နို့စို့ကလေးငယ် လေထတာဟာ ကလေးတိုင်းနီးပါး ဖြစ်ဖူးကြပြီး သနားစရာလည်းကောင်း၊ တစ်ခါတလေ လူကြီးတွေမှာ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ ဖြစ်တတ်ကြပါတယ်။

တချို့က ကလေးလေထတာ အမေဘာတွေစားလို့လဲ လို့ မေးတတ်​ တွေးတတ်ကြပါသေးတယ်။ မေမေ စားတာတွေက မိခင်နို့ရည်မှတစ်ဆင့် ကလေးဆီကို ရောက်တာမို့ပါ။

မေမေစားတဲ့ အရသာကို ကလေးတွေလည်း နို့မှတစ်ဆင့် ရနိုင်ပါတယ်။ ငယ်ငယ်ထဲက အစားအစာအစုံနဲ့ ရင်းနှီးအောင်ရော၊ အာဟာရဓာတ်စုံအောင်ရော မေမေတွေအနေနဲ့ အစုံစားသင့်ပါတယ်။

ကလေးလေထတာ မေမေစားတာကြောင့်လည်း ဖြစ်နိုင်သလို နို့တိုက်အပြီး လေမထုတ်ဖြစ်တာ၊ နို့တိုက်တဲ့အခါ သေချာငုံမစို့ဘဲ လေတွေ၀င်တာတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးလေထရင်တော့ ထုံးစံအတိုင်း ကလေးက ထူးထူးဆန်းဆန်း အော်နေတာ၊ ချော့မရတာ၊ ဗိုက်ကယ်နေပုံပေါ်တာ၊ လေထပုံပေါ်တာ၊ ခြေစုံကန်ပြီး အော်ဟစ်နေတာမျိုးတွေက ဖြစ်နိုင်ပါတယ်၊

ဘာကြောင့် ဖြစ်လဲဆိုတာကို ပြန်စမ်းစစ်ကြည့်ပြီး နောက်ထပ် လေမထအောင် လုပ်နိုင်ပါတယ်။ ကလေးကို ထောင်ပြီးချီတာ၊ ၀မ်းလျားမှောက်ပြီး ကျောကိုသပ်ပေးတာမျိုးက သက်သာစေပါတယ်။ ကလေးလေထတာကို ချီပြီးလမ်းလျှောက်ပေးတာမျိုး၊ ကားစီးတာလို ရွေ့လျားနေတာမျိုးဆို မေ့မေ့ပျောက်ပျောက်နဲ့ ချော့ရလွယ်ပြီး သက်သာစေပါတယ်။

ဆေးအနေနဲ့ကတော့ ၆ လအောက် ကလေးငယ်တွေမှာ လေထလို့ ဆေးတိုက်တာမျိုး မလုပ်သင့်သေးပါဘူး။ ဆရာ၀န်က ကလေးအတွက် သီးသန့်ညွှန်ကြားထားရင်တော့ တစ်မျိုးပေါ့။ ဒီလိုမှမဟုတ်ဘဲ လေထတာကို သနားလို့ တိုင်းရင်းဆေးတွေ ပါးစပ်ထဲတိုက်တာမျိုး၊ လျက်ဆားတွေ လျှာကိုတို့ပေးတာမျိုး မလုပ်သင့်ပါဘူး။ မုန်ညင်းဆီကိုတော့ ၀မ်းဗိုက်ပေါ်မှာ လိမ်းပေးနိုင်ပါတယ်။

တကယ်တော့ ကလေးလေး လေထစာတွေဆိုတာ လူကြီးတွေလေထတဲ့ အစားအစာတွေမျိုးပါပဲ အထွေထူးတော့မဟုတ်ပါဘူး။ ဥပမာ အစပ်စားရင် အစာမကြေသလို ဗိုက်ထဲပူသလိုဖြစ်တတ်ရင် ကလေးမှာလည်း ဖြစ်နိုင်ပါတယ်။ ဂျုံကြမ်းတို့လို ဂလူတန်များတဲ့ အစားအစာတွေ စားမိရင် လူကြီးတွေ လေချဥ်တက်ရင် ကလေးလည်း အစာမကြေ ဖြစ်တတ်ပါတယ်။ ကလေးလေပါမှာစိုးလို့ဆိုပြီး အစားအရမ်းရွေးတာမျိုးကိုတော့ မလုပ်သင့်ပါဘူး။ မေမေမှာ အာဟာရဓာတ်မစုံရင် မေမေက လူကြီးမို့မသိသာပေမယ့် ကလေးက နုနယ်သေးငယ်တော့ တအားကို သိသာပါတယ်။

