ကြိမ် – ၃ ကြိမ် သန့်ရှင်းရေးလုပ်နိုင်ပါတယ်။

..

..

????ကာကွယ်နည်း

– ဂျင်းဘောင်းဘီကျပ်ကျပ်တွေဝတ်တာ ရှောင်ပါ။

– ချည်သားအတွင်းခံပွပွကို ဝတ်ပါ။

– မိန်းမကိုယ်ကို ဆပ်ပြာနဲ့ ဆေးတာက မိန်းမကိုယ်အတွင်းပိုင်းခြောက်စေပြီး Candida မှိုကို လိုတာထက် ပိုပွားလာတာမျိုး၊ စွဲတာမျိုး ဖြစ်စေလို့ ရှောင်ကြဥ်ပါ။

– ရေချိုး၊ အိမ်သာသွားပြီးလျှင် မိန်းမကိုယ်ကို သေချာခြောက်သွေ့အောင် သုတ်ပါ။

– အတွင်းခံလျှော်ဖွပ်ပြီး သေချာမခြောက်သေးခင် ဝတ်တာမျိုး ရှောင်ပါ။

– မိန်းမကိုယ်မှိုစွဲနေစဉ် လိင်ဆက်ဆံတာ ရှောင်ပါ။

.

????ကိုယ်ဝန်ဆောင် မိခင်များအတွက်

မိန်းမကိုယ်မှိုစွဲတာကို သေချာကုမထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကနေ သဘာဝအတိုင်းမွေးလာတဲ့ ကလေးလေးမှာ တခြားကလေးတွေထက် မှက်ခရုဖြစ်နိုင်ခြေ ပိုများပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ အဖြူတွေအရမ်းဆင်းပြီး မိန်းမကိုယ်ယားရင် ဆရာဝန်နဲ့တိုင်ပင်ဖို့ မရှက်ပါနဲ့။

.

????အထူးသတိပေးချက်

မိန်းမကိုယ်မှိုစွဲခြင်းကြောင့်ဖြစ်တဲ့ လက္ခဏာတွေက တခြားရောဂါတွေနဲ့ ဆင်တူဖြစ်နေနိုင်လို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

(ကိုးကား) Reference: ????

Murtagh’s Patient Education, six edition: Vaginal Thrush

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here