မင်္ဂလာပါ…

အပတ်စဥ် စနေနေ့တိုင်း တင်ဆက်ပေးနေကျ “ အာဟာရ ဗဟုသုတကဏ္ဍ” လေးအတွက် ဒီတစ်ပတ်မှာတော့….

“ ပြန်ရည်ကြော ယိုစိမ့်ခြင်းနဲ့ အဆီမပါတဲ့ အစားအစာ” ဆိုတဲ့အကြောင်းလေးကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

.

ဦးစွာအနေနဲ့ ပြန်ရည်ကြောဆိုတာ ဘာလဲလို့ သိထားဖို့ လိုအပ်ပါတယ်။

လူသားတွေရဲ့ ခန္ဓာကိုယ်မှာ…

• သွေးလွှတ်ကြောဆိုတဲ့ အောက်ဆီဂျင်သယ်ပို့တဲ့ သွေးကြော (artery)

• သွေးပြန်ကြောဆိုတဲ့ ခန္ဓာကိုယ်က မလိုအပ်တော့တဲ့ အရာတွေကို ပြန်သယ်ပေးတဲ့ သွေးကြော (vein)

• ပြန်ရည်ကြောဆိုတဲ့ အဆီ၊ ချေဖျက်ထားတဲ့ အစားအစာတွေနဲ့ ကိုယ်ခံအားပစ္စည်းတွေ သယ်ပို့ပေးတဲ့ သွေးကြော (lymphatic vessels) ဆိုပြီးသွေးကြော (၃) မျိုး ရှိပါတယ်။

..

ပြန်ရည်ကြောရဲ့ အဓိကတာ၀န်ကတော့ ချေဖျက်ထားတဲ့ အဆီတွေကို ပင်မသွေးပြန်ကြောတွေထဲ ပြန်ပို့ပေးတာပါ။

ဒါ့ကြောင့် လွယ်လွယ်ပြောရရင် ပြန်ရည်ကြောမှာ ပြဿနာ တစ်ခုခုဖြစ်ခဲ့ရင် (အစားအစာမှရရှိတဲ့ အဆီကို ကောင်းကောင်း မသယ်ပို့နိုင်တော့တာကြောင့်) အဆီကို စားလို့ အဆင်မပြေတော့ပါဘူး။ စားတဲ့ အစားအစာတွေထဲမှာ ဆီကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လုပ်ရပါမယ်။

ပြန်ရည်ကြော ပြဿနာတွေထဲမှာ အဖြစ်များတာကတော့….

– ပြန်ရည်ကျိတ်နဲ့ပတ်သက်တဲ့ ပြဿနာတွေ

– ပြန်ရည်ကြော ထိခိုက်မိတဲ့ အခြေအနေတွေ

(သည်းခြေလမ်းကြောင်း၊ မုန်ချိုအိတ်နဲ့ သက်ဆိုင်တဲ့ ခွဲစိတ်မှုတွေ၊ ရင်ခေါင်းခွဲစိတ်မှုတွေ) စတာတွေ ဖြစ်ပါတယ်။

..

..

ပြန်ရည်တွေ စိမ့်ထွက်ကုန်တဲ့ ဒီ (Chyle leak) လို့ခေါ်တဲ့ အခြေအနေမှာ အစားအသောက် အာဟာရအပိုင်းနဲ့ ပတ်သက်ရင်တော့ အဆီပါတဲ့ အစားအစာတွေကို ရှောင်ရင် ရပါပြီ…

????အဆီပါတဲ့ အစားအစာတွေ (ရှောင်ရမယ့် အစားအစာတွေ) အနေနဲ့ကတော့….

