ဒီကာလထဲ စိတ်တွေလည်း ပျော်မနေဘူး။ စိတ်ဖိအားတွေ သိပ်ကိုများတယ်။ ဘာရယ်လို့လည်း ခေါင်းစဥ်မည်မည်ရရ မတပ်တတ်ဘူး။
ဒီတော့ စိတ်ရှုပ်စရာတွေကို အခိုးအငွေ့တွေနဲ့ လွှင့်ပစ်ဖို့ စီးကရက်ကိုခဲ၊ အသက်ကိုပြင်းပြင်းရှူပြီး ဆေးလိပ်သောက်နေမိတယ်။ ညသန်းခေါင် အိပ်လို့လည်းမရ၊ စကားပြောဖို့ သူငယ်ချင်းအဖော်လည်း မရှိ။ ကိုယ့်ကိုနားလည်နိုင်မှာ သူတစ်ယောက်ပဲရှိတယ် ဘာညာအတွေးတွေပွားရင်း ပိုသောက်မိပြန်ရော။
…
…
အခုလိုမျိုးဖြစ်ရပ်တွေ ဒီကာလထဲ ပိုအဖြစ်များကြမယ် ထင်တယ်နော်။ ဆေးလိပ်သောက်တာ မကောင်းမှန်းသိပေမယ့် ဒါပဲဖြေသာစရာရှိလို့ ပိုသောက်မိကြတာလည်း ပါတာပေါ့။
ဆေးလိပ်ရဲ့ ကျန်းမာရေးဆိုးကျိုးတွေပြောရရင်ဖြင့် ဓာတ်ပြားဟောင်းကြီး ဖွင့်မိသလိုဖြစ်မယ်မို့ အခုဆောင်းပါးမှာတော့ ဆေးလိပ်သောက်တဲ့အခါ အစားအစာပုံစံ ဘယ်လိုကြောင့်ပြောင်းလဲသွားလဲ၊ မိမိခန္ဓာကိုယ်ရဲ့တုံ့ပြန်ပုံဘယ်လိုရှိလဲဆိုတာတွေကို ဗဟုသုတအနေနဲ့ ပြောပြပေးသွားပါမယ်နော်။
…
…
(၁) ဆေးလိပ်သောက်သူတစ်ယောက်က မီတင်တွေလုပ်၊ အစည်းအဝေးတွေတက်ရရင် တစ်ဘူးလုံးကုန်အောင်သောက်မိတယ်တဲ့။ ခေါင်းတွေအရမ်းပူလာလို့ ပိုသောက်မိတာထင်တယ်လို့ ပြောပါတယ်။
စိတ်မှာအတွေးတွေ များလာတယ်၊ ဘယ်အတွေးစကို ဆက်တွေးမယ်၊ ဘာပြောမယ် ဘာလုပ်မယ် ထွေပြားလာတဲ့အခါ ၀င်လေထွက်လေကို မှတ်တာမျိုးလုပ်ဖို့ အကြံပေးကြတာ သိကြမှာပါ။ ဒီလိုပဲ အတွေးလှိုင်းတွေ တအားများလာတဲ့အခါ ဦးနှောက်က ဘာလုပ်လို့ ဘာကိုင်ရမယ်မသိတဲ့အခါ ဆေးလိပ်ကိုမီးညှိ၊ သေချာရှူရှိုက်မိတဲ့အခါ ၀င်လေထွက်လေမှတ်သလို စိတ်က အခြေတစ်ခုရသွားပါတယ်။ Grounding လို earth ကြိုး ချတဲ့သဘောပါ။ ရှုပ်ထွေးနေတဲ့အတွေးတွေကို တစ်ခုစီက ပြန်စလို့ရသွားတဲ့အတွက် ပြန်အာရုံစူးစိုက်လို့ရသွားပါတယ်။
ဒီအချက်ကို ပြင်ချင်တယ်ဆိုရင်တော့ အနားမှာ ကော်ဖီလေးချထားပြီး တစ်ငုံစာ အာရုံစိုက်သောက်တာမျိုး၊ ဆီးထသွားလိုက်တာမျိုး၊ ၀င်လေထွက်လေ ၃ ကြိမ်မှတ်ကြည့်တာမျိုး လုပ်နိုင်ပါတယ်။
…
…
(၂) ညသန်းခေါင်ကြီး စိတ်ခံစားချက်တွေ ရှုပ်ထွေးနေတယ်။ တစ်စုံတစ်ယောက်ကို တစ်ခုခုပြောပြချင်သလို ခံစားနေရတယ် သို့ အထီးကျန်သလိုဖြစ်နေလို့ ဆေးလိပ်သောက်မိတယ်။
ဒီလိုမျိုး စိတ်ခံစားမှုတွေအတွက်တော့ ပြောပြချင်တယ်ဆိုရင်ဖြင့် တယ်လိီကျန်းမာမှာ ဆွေးနွေးတိုင်ပင်လို့ရတဲ့အပြင် တိုင်ပင်ဖော်လိုမျိုး ရင်ဖွင့်ရုံလား၊ နောက်ထပ် နှစ်သိမ့်ဆွေးနွေးပေးမှု (counselling) လုပ်ပေးဖို့လိုလားပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သင့်ပါတယ်။ လာပြောပြဖို့ မတွန့်ပါနဲ့နော်။ ညသန်းခေါင်ကြီးမို့ ပြောဖို့ခက်တာဆိုရင်တော့ စာရွက်တစ်ရွက်ထဲ ပြောချင်တဲ့အလုံးစုံကို ချရေးလိုက်ခြင်းဖြင့်လည်း စိတ်သက်သာရာရနိုင်ပါတယ်။
…
…
(၃) ဆေးလိပ်သောက်လို့ အစားသိပ်မစားဖြစ်ဘူး၊ စားချင်စိတ်နည်းတယ်။
ဒါလည်း နီကိုတင်းရဲ့ ဦးနှောက်နဲ့ အာရုံခံပို့တဲ့ဟော်မုန်းလေးတွေအပေါ် ပြောင်းလဲစေမှုကြောင့် ဖြစ်ပါတယ်။
ဒီအတွက်အဖြေကတော့ ခဏခဏ ဖုန်းနှိုးစက် (alarm) ပေးထားတာမျိုးနဲ့ မှတ်ထားပြီး ၃ နာရီတစ်ကြိမ် အစာနည်းနည်းကို ခဏခဏစားပေးသင့်ပါတယ်။
…
…
(၄) ဆေးလိပ်သောက်သူတွေမှာ အဆီများတဲ့အစားအစာတွေ၊ အသင့်စား/အမြန်စား fast food တွေ ပိုရွေးချယ်မိတတ်ကြတယ်။
ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားသောက်တွေ ပိုကြိုက်တတ်လာတာပေါ့။ သုတေသနတွေအရ ဆေးလိပ်သောက်သူတွေဟာ အသီးအရွက်နဲ့ အသီးနှံတွေကို သိပ်မစားဖြစ်တော့ဘူး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေလည်း သိပ်မစားဖြစ်ကြတော့ပါဘူးတဲ့။
ဆေးပညာအရဆိုရင် ဆေးလိပ်သောက်တဲ့အတွက် လျှာကအရသာခံအဖုလေးတွေက ထုံလာပါတယ်။ ဒီတော့ ငန်တာမှ ပိုစားတတ်တော့တာမျိုး