ဘိန်းဖြူ ဆေးလွန်တဲ့အကြောင်းလေး ပြောပြချင်လို့ပါ။ ကျွန်တော် ခန္တီးမှာတာဝန်ကျတုန်းက ကြုံခဲ့ရတာလေး…

မှတ်မှတ်ရရ သင်္ကြန်အကြိုနေ့ကြီးဗျ။ လူငယ်တွေရန်ဖြစ်ပြီး ခေါင်းရိုက်ခွဲခံရတဲ့ လူငယ်လေးတစ်ယောက် ဆေးရုံရောက်လာတယ်။ ရဲအရေးပိုင်တဲ့အမှု ခေါ်မလား။ ဆေးမှုခင်းနဲ့ပတ်သက်တဲ့ လူနာပေါ့ဗျာ။ဆေးရုံအခေါ်ဝေါ်အရ (Police case) လို့ ခေါ်တယ်။

လူနာရဲ့ထိခိုက်ဒဏ်ရာ အတိမ်/အနက် အကြီး/အသေး ပေါ်မူတည်ပြီး ရိုက်တဲ့တရားခံရဲ့ကျခံရမဲ့ပြစ်ဒဏ်ပုဒ်မက ပြေင်းလဲတယ်လေ။ သာမန်ဒဏ်ရာ (Simple hurt)၊ ပြင်းထန်ဒဏ်ရာ (grievous hurt) ဆိုတဲ့ ဆရာဝန်ရဲ့ထင်မြင်ချက်ကလည်း အရေးပါလာပြီပေါ့။ ဆရာဝန်တွေ ပဲလှော်ကြား ဆားညှပ်သလို ခံစားရတဲ့ပြဿနာတွေပေါ့။ တရားခံဘက်ကလည်း သာမန်ဒဏ်ရာပါလို့ ပြောပေးစေလိုကြတယ်။ အရိုက်ခံရသူဘက်ကလည်း ပြင်းထန်ဒဏ်ရာလို့ ပြောပေးစေလိုကြတယ်။ နှစ်ဖက်စလုံးက ဆရာဝန်ကို ဖိအားတွေဝိုင်းပြီး ပေးနေကြတယ်။ အထူးသဖြင့် မှုခင်းဆေးဆရာဝန်မရှိတဲ့ နယ်ဆေးရုံသေးသေးလေးတွေဆို ပိုဆိုးပေါ့ဗျာ။

ကျွန်တော်တို့ကတော့ ဆေးပညာအမြင်အရပဲ ကိုယ့်ရဲ့ ထင်မြင်ချက်ကို ဘက်လိုက်မှုကင်းကင်းနဲ့ ပေးနိုင်ဖို့ အသည်းအသန် စဥ်းစားကြရတာပါပဲ။ ခေါင်းထိလူနာ (Head injury) တစ်ယောက်လာပြီဆိုရင် အပေါ်ယံပဲလား၊ သေနိုင်လောက်အောင် ပြင်းထန်သလား စစ်ဆေးမေးမြန်းရတာတွေ၊ စောင့်ကြည့်ကုသရတာတွေ အများကြီးပါ။

ပထမဆုံးမေးရတာက ခေါင်းကို ထိခိုက်မိပြီးပြီးချင်း သတိလစ်သွားတာရှိသလား၊ ရှိခဲ့ရင် ဘယ်လောက်ကြာသလဲ။ (Initial loss of consciousness) သတိလစ်ခဲ့ရင် ဆိုးတယ်။ သေနိုင်တယ်ပေါ့။ သတိမလစ်ခဲ့ဘူးဆိုရင် သိပ်မဆိုးဘူးပေါ့။ နောက်တစ်ခုက‌ ဝေါခနဲ ထိုးအန်တာ ရှိခဲ့သလား (Projectile vomiting) ရှိခဲ့ရင် ဆိုးတယ်။ မရှိခဲ့ရင် သိပ်မဆိုးဘူးပေါ့။