– ဆီနဲ့ လုပ်တဲ့/ ချက်တဲ့/ ကြော်တဲ့ အစားအစာတွေ

– အဆန်အစေ့တွေ (မြေပဲ၊ နှမ်း၊ သီဟိုစေ့နဲ့ အခြားအလားတူ အစေ့တွေ) မစားသင့်ပါ…အဆီ ပါ၀င်တာကြောင့်ပါ။

– အဆီများတဲ့ ငါးတွေနဲ့ ၀က်သား၊ အမဲသားနဲ့ အရေပြား၊ ကြက်ဥအနှစ်….ဒါတွေဟာလည်း အဆီပါ၀င်တာ များတဲ့အတွက် မစားသင့်ပါ။

– မလိုင်၊ နို့စိမ်း၊ ထောပတ်၊ မယောနိ့စ်နဲ့ salad dressing တွေ၊ cheese တွေ၊ မြေပဲ ထောပတ်…မစားသင့်ပါ။

– Milo၊ Ovaltine ၊ Ensure လို အာဟာရမှုန့်တွေလည်း အဆီပါလို့ မရပါဘူးနော်။

– မုန့်တိုက်ထုတ် မုန့်တွေဖြစ်တဲ့ ဟန်ဘာကာ၊ ပီဇာ၊ ပူတင်း၊ ကိတ်မုန့်၊ ကွတ်ကီး၊ ပတ်ဖ်၊ ချောကလက်၊ ထိုးမုန့်၊ လမုန့် စတာတွေ မစားသင့်ပါ။

– ပလာတာ၊ အီကြာကွေး၊ စမူဆာ အစရှိတဲ့ ဆီကြော်စာတွေလည်း စားလို့မရပါဘူး။

????စိတ်ကြိုက်စားနိုင်တဲ့ အစားအစာတွေ (အဆီမပါ၀င်လို့ ရှောင်ဖို့မလိုတာတွေ) ကတော့…

– အသီးအနှံတွေထဲမှာ ထောပတ်သီးကလွဲပြီး အကုန်စားလို့ရပါတယ်။

– ဟင်းသီးဟင်းရွက်တွေ ကြိုက်သလို စားနိုင်ပါတယ်။

– ဆန်၊ ဂျုံ၊ ပြောင်း စတာတွေကို ချက်ထား ပြုတ်ထားတာ စားလို့ရပါတယ်။

(ဥပမာ – ထမင်း/ ခေါက်ဆွဲပြုတ်/ ပြောင်းဖူးပြုတ်/ ကောက်ညှင်းပေါင်း/ နံပြား စတာတွေ ကြိုက်သလို စားလို့ရပါတယ်)

– နွားနို့နဲ့ ဒိန်ချဥ်တွေကို အဆီထုတ်ထားရင် ရပါတယ်။

– ဖျော်ရည်တွေ သောက်လို့ရပါတယ်။

– ဂျယ်လီ၊ သကြားလုံးနဲ့ မုန့်အချိုတွေ စားလို့ရပါတယ်။

– စတော်ဘယ်ရီယိုလိုမျိုး ယိုတွေလည်း ရပါတယ်။

– အသားထဲမှာဆို ပင်လယ်စာ၊ ပုဇွန်၊ ကြက်ဥအကာ အဖြူကို ကြိုက်သလောက် စားနိုင်ပါတယ်။ အဆီလုံး၀မပါတဲ့ အမဲသားဆိုရင်လည်း စားနိုင်ပါတယ်။

– ကြက်သား ဆိုရင်လည်း အရေပြားမပါတဲ့ ရင်ဘုံသားအတုံးကို စားနိုင်ပါတယ်၊။

..

..

အဆီပါတဲ့ အစားအစာကို ဘယ်လောက်အထိ ရှောင်ရမလဲဆိုတာကို ပြနေကျ ဆရာ၀န်ကပဲ ဆုံးဖြတ်ပေးနိုင်တာမို့ ရက်ချိန်းပုံမှန်ပြပြီး တိုင်ပင်နိုင်ပါတယ်။

(၂) ပတ်ထက်ကျော်ပြီး အဆီပါတဲ့ အစားအစာတွေကို ရေရှည်ရှောင်နေရရင်တော့ အဆီမှရတဲ့ ဗီတာမင် A၊ D၊ E၊ K တွေချို့တဲ့နိုင်တာကြောင့် အသေးစိတ်ကို ဆရာ၀န်နဲ့ တိုင်ပင်သင့်ပါတယ်။

တစ်နေ့ကို နေကြာဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် သောက်နိုင်ပါတယ်။ ဖြည့်စွက် ဗီတာမင်အားဆေးတွေလည်း သောက်သင့်ပါတယ်။

တစ်နေ့တာ လိုအပ်တဲ့ ကိုယ်တွင်းအဆီလိုအပ်မှုအတွက် Medium chain triglyceride -MCT oil လို့ခေါ်တဲ့ အဆီတွေကို အဆီအစားထိုးအနေနဲ့ မှီ၀ဲလို့ ရပါတယ်။ (ကီတို အစားအစာ ရောင်းတဲ့နေရာတွေမှာ ရောင်းလေ့ရှိပါတယ်)

အဆီဖြစ်ပေမယ့် MCT oil တွေကို ပြန်ရည်ကြောတွေက သယ်ဆောင်ပေးတာ မဟုတ်လို့ပါ။

ဖြည့်စွက်အားဆေးတွေ သောက်တဲ့အခါ အဆီမှာပျော်၀င်တဲ့ ဗီတာမင်တွေ ပါနေခဲ့ရင် မသောက်သင့်ပါ။ အားဆေးသောက်ခါနီးမှာ ဆရာဝန်နဲ့ ပြန်လည်တိုင်ပင်ဖို့ လိုအပ်ပါတယ်။

အချို့အစားအစာတွေမှာ အဆီအနည်းငယ် ပါတတ်ပါတယ်။ ဥပမာအနေနဲ့ ကွတ်ကီးတွေ မုန့်တွေကို စားချင်ရင် အဆီဘယ်လောက် ပါ၀င်တယ်ဆိုတာကို (nutrition label) မှာ ဖတ်ရှုပြီး တစ်နေ့ကို အဆီ (၁၀) ဂရမ် မကျော်ရင် အဲဒီ့အစားအစာတွေကို စားနိုင်ပါတယ်။

အစားအစာ အလွန်အမင်း ရှောင်ကျဥ်တာဟာ တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီ မပြည့်၀ဖြစ်စေပြီး ပိန်လာနိုင်ပါတယ်။ အဆီ နည်းနည်းပါတာ စားမိရုံနဲ့ အရမ်းဆိုးဆိုးရွားရွားကြီး မဖြစ်နိုင်လို့ စိတ်ဖိစီးမှု အများကြီးမထားဖို့ အကြံပေးလိုပါတယ်။ ဆီ (10) gram ဆိုတာ လက်ဖက်ဇွန်း (၂) ဇွန်းခန့် ရှိတာမို့ အဲဒီလောက်စားမိရုံနဲ့ ဆိုးကျိုးများစွာ မရှိစေနိုင်ပါဘူး။

နိဂုံးချုပ်အနေနဲ့ကတော့ ခွဲစိတ်ပြီးနောက် ဒါမျိုးအခြေအနေ ကြုံတွေ့ခဲ့ရင် စိတ်မညစ်ဘဲ ဆရာဝန်ညွှန်ကြားချက်ကို ဂရုစိုက်နားထောင်ပြီး အခုအကြံပေးခဲ့သလို စားသုံးလိုက်ရင် အခိုက်အတန့်ဖြစ်တဲ့ အခက်အခဲကာလကို ကျော်လွှားနိုင်ကြမှာ ဖြစ်ပါကြောင်း ပြောကြားလိုက်ပါရစေ…..။

အာဟာရဆိုင်ရာ အထူးကုဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

Reference : ????

Patient leaflet of NHS Gloucestershire Hospitals for Nutritional management of chyle leaks

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here