Heroin သို့မဟုတ် diacetylmorphine သည် opioid အုပ်စုမှ ဆေးတစ်မျိုးဖြစ်ပါသည်။ တခြားသော opioid များတွင် opium, morphine, pethidine, codeine, oxycodone, methadone တို့ ပါဝင်ပါသည်။ Opium သည် အခြေခံကျသော သဘာဝ opioid ဖြစ်ပြီး ကမ္ဘာ့နေရပ်ဒေသများစွာတွင် စိုက်ပျိုးလျက်ရှိသော opium poppy မှ ထုတ်ယူလျက် ရှိပါသည်။

ဆေးပညာလောကတွင် သုံးနေကျ အကိုက်အခဲပျောက်ဆေးများဖြစ်သော morphine နှင့် codeine တို့ကို opium မှ ထုတ်လုပ်ခြင်းဖြစ်ပြီး opioid များတွင် အပြင်းထန်ဆုံးဖြစ်သော heroin ကိုမူ ဤဆေးများမှ ထုတ်လုပ်ခြင်း ဖြစ်သည်။

Heroin သည် အလွန်အားကောင်းသော အကိုက်အခဲပျောက်ဆေးဖြစ်သော်လည်း ယခုအခါ အသုံးပြုမှုကို ကန့်သတ်ထားပါသည်။

Opioid များ အားလုံးကဲ့သို့ပင် Heroin သည် ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို နှေးကွေးစေပြီး အသက်ရှူခြင်းကိုပါနှေးကွေးစေသော ဘေးထွက်ဆိုးကျိုးရှိပါသည်။ ဖျော်ထားသော အမှုန့်များကို အကြောထဲထိုးသွင်းခြင်း၊ အမှုန့်များကိုရှူသွင်းခြင်းတို့ကို ဥပဒေအရပိတ်ပင်ထားပါသည်။

????Heroin ၏ အကျိုးသက်ရောက်မှုများ

အကျိုးသက်ရောက်မှုများသည် သုံးစွဲသူ၏ ကျန်းမာရေးအခြေအနေ၊ တခြားဆေးများ၊ အရက် သောက်ထားခြင်း ရှိမရှိပေါ် မူတည်ပါသည်။ သုံးစွဲပြီး မိနစ်အနည်းငယ်အတွင်း ဝမ်းမြောက်သာယာစေခြင်း၊ သောကဝေဒနာကင်းခြင်းတို့ ဖြစ်တတ်ပါသည်။ မည်ကဲ့သို့သော နာကျင်မှု ခံစားချက်မျိုးမဆို သက်သာပျောက်ကင်းလာပါသည်။

တခြားလက္ခဏာများ

– အိပ်ချင်မူးတူးဖြစ်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်း

– ပျို့ခြင်း၊ အန်ခြင်း

– စိတ်ရှုတ်ထွေးခြင်း

– မျက်ရည်များ ကျခြင်း ( watery eyes)

– အာခြောက်ခြင်း

– ဝမ်းချုပ်ခြင်း

– လိင်စိတ် လျော့နည်းလာခြင်း

– စကားပြောနှေးခြင်း၊ မပီမသပြောခြင်း

– သူငယ်အိမ် ကျုံ့ခြင်း

– အသက်ရှူ နှေးလာခြင်း

Heroin ကို ဗန်းစကားအနေနဲ့ H, Big H, crap, junk, horse dynamite ( high-grade heroin), lemonade ( low-grade heroin), GOM ( God’s own medicine) ဟုလည်း ခေါ်ကြပါသည်။

Heroin powder အကြောထဲ ထိုးသွင်းခြင်းကို mainlining, blast or smack ဟုလည်း ခေါ် ကြပါသည်။

????Overdose

Heroin အလွန်အကျွံသုံးစွဲခြင်းကြောင့် ဦးနှောက် လုပ်ငန်းဆောင်တာများ နှေးကွေးလာပြီး

– အိပ်ချင်မူးတူးဖြစ်ခြင်း

– အိပ်နေစဥ် ဟောက်ခြင်း

– စိတ်ရှုတ်ထွေးခြင်း ၊ နောက်ဆုံးတွင် ဦးနှောက်သေခြင်း

– စွဲလမ်းသွားခြင်း

– နှလုံးခုန် နှေးကွေးလာခြင်း

– သွေးပေါင်ကျခြင်း

– နှလုံးညှစ်အား လျော့နည်းလာခြင်း

– အသက်ရှူရာတွင် နှေးကွေးခြင်းနှင့် အသက်ရှူတိမ်ခြင်း ( slow and shallow breathing)

– နှုတ်ခမ်းများ ပြာနှမ်းလာပြီး အသက်ရှူရပ်သွားသည့် အန္တရာယ်ရှိပါသည်။

သူငယ်အိမ် ကျုံ့သွားခြင်း ( pinpoint pupils ) လည်း ဖြစ်တတ်ပါသည်။

????Antidote(ဖြေဆေး)

Heroin overdose ကို Naloxone ဖြင့် ကုသနိုင်ပါသည်။

????Heroin စွဲလမ်းနေခြင်း၏ ရေရှည် အကျိုးသက်ရောက်မှုများ

Heroin စွဲလမ်းနေသူသည်

– မှတ်ဉာဏ် မကောင်းတော့ခြင်း

– စိတ်မမှန်ခြင်း ( mood swings)