နို့ထွက်ကောင်းအောင် ငါးရံ့ခြောက်ဖုတ်နဲ့ ဒန့်သလွန်သီးဟင်းချိုသောက်ဆိုပြီး နာမည်ကြီးလှပါတယ်။ ငါးရံ့ခြောက်က ဆားများတယ်ဆို နို့ရည်ထဲလည်း ဆားတွေများပြီး ကလေးအတွက် မသင့်တော်ပါဘူး။ နောက်ပြီး ဒီတစ်မျိုးထဲကိုပဲ အနပ်တိုင်းနေ့တိုင်းစားနေရင် ကလေးမှာ အာဟာရချို့တဲ့ဖို့ များပါတယ်။ ဒါ့အပြင် ထမင်းကို ငှဲ့ချက်ပြီး ထမင်းရည်သွန်ရင် ဘီ၀မ်းချို့တဲ့ကာ ကလေးငယ်တွေမှာ ဘယ်ရီဘယ်ရီလို့ခေါ်တဲ့ ဘီ၀မ်းချို့တဲ့တာမျိုး ဖြစ်ပါတယ်။ အဲဒီလိုဆိုရင်တော့ ကလေးက အသက်ရှူတွေတအားမြန်၊ ပျော့ခွေ၊ နို့မစို့ဘဲ အရေးပေါ်ရောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ လက်တွေ့ ကြုံဖူးပါတယ်နော်။

ဒီတော့ နို့တိုက်မိခင်တွေအနေနဲ့ အရည်များများသောက်ပါ။ အစားများများ စားပါ။ အစုံစားပါ သိပ်မရှောင်ပါနဲ့။ တစ်ခုခုစားပြီး ကလေးလေထတယ်လို့ထင်ရင် အဲဒီအစားအသောက်ကိုပဲ ရွေးရှောင်တာ၊ ရွေးလျှော့တာဆို ရပါပြီ။ အရောင်စုံအောင် စားသင့်ပါတယ်။ နေ့တိုင်း အစာအုပ်စုစုံအောင် စားပါ။ အသား၊ ငါး၊ အသီးအရွက်၊ အသီးအနှံ၊ နို့၊ ကြက်ဥ နေ့တိုင်းစားပေးရင် ပိုကောင်းပါတယ်။ ကဖင်းပါတာတွေကတော့ အလွန်အကြူးမဟုတ်ရင် ရပါတယ်။ တစ်နေ့ တစ်ခွက်လောက်က ပြဿနာမရှိပါ။ အကြောင်းကတော့ ကလေးတွေလည်း အိပ်မပျော်တာ ရင်တုန်တာဖြစ်မှာစိုးလို့ပါတဲ့။

မေမေအနေနဲ့ ရှောင်ရမှာတွေကတော့….

အရက်သေစာ လုံး၀ ရှောင်ရပါမယ်။ ဆေးလိပ်လည်း မသောက်သင့်ပါ။

တိုင်းရင်းဆေးတွေ၊ ကော်လဂျင်လိုဆေးတွေ မသောက်ပါနဲ့။ ၀ိတ်ကျစေတဲ့ ဆေးလိုဟာတွေလည်းရှောင်ရပါမယ်။ မာကျူရီများတဲ့ ငါး/ငါးမန်း၊ ပင်လယ်ငါးတွေလည်း ရှောင်သင့်ပါတယ်။

အာဟာရဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

Reference: 📖

https:// www. hopkinsmedicine. org /health/wellness-and-prevention/5-breastfeeding-diet-myths

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here