ပျား၀တ်မှုန် ဖြည့်စွက်စာအကြောင်း အာဟာရဆရာ၀န်ရှုထောင့်မှ မြင်ကြည့်ခြင်း (Bee pollen supplement)

အမှန်အတိုင်း၀န်ခံရရင် ပျား၀တ်မှုန်ကို ဘာမှန်းတောင် မသိခင်ထဲက ဆေးတောင့်လေး သောက်ခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းက စာရေးသူမှာ ခဏခဏဖျား၊ ဆေးခန်းစုံ၊ ဘာသာရေးဆရာစုံပြီး ဆေးပေါင်းလည်း ခခဲ့ဖူးတယ်။ ကိုယ်ခံအားကောင်းစေတယ်ဆိုတဲ့ ကြော်ငြာချက်နဲ့ ကလေးနေကောင်းစေချင်ဇောဆိုတဲ့မိခင်သောကကို မားကတ်တင်းသမားတွေ အမိအရကိုင်ဆုပ်ခဲ့ဖူးဟန် တူပါတယ်။

အရသာလေးကတော့ ခပ်ချိုချိုလေး။ သနပ်ခါးမှုန့်လေးတွေလိုလို့ မှတ်မိတာပဲ။ ကုမ္ပဏီတစ်ခုနဲ့တစ်ခုတော့ ထုတ်လုပ်ပုံ၊ ထုတ်ပိုးပုံ၊ ဆေးပုံစံနဲ့ အရသာတွေ ကွာနိုင်မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါလေ ပျား၀တ်မှုန်ကို ဆေးပညာအရ တအားအစွမ်းထက်တဲ့ နတ်ဆေးဆိုပြီး ကြော်ငြာကြတယ်။ ကင်ဆာသမားတွေ အသည်းအားနည်းသူတွေကအစ ရောဂါသက်သာစေတယ်ဆို ကြော်ငြာကြလေတော့ တကယ်ဆေးကုသမှု လိုအပ်သူတွေက ဆရာ၀န်ပေးတဲ့ ရှုပ်ထွေးတဲ့ဆေးတွေ ကုသမှုတွေကို ငြင်းဆန်ပြီး ပျား၀တ်မှုန်သာသောက်ကြသတဲ့။ ဆေးတွေက စျေးကြီးပေမယ့် နတ်ဆေးဆိုတဲ့သဘောကို ရောင်းချသူတွေက တွင်တွင်ပြောလေတော့ “အင်း… ဆရာ၀န်ကလည်းပြောတယ် ကင်ဆာကို အရှင်းပျောက်အောင် ကုမရဘူး။ ဒါဆို ဒီဆေးပဲ စမ်းကြည့်ကြမယ်” ဆိုပြီး မိမိရဲ့အဖိုးတန်တဲ့ မိဘဘိုးဘွားတို့ကို အစမ်းသပ်ခံဖြစ်မှန်းမသိ ဖြစ်သွားစေပါလေရော။

ဒါကြောင့် ဒီတစ်ပတ်မှာတော့ အာဟာရဆရာ၀န်တစ်ယောက်ရဲ့ ရှုထောင့်ကနေ ပျား၀တ်မှုန်ဖြည့်စွက်စာကို ရှုမြင်သုံးသပ်ကြည့်ကြပါစို့နော်….

ပျားရည်၊ ပျားအိမ်၊ ပျား၀တ်မှုန် စတဲ့အရာတွေက အဖိုးတန်ပြီး အစာလည်းဆေး ဆေးလည်းအစာ ဖြစ်ပါတယ်။ အလှကုန်များ၊ အနာကျက်ဆေးများ၊ တိုင်းရင်းဆေးများမှာလည်း ဒီအရာတွေကို ထည့်သွင်းပြုလုပ်ကြပါတယ်။ ပျား၀တ်မှုန်ကပေးနိုင်တဲ့ လူသိများတဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့ အရောင်ကျခြင်း၊ အသည်းကို ကာကွယ်အားဖြည့်ပေးခြင်း၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အခြားဇီ၀ပစ္စည်းများ အစရှိတဲ့ ကောင်းကျိုးပြုတဲ့အရာလေးတွေ ပါ၀င်တာကြောင့် နှလုံးနှင့်သွေးကြောကို ကျန်းမာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း ဆိုပြီးတော့ပါ။

ဒီအာနိသင်တွေ ကောင်းကျိုးတွေက တကယ်ရှိပါတယ်။ ဒါပေမယ့် အာဟာရဆရာ၀န်အနေနဲ့ သောက်သင့်/မသောက်သင့် ပြောရရင်တော့…

ပျား၀တ်မှုန်ကို မသောက်ခင် ဆရာ၀န်နဲ့ တိုင်ပင်သင့်ပါတယ်။ တချို့ အသည်းမကောင်းသူ ကျောက်ကပ်မကောင်းသူတွေမှာဖြစ်ဖြစ်၊ ပိုတက်စီယမ် အများကြီးမစားသင့်လို့ ဆရာ၀န်ညွှန်ကြားထားတဲ့ သူတွေမှာဆိုရင်ဖြစ်ဖြစ် မသောက်သင့်တာမို့ပါ။ ရောဂါအခံရှိသူတွေဆို ပိုတိုင်ပင်သင့်ပါတယ်။ 

