နှလုံးအထူးကုတွေ ပြောလေ့ရှိတဲ့ ဆောင်ပုဒ်လေးတစ်ခု ရှိပါတယ်…..

“ Of all the ailments which may blow out life´s little candle, heart disease is the chief.”

မြန်မာလို အတတ်နိုင်ဆုံး ဆီလျော်အောင် ဘာသာပြန်ရရင်တော့…..

“ ဘဝရဲ့ ရှင်သန်ခြင်း ဖယောင်တိုင်လေးကို ငြှိမ်းသတ်ပစ်နိုင်တဲ့ ရောဂါဘယပေါင်းစုံထဲမှာ နှလုံးရောဂါကတော့ တကယ့်ကို ထိပ်သီးခေါင်းဆောင်ပါပဲ” လို့ ဘာသာပြန်ရမလား မသိ။

တကယ်လည်း နှလုံးရောဂါတွေဟာ လူတစ်ယောက်ရဲ့ အသက်ဇီဝိန်ကို ချုပ်ငြိမ်းစေနိုင်တဲ့အထိ အသက်အန္တရာယ် များလှပါတယ်။

ဒါကြောင့် အခုဆောင်းပါးလေးမှာတော့ နှလုံးနဲ့ သွေးကြောရောဂါတချို့အကြောင်း ကြားဖူးနားဝရှိအောင် အကျဥ်းချုပ်သဘောလေး ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ် ????

.

……………….…………။ ။……………………….

.

“နှလုံးနှင့်သွေးကြောရောဂါ (Cardiovascular disease)”

????ဦးစွာအနေနဲ့ အခုဆောင်းပါးရဲ့ နှလုံးနှင့်သွေးကြောရောဂါဆိုတဲ့ ခေါင်းစဉ်မှာ ဘာတွေပါမလဲဆိုရင်…

(၁) နှလုံးသွေးကြော ကျဉ်း/ပိတ်တဲ့ရောဂါ

(၂) ဦးနှောက် သွေးခဲ/သွေးယိုစိမ့်လို့ဖြစ်တဲ့ လေဖြန်း/လေဖြတ်တာ

(၃) ခန္ဓာကိုယ်ရှိ သွေးကြောငယ်များ (အထူးသဖြင့် ခြေ/လက်တွင်ရှိသော သွေးကြောငယ်များ) မှာ ဖြစ်စေတတ်သောရောဂါများ…. စသဖြင့် အထက်ပါ ၃ မျိုးလုံး ပါဝင်ပါမယ်။

..

..

1️⃣ နှလုံးသွေးကြော ကျဉ်း/ပိတ်တဲ့ရောဂါ

ကမ္ဘာပေါ်မှာ လူနာတွေသေဆုံးရခြင်းရဲ့ အဓိကနံပါတ် (၁) အကြောင်းအရာကို ပြောပါဆိုရင် နှလုံးသွေးကြော ကျဉ်း/ပိတ်တဲ့ရောဂါကို ပြောပြရပါလိမ့်မယ်။

(ဩစတြေးလျနိုင်ငံရဲ့ မှတ်တမ်းတွေအရဆိုရင် သေဆုံးသွားတဲ့သူ ၁၀ ယောက်တိုင်းမှာ ၃ ယောက်က နှလုံးသွေးကြော ကျဉ်း/ပိတ်တဲ့ရောဂါကြောင့် သေဆုံးရတယ်လို့ တွေ့ရှိရပါတယ်)

နှလုံးသွေးကြော ကျဥ်း/ပိတ်တယ်ဆိုရင် ခံစားရတဲ့လက္ခဏာတွေအနေနဲ့ အများစုက…

– ဝဲဘက်ရင်အုံမှာ အောင့်တာများပါတယ်

– ရင်ညွန့်ရိုး အောက်ကနေလည်း အောင့်မယ်

– လည်ပင်း၊ လက်မောင်း (ဘယ်ကပိုများနိုင်) ၊ လက်ပြင်ရိုး ၂ ခုကြား နေရာလေးတွေမှာ အောင့်မယ်။ တချို့ကျတော့ တင်းတင်းလေး ဖြစ်မယ်၊ ဆုပ်ဆွဲထားသလိုလည်း ဖြစ်ပါမယ်။

– မောတာ၊ အသက်ရှူကျပ်တာ၊ ခေါင်းမူးတာ၊ ပျို့ချင်အန်ချင်တာ၊ ချွေးစီးတွေထွက်တာနဲ့ တွဲပြီးလာတတ်ကြတယ်။

သတိလစ်သွားတာ၊ အသက်ရှူရပ်သွားတာနဲ့လည်း ကြုံတွေ့ရတတ်တော့ သတိထားဖို့အရေးကြီးပါတယ်။

.

သွေးကြောပိတ်သွားပြီဆိုရင် ကြာလာတာနဲ့ နှလုံးကြွက်သားလေးတွေပါ ထိသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ရင်ဘတ်အောင့်တယ်၊ တင်းကျပ်ကျပ်ဖြစ်တယ် ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်သွားဖို့လိုပါတယ်။

ဆီးချိုရှိတဲ့ သူတွေမှာတော့ ရင်ဘတ်အောင့်တဲ့ လက္ခဏာ မသိလိုက်ဘဲ အရေးပေါ်အခြေအနေ ဖြစ်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။

..