နောက်ပြီး လူနာကိုစမ်းသပ်တယ်။ လူနာရဲ့အသိသတိ ကောင်း/မကောင်း အမှတ်ပေးစနစ် (Glascow Coma Scale) လို့ ခေါ်တယ်။ မျက်စိကို စစမ်းတယ်။ အသိသတိ level အလိုက် ၁ မှတ်ကနေ ၄ မှတ်အထိ ပေးတယ်။အမှတ်နည်းလေ ဆိုးလေပေါ့။ ပါးစပ်က အသံထွက်နိုင်စွမ်းကို စမ်းတယ်။ ၁ မှတ်ကနေ ၅ မှတ်အထိ ပေးတယ်။ ခြေလက်တွေ လှုပ်နိုင်စွမ်း ရှိ/မရှိကို စမ်းတယ်။ ၁ မှတ်ကနေ ၆ မှတ်အထိပေါ့။ အဲဒီတော့ အများဆုံး ၁၅ မှတ်၊ အနည်းဆုံး ၃ မှတ်ရကြတယ်။ လုံးဝ အသိသတိကောင်းတယ်ဆို (GCS 15/15) လို့‌ ရေးတယ်။ လုံးဝ အသိသတိမရှိ ဘာတုံ့ပြန်မှုမှ မရှိဘူးဆိုရင် (GCS 3/15) လို့ ရေးတယ်။ ကြားထဲဆိုရင် (4/15, 5/15, 8/15) စသည်ဖြင့်ပေါ့ဗျာ။ GCS (8/15) နဲ့အောက်ဆိုရင် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။

နောက် နားထဲ၊ နှာခေါင်းထဲက အရည်ကြည် (သို့) သွေးထွက်/မထွက် ကြည့်ရပါတယ်။ ထွက်နေရင်ဆိုးတယ်။ မထွက်ရင် မဆိုးဘူး။ နောက် ဦးခေါင်းခွံအတွင်း သွေးယိုစီးပြီး ဦးခေါင်းခွံအတွင်း ဖိအားမြင့်တက်နေတဲ့ လက္ခဏာတွေ (Increased Intracranial pressure signs and symptoms) ရှိ/မရှိ စမ်းရပါတယ်။ (Increased ICP) လက္ခဏာတွေက သွေးပေါင်ချိန်တက်မယ်‌၊ သွေးခုန်နှုန်းကျမယ်။ မျက်စိရဲ့အလင်းဝင်ပေါက် (pupil) ကို မီးနဲ့ထိုးကြည့်ရင် (pupil) က ကျဉ်းလိုက်ကျယ်လိုက် မဖြစ်နိုင်တော့ပါဘူး (No light pupil reflex)။ နောက် ဦးခေါင်းခွံကို ဓာတ်မှန်ရိုက်ပါတယ်။ ရှေ့နောက်တစ်ပုံ၊ ဘေးတိုက်တစ်ပုံ (skull x Ray AP and lateral view) ဦးခေါင်းခွံရိုး ကျိုးအက်ခြင်း ရှိ/မရှိ ကြည့်ဖို့ပါ။ မရှိရင် ကောင်းတယ်။ ကျိူးနေတာတွေ့ရင် မ‌ကောင်းဘူးပေါ့။

အထက်ပါဖော်ပြပါ စောင့်ကြည့်မူတွေကို တစ်ကြိမ်တစ်ခါတည်း လုပ်တာမဟုတ်ပါ။ ထိခိုက်မူ စတင်ခံရချိန်ကစလို့ ၂၄ နာရီတိတိ အချိန်နဲ့တစ်ပြေးညီ စဉ်ဆက်မပြတ် စောင့်ကြည့်ရတာပါ။ အထူးဦးခေါင်းဓာတ်မှန် အများသိကြတဲ့ CT scan ဆိုတာကတော့အထက်ပါ စောင့်ကြည့်မူဖြစ်စဉ်တွေမှာ ဆိုးတယ်၊စိုးရိမ်ရတယ်ဆိုမှ ဆေးနဲ့ကုရမှာလား၊ ဦးခေါင်းခွံဖောက် ခွဲစိတ်ကုသမူ လုပ်ရမှာလား ခွဲခြားဖို့ ရိုက်ကြပါတယ်။ ခေါင်းရိုက်ခံရတာနဲ့ CT တန်းရိုက်ဖို့ မြန်မာပြည်မှာ မလွယ်ပါဘူးဗျ။ ကျွန်တော်ရေးပြတဲ့ဖြစ်စဉ် ဖြစ်နေတဲ့အချိန်နေရာ ခန္တီးမှာ CT ရိုက်စရာ မရှိပါဘူးဗျ။ အခုလည်း မရှိလောက်သေးဘူး ထင်ပါတယ်။

ကျွန်တော်တို့ဇာတ်လိုက်ကျော် ခေါင်းရိုက်ခံရတဲ့ လူနာအကြောင်းလေး ပြန်ကောက်ကြရအောင်။ ရိုက်ခံရပြီးပြီးချင်း သတိလစ်သွားတာမရှိ၊ ပျို့တာ အန်တာမရှိပါတဲ့။ စမ်းကြည့်တော့သတိကောင်း (GCS 15/15)၊ နားတွေ နှာခေါင်းတွေထဲကလည်း ဘာအရည်မှ မထွက်။ (Increased ICP) လက္ခဏာတွေလည်း မတွေ့ရ။ ဦး‌ရေပြားတော့ ကွဲသွားတာပေါ့။ ချုပ်ပေးလိုက်တယ်၊ လိုအပ်တဲ့ဆေးတွေ ပေးတယ်။ ဦးခေါင်းခွံဓာတ်မှန်ရိုက်တယ်။ ဦးခေါင်းခွံရိုး ကျိူးအက်ခြင်းလက္ခဏာ မရှိ။ ၂၄ နာရီဆေးရုံတင်ထားပြီး အန္တရာယ်လက္ခဏာ တွေ ပေါ်လာမလား စောင့်ကြည့်ပါတယ်။

လုံးဝကောင်းတယ်၊ ထိခိုက်မိပြီး ၂၄ နာရီကျော်တဲ့အထိ လူနာအခြေနေ အားလုံးကောင်းတယ်၊ အိုကေ စိတ်ချရပြီဆိုပြီး နောက်တစ်နေ့မနက် ပေးဆင်းလိုက်တယ်။ လူနာရှင်တွေက မဆင်းချင်ကြဘူးဗျာ။ အထက်ကပြောသလို ဆေးရုံကြာကြာတက်ရလေလေ ပုဒ်မကြီးလေလေ ထင်ကြတာကိုး။ ကျွန်တော်တို့ကတော့ ပေးဆင်းတယ်။ မရဘူး ဆင်းကိုဆင်းရမယ်။ ထပ်လည်း စောင့်ကြည့်မနေတော့ဘူး။ ၄ နာရီခြားတစ်ခါ သွေးပေါင်ချိန်တိုင်း၊ မှတ်တမ်းတင်ထားတဲ့ ဇယားစာရွက်တွေ (monitoring chart) အကုန်စာရင်းပိတ်လိုက်တယ်။ လူနာရှင်တွေကလည်း မ​ကျေမနပ်နဲ့ ဆင်းသွားကြတယ်။

အဲဒီလိုနဲ့ ညနေကျတော့ ဒန် တန့် တန့် …………

ဇာတ်လိုက်ကျော်က (GCS 3/15) နဲ့ ပြန်ရောက်လာပါလေရောဗျာ (ဘိန်းဖြူသွားထိုးလာတာဗျ ကျွန်တော်တို့က မသိဘူး) အားလုံး ခေါင်းကိုက်ကြရပြီ။ လူနာရှင်တွေကလည်း တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ မကြားနိုးနားနဲ့ (အမှန်ကကြားအောင် ပြောတာပါ) ဆရာ၀န်တွေ စောက်သုံးမကျဘူးပေါ့ဗျာ။ အဓိကတာ၀န်ရှိ ခွဲစိတ်ဆရာ၀န်ခမျာလည်း သောကဖိစီးမူတွေ များလိုက်တာ။ ဘေးက ကျွန်တော်တို့တောင် ခံစားနားလည်မိတယ်။

လူနာအခြေနေကြည့်တော့ အသက်ရှူနှုန်း တအားနှေးနေတယ်ဗျ။ နှုတ်ခမ်းတွေ၊ လျှာတွေက ပြာနှမ်းလို့ (Central Cyanosis) အသက်ရှူနှုန်းက တစ်မိနစ်ကို ပုံမှန်ဆို ၁၆-၁၈ ကြိမ်လောက် ရှိရမှာကို သူက တစ်မိနစ်မှ တစ်ခါနှစ်ခါပဲ ရှူတယ်။ မျက်စိအလင်း၀င်ပေါက် (pupil) က ကျဉ်းကျဉ်းလေးပဲ ရှိတယ်။ Pin point pupil လို့ ခေါ်တယ်။ သွေးပေါင်ချိန်ကတော့ ကောင်းဗျာ။ ခေါင်းထိထားတဲ့လူနာ ဒီလိုပြန်ရောက်လာတော့ ခေါင်းထိခြင်းရဲ့ နောက်ဆက်တွဲလား။ ၂၄ နာရီကျော်ကောင်းနေပြီးမှလည်း မဖြစ်နိုင်ပါဘူးပေါ့။

အဲဒီအချိန်မှာ ကယ်တင်ရှင် လက်ထောက်ဆရာ၀န်လေး ပေါ်လာတယ် (အခုတော့ အရိုးအထူးကု ဆရာ၀န်ကြီးပေါ့)။ ခွဲစိတ်ဆရာ၀န်ကို တိုးတိုးလေးလာပြောတယ်… ဆရာတဲ့ ဘိန်းဖြူဆေးလွန်တာနဲ့ တူတယ်တဲ့ ဖြေဆေး Naloxone စမ်းထိုးကြည့်ရအောင်တဲ့။ ဟုတ်တယ် ခန္တီးက ရွှေမှော်၊ ပယင်းမှော်၊ ကျောက်စိမ်းမှော် ဆို‌တော့ ဘိန်းဖြူအလွန်ပေါတယ်။ ဟုတ်နိုင်တယ် ထိုးကြည့်ကွာဆိုတော့ Naloxone ကို အကြောဆေး ​ဖြည်းဖြည်းချင်းထိုးသွင်းပြီး ဆေးကုန်လို့ အပ်လည်းနုတ်လိုက်ရော သကောင့်သားက ထထိုင်ရော။

ကျွန်တော်တို့လည်း လူနာရှင်တွေကို ၀ိုင်းပြီးသြဘာပေးကြတာပေါ့။ ကိုယ့်သားသမီး ဆေးသမားဖြစ်နေတာ မသိဘူးလား။ အဲ့လောက်တောင် အုပ်ထိန်းမှုညံ့ဖျင်းရသလား ဘာညာပေါ့။ ဆေးမှု့နဲ့ တရားစွဲခံထိနိုင်တယ်တွေ ပြန်ပွားပေးလိုက်တယ်။ တရားလိုကနေ တရားခံဖြစ်ကိန်းဆိုက်သွားတော့ သူတို့လည်း ဆင်းပြေးသွားတာ ကျွန်တော်တို့တောင် မသိလိုက်ဘူး။ ငယ်စိတ်နဲ့မို့ ပြောမိတာပါ… ခုချိန်တော်လှန်ရေးကာလ လူကြီးစိတ်နဲ့ဆို ထများထိုးမိမလား မသိဘူး (ရီစရာပြောတာပါ)

အဓိကဆိုလိုချင်တာက လူနာတစ်ယောက်ထဲမှာ ရောဂါနှစ်ခု ရှိနိုင်တယ်။ တစ်ခါတစ်ရံ အငယ်တွေက ကျွန်တော်တို့လူကြီးတွေကို ပြန်ကယ်ပေးသွားတာတွေ ရှိတယ်လို့ ပြောချင်တာပါ။

အားလုံး ကျန်းမာပျော်ရွှင်ပြီး အရေးတော်ပုံကြီး အောင်ပါစေ…….။

ဒေါက်တာဝေဖြိုး

အထူးကုဆရာဝန်တစ်ဦး

လွတ်မြောက်နယ်မြေတစ်နေရာ

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here