သောက်မယ်ဆိုရင်တောင် ဖြည့်စွက်စာအနေနဲ့ တအားမများတဲ့ပမာဏသာ သောက်ပါ။

သဘာ၀အတိုင်းမဟုတ်ဘဲ ဆေးကုမ္ပဏီတွေက အဆင့်ဆင့် ပြုပြင်ထားပြီးသားဖြစ်တာကြောင့် ယုံကြည်စိတ်ချရတဲ့ ဆေးကုမ္ပဏီက ထုတ်တာမျိုး၊ စမ်းသပ်ချက်တွေရှိထားပြီးသား တံဆိပ်မျိုးကိုသာ ရွေး၀ယ်ပါ။ မတန်တဆစျေးကြီးတာ၊ MLM ဆန်တာမျိုးဆို မ၀ယ်ပါနဲ့။

သောက်လက်စ အင်္ဂလိပ်ဆေးတွေကိုရပ်ပြီး ဒီဖြည့်စွက်စာကိုပဲ ငွေကြေးပုံအပ်ပြီး သောက်တာမျိုးကိုတော့ လုံးဝရှောင်ပါ။ ပျား၀တ်မှုန်သည် ဖြည့်စွက်စာပါ။ ကုသဆေးအနေဖြင့် မသုံးသေးပါ။ 

ရှိရင်းစွဲရောဂါ ကုသတာကို နံပါတ် (၁) အရေးကြီးဆုံးအနေနဲ့ထားပြီး ပျား၀တ်မှုန်ဆေးကို နောက်သို့ရွေ့ထားပါ။

နောက်ပြီး အစားအစာတစ်မျိုးတည်း စွဲစားတာကို အာဟာရပညာရပ် ရှုထောင့်အရ လုံး၀အားမပေးပါ။ ဒါကြောင့် အစားအစာ အစုံစားနိုင်ဖို့ကို ဦးတည်ပါ။ ဥပမာ – ကင်ဆာသက်သာစေတယ်ဆိုပြီး နိုကိုဥကြိတ်ရည်၊ အသီးကြိတ်ရည်၊ အရွက်ကြိတ်ရည်များ နာမည်ကြီးပါတယ်။ ထို့သို့အရာတွေကို နေ့စဥ် တစ်မျိုးတည်းကျွေးနေမယ့်အစား တစ်မျိုးကိုနည်းနည်းစီနဲ့ အမျိုးအစားစုံအောင် လှည့်ပြီးကျွေးကြည့်တာမျိုးကသာ ပိုဖြစ်သင့်ပါတယ်။ 

စျေးကြီးလို့ ဒီဆေးမစားနိုင်လို့ အားငယ်တာမျိုး မဖြစ်သင့်ပါ။ အဲဒီအစား အာဟာရအစုံပါတဲ့ အားဆေး (multivitamin) မျိုးကိုသာ ရွေးချယ်သောက်သုံးနိုင်ပါတယ်။

အချုပ်ပြောရရင်တော့ ဘယ်ရွေ့ဘယ်မျှ ဘယ်လိုသောက်ပါလို့ သတ်သတ်မှတ်မှတ် သုတေသနပြုထားချက် ပြည့်စုံစွာမရှိသေးတဲ့အတွက် ပျား၀တ်မှုန်ဆေးကို ဖြည့်စွက်စာအနေနဲ့ ငွေကြေးတတ်နိုင်၍ သောက်ချင်ရင်တော့ ဆရာ၀န်နဲ့တိုင်ပင်ပြီး သောက်နိုင်ပါတယ်။ မသောက်လိုက်ရလို့လည်း ရှိရင်းစွဲထက် ကျန်းမာရေးအရ ဆုတ်ယုတ်သွားတာမျိုးဖြစ်ဖို့ အလွန်နည်းပါတယ်။

တကယ်တော့ သင့်ကျန်းမာရေးဆိုတာ သင့်မျိုးရိုးဗီဇရယ်၊ သင့်မေမေဗိုက်ထဲ ကိုယ်၀န်စဆောင်ချိန်ကနေ ယနေ့အချိန်ထိ ပြုမူလှုပ်ရှား စားသောက်ခဲ့တဲ့ နှစ်ကာလကြာရှည်စွာ မြုပ်နှံခဲ့ရတဲ့အပေါ်မူတည်တာမို့ ဖြည့်စွက်စာလေးတစ်မျိုး အခုမှ ထသောက်တာပေါ် မမူတည်ပါ။ မိမိကျန်းမာရေးအတွက် အကျိုးရှိကျန်းမာစေတဲ့ အလေ့အထလေးတွေနဲ့သာ ပိုရင်းနှီးမြုပ်နှံသင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်….။

အာဟာရဆရာဝန်တစ်ဦး
တယ်လီကျန်းမာ

Ref: 📖 https:// www. ncbi. nlm. nih. gov /pmc/articles/PMC8230257/

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here