..

2️⃣ ဦးနှောက် သွေးယိုစိမ့်/သွေးကြောပိတ်တဲ့ရောဂါ

ဦးနှောက် သွေးယိုစိမ့်/သွေးကြောပိတ်တဲ့ရောဂါဖြစ်ရင် လေဖြတ်/လေဖြန်းတယ်လို့ ခေါ်ကြပါတယ်။ တချို့လူနာတွေမှာ ရှေ့ပြေးလက္ခဏာအနေနဲ့ ကိုယ်တစ်ခြမ်း ထုံကျဉ်တာ၊ လေးသွားတာ၊ အားနည်းတာမျိုး ရှိတတ်ပါတယ်။

ဦးနှောက် သွေးယိုစိမ့်/သွေးကြောပိတ်တဲ့ရောဂါ ဘာကြောင့်ဖြစ်နိုင်လဲဆိုရင် အဓိကအားဖြင့် သွေးတိုးရောဂါကြောင့် အဖြစ်များတာကိုတွေ့ရပါတယ်။

နှလုံးမှာဖြစ်နေတဲ့ သွေးခဲလေးတွေက ပြုတ်ထွက်လို့ ဦးနှောက်ကသွေးကြောတွေကို သွားပိတ်တာလည်း ရှိတဲ့အတွက် နှလုံးခုန်မမှန်တာ၊ နှလုံးမှာသွေးခဲရှိနေတာ ဆိုရင်လည်း ကုသမှု သေချာခံယူသင့်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ လေဖြတ်/လေဖြန်းခြင်းဟာလည်း အရေးပေါ်ရောဂါတွေထဲက တစ်ခုဖြစ်လို့ ကြိုတင်ကာကွယ်မှုက အရေးကြီးဆုံးပါပဲ။

..

..

3️⃣ သွေးကြောငယ်များ ကျဉ်းခြင်း/ပိတ်ခြင်းများ

ခန္ဓာကိုယ်ရှိ တခြားသွေးကြောငယ်များမှာလည်း ကျဉ်းခြင်း/ပိတ်ခြင်းများ ဖြစ်တတ်ပါတယ်။ အဓိကအားဖြင့် ခြေထောက်သွေးကြောငယ်များမှာ အဖြစ် များပါတယ်။

ခြေထောက်သွေးလွှတ်ကြောမှာ ပိတ်တယ်၊ ကျဥ်းတယ် ဆိုရင်….

– အရင်ဆုံး လမ်းလျှောက်ရင် နာပါမယ်

– ခြေဖမိုးနဲ့ ခြေဖဝါးနာမယ်

– ခြေသလုံးမှာ ဖြစ်မယ်

– တင်ပါး​နဲ့ပေါင်မှာ နာတာလည်း ရှိနိုင်ပါတယ်

(သွေးကြောပိတ်တဲ့ နေရာအလိုက် ကွာပါမယ်)

– နာတာဟာ တ​ဖြည်းဖြည်းနဲ့ ပိုဆိုးလာပါမယ်

ဥပမာ – ၂၀ မိနစ်လောက် လမ်းလျှောက်ရင် နာလာမယ်. . .နားလိုက်ရမယ်. . .သက်သာသွားမယ်. . .ပြီးရင် ပြန်လျှောက်နိုင်ပါမယ်။ ဒီလိုနဲ့ ကြာလာတော့ လမ်းလျှောက်နိုင်တဲ့အချိန် လျော့လာပါမယ်။ ၁၀ မိနစ်၊ ၅ မိနစ် လျှောက်တာနဲ့ နာလာနိုင်ပါတယ်။

နောက်တစ်ဆင့်က နားနေရင်းနဲ့ကို ခြေထောက်က နာလာတာ၊ ပြီးရင် အနာဖြစ်လာတာ၊ အရောင်ပြောင်းသွားတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

ဒီလိုမျိုး မဆိုးရွားစေဖို့ ကြိုတင်ကာကွယ်ရပါမယ်။

..

..

ဒါဆိုရင် ဒီလို နှလုံးနဲ့သွေးကြောရောဂါတွေ မဖြစ်အောင်၊ ဖြစ်လာရင်လည်း မဆိုးအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာလေး ပြောပြသွားပါမယ်။

????အရင်ဆုံးအနေနဲ့ နှလုံးနဲ့ သွေးကြောရောဂါဖြစ်စေတဲ့ အချက်လေးတွေကတော့..