– စိတ်ကျရောဂါ

– ဦးနှောက် ပျက်ဆီးလာခြင်း

– ဝမ်းချုပ်ခြင်း

– အမျိုးသမီးများတွင် ရာသီချိန် မမှန်ခြင်း၊ ကလေးမရနိုင်တော့ခြင်း၊ ယောကျ်ားလေးများတွင် လိင်စိတ် စိတ်ဝင်စားမှု မရှိ​တော့ခြင်းတို့ ဖြစ်တတ်ပါသည်။

အကြောထဲထိုးသွင်းသူများသည် ( အထူးသဖြင့် ဆေးထိုးအပ် မျှသုံးသူများသည်) သွေးမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများဖြစ်သော ( အသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ သွေးဆိပ်တက်ခြင်းနှင့် HIV/AIDS ) ကူးစက်မှု အန္တရာယ်များလှပါသည်။

????Physical dependence (ရုပ်ပိုင်းဆိုင်ရာ ​မှီခိုရခြင်း)

Heroin စွဲလမ်းနေသူများသည် ဆေးကို ခံနိုင်ရည်စွမ်း (tolerance) မြင့်တက်လာပါသည်။ ဆိုလိုသည်မှာ လိုချင်သော ခံစားချက်များရရှိရန် တစ်ခါနဲ့တစ်ခါ ဆေးပမာဏ ပိုမိုလိုအပ်လာပါသည်။ နောက်ဆုံးတစ်ချိန်တွင် dose plateau ဟုခေါ်သော ဆေး ဘယ်လောက်သောက်သောက် မလုံလောက်တော့သောအချိန် ရောက်လာပါသည်။ ဤအဆင့်တွင် ရုတ်တရက် ဆေးဖြတ်ခြင်းကြောင့် ဖြစ်သော ရောဂါလက္ခဏာများကို ရှောင်ရှားရန် ဆေးကို အသုံးပြု ရပါသည်။

????Psychological dependence (စိတ်ပိုင်းဆိုင်ရာ မှိခိုရခြင်း)

တချို့သောသူများတွင် heroin သည် တခြားနေ့စဉ် လုပ်ငန်းဆောင်တာများထက် ပိုမိုအရေးကြီးလာပြီး သုံးစွဲသူသည် ဆေးဝယ်ရန် ရာဇဝတ်မှု ကျူးလွန်သည်အထိ ဖြစ်လာတတ်ပါသည်။

????ရုတ်တရက် ဆေးဖြတ်လိုက်ခြင်း၏ အကျိုးသက်ရောက်မှုများ ( withdrawal symptoms)

ပုံမှန် သုံးစွဲမှုရပ်ပြီး ၁၂ နာရီ အတွင်း စဖြစ်တတ်ပါသည်။ ၃၆ နာရီနှင့် ၇၂ နာရီကြားတွင် အဆိုးဆုံး ရောဂါလက္ခဏာများ ပြတတ်ပြီး သက်သာ ပျောက်ကင်းရန် ၇ ရက်မှ ၁၀ ရက်အထိ ကြန့်ကြာတတ်ပါသည်။

– ဂနာမငြိမ်ဖြစ်ခြင်း

– စိတ်ဆိုးမာန်ဆိုး ဖြစ်ခြင်း

– စိုးရိမ်ကြောင့်ကြခြင်း၊ အထိန့်အလန့်ဖြစ်ခြင်း

– ချမ်းတုန်ခြင်း၊ ခိုက်ခိုက်တုန်ခြင်း

– စားချင်စိတ် မရှိခြင်း

– ပျို့ခြင်း၊ အန်ခြင်း

– ချွေးထွက်လွန်ခြင်း

– နှာစေးခြင်း၊ မျက်ရည်ယိုခြင်း

– ညအိပ်မပျော်ခြင်း

– စိတ်ကျရောဂါ

– သွေးကျရောဂါ

– ကြွက်သားများ နာခြင်း၊ အောင့်ခြင်း

– ဗိုက်အောင့်ခြင်းနှင့်ဝမ်းလျှောခြင်းတို့ ဖြစ်တတ်ပါသည်။

????Treatment(ကုသခြင်း)

နည်းလမ်းများစွာ ပေါင်းစပ်ကုသရပြီး ရှုပ်ထွေးသော လူမှု​ရေးရာ၊ စိတ်ပိုင်း ဆိုင်ရာအပြောင်းအလဲများအပြင် physical dependence နှင့် withdrawal symptoms အတွက်လည်း ဆေးကုသရပါသည်။ လူနာများကို ကုသရေးဆေးခန်းသို့လည်း လွှဲပြောင်းပေးသင့်ပြီး ဝိုင်းဝန်းဂရုစိုက်ပေးသည့် ချဥ်းကပ်မှု (shared-care approach) မျိုးကို အသုံးပြုသင့်ပါသည်။

ကျွမ်းကျင်သူများ၏ ဆွေးနွေးအကြံပေးမှု ( counselling )၊ အုပ်စုလိုက် တစ်ဦးကို တစ်ဦး ဖေးမကူညီပေးသည့် ကုထုံး ( group therapy)၊ လူမှုရေးရာ အထောက်အပံ့ ( social support ) တို့သည် အရေးပါလှပါသည်။

လိုအပ်ပါက ဆေးအမျိုးမျိုးသုံးပီး heroin သုံးစွဲမှုကို ရုတ်တရက် ရပ်တန့်လိုက်ခြင်း ( cold turkey ) သို့မဟုတ် naltrexone ကဲ့သို့သော ဆေးများကို သုံးပြီး ultra-rapid opiate detox (UROD) လုပ်ပြီး အဆိပ်ဖြေနိုင်ပါသည်။

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.286

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here