(၁) သွေးတိုးရောဂါ

(၂) သွေးတွင်းအဆီဓာတ် ပုံမှန်မရှိခြင်း

(၃) ဆေးလိပ်သောက်ခြင်း

(၄) ဆီးချိုရောဂါ

(၅) အဝလွန်ခြင်း

(၆) ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း

(၇) အရက် အလွန်အကျွံသောက်သုံးခြင်း

(၈) အာဟာရပြည့်စုံအောင် မစားခြင်း

(၉) နေ့စဉ်ဘဝမှာ ဖိအားတွေ အများအပြား ကြုံတွေ့ရခြင်း စတာတွေ ဖြစ်ပါတယ်။

အထက်ပါအချက်တွေကို မဖြစ်အောင်၊ ဖြစ်လာရင်လည်း နည်းပါးအောင်နေထိုင်ဖို့ အရေးကြီးပါမယ်။ ဒါ့အပြင် မျိုးရိုးထဲမှာ နှလုံးနဲ့သွေးကြောရောဂါ ဖြစ်တဲ့သူရှိတာနဲ့ အသက်အရွယ်ကြီးသူတွေမှာလည်း ပိုတွေ့ရတတ်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုဖြစ်နိုင်ခြေ ရှိနေပါတယ်။

..

..

????ဒါဆို ဘာတွေ လုပ်ကြမလဲ

– သွေးပေါင် မှန်မှန်ချိန်ရပါမယ်။ အသက် ၁၈ နှစ်အရွယ်မှစ၍ လူတိုင်း သွေးပေါင် ပုံမှန်ချိန်သင့်ပါတယ်။

– အသက် ၄၅ နှစ် ပြည့်ပြီးပြီဆိုရင် သွေးတွင်းအဆီဓာတ်ကို ပုံမှန်စစ်ရပါမယ်။

– ဆီးချို ရှိ/မရှိကိုလည်း အသက် ၄၀ ပြည့်ပြီးသူတိုင်း ပုံမှန် စစ်ဆေးသင့်ပါတယ်။

– သွေးတိုးဆီးချို ရောဂါရှိသူတွေမှာ ကျောက်ကပ်ရောဂါ ရှိ/မရှိကိုလည်း ပုံမှန်စစ်ဆေးသင့်ပါတယ်။

– ဆေးလိပ်သောက်တတ်ရင် ရပ်လိုက်ပါ/ဖြတ်လိုက်ပါ။

– သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူတဲ့ Second hand smoker လည်း မဖြစ်ပါစေနဲ့။

– အရက်နဲ့ပတ်သက်ပြီး ပြောရရင် သွေးတိုးရှိရင်တော့ လုံးဝမသောက်သင့်ပါ။

– အဆီများတာ၊ ငန်တဲ့ အစားအစာတွေအပြင် ကစီဓာတ်ပါတာတွေကို လျှော့စားဖို့ လိုပါမယ်။

– ပုံမှန်လေ့ကျင့်ခန်း လုပ်ရပါမယ် ( ၁ ပတ်ကို ၁၅၀ မိနစ်ခန့် ) လမ်းလျှောက်မယ်၊ ရေကူးမယ်၊ တင်းနစ်ကစားမယ်၊ စက်ဘီးစီးမယ် အစရှိတဲ့ ကိုယ်နှစ်သက်ရာ လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်လေးလုပ်သင့်ပါတယ်။

– ကိုယ်အလေးချိန် ထိန်းပါမယ်။

– စိတ်ဖိအားတွေ ကင်းစေဖို့လည်း လိုပါမယ်။ တရားထိုင်မယ်၊ အပန်းဖြေခရီး မိသားစုနဲ့တူတူသွားမယ် စတာမျိုးတွေပေါ့။

– သွေးပေါင်ချိန်ကို ၁၃၀/၈၀ အောက် ရှိနေစေတာ ယေဘုယျအားဖြင့် အကောင်းဆုံးပါပဲ။

– သွေးတွင်းအဆီဓာတ်လည်း ပုံမှန်ဖြစ်ပါစေ။

– ဆီးချိုရှိနေတဲ့သူဆိုရင် HbA1c လို့ခေါ်တဲ့ ၃ လ အတွင်း ဆီးချိုထိန်းနိုင်မှုကို (၇%) နဲ့ အောက်မှာရှိနေဖို့လိုပါတယ်။

– Antiplatelet agent လို့ခေါ်တဲ့ သွေးပျစ်တာကို ကာကွယ်တဲ့ဆေး Aspirin ကို လိုအပ်တဲ့သူများလည်း ဆရာဝန်ညွှန်ကြားချက်နဲ့အညီ အမြဲသောက်သုံးဖို့သင့်ပါတယ်လို့ ပြောပါရစေ။

..

..

ကိုယ့်မှာ နှလုံးနဲ့သွေးကြောရောဂါ ရှိနေပြီး အသေးစိတ်အချက်လေးတွေ ဆက်ပြီးသိချင်တယ်ဆိုရင်တော့ တယ်လီကျန်းမာမှာ ရက်ချိန်းလေးယူပြီး ဆရာဝန်ကြီးများနဲ့ မေးမြန်းဆွေးနွေး ကုသမှုခံယူလို့ ရနေပါပြီ….။

နှလုံးခွဲစိတ်အထူးကုဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

Reference: ????

John Murtagh’s General Practice

7th edition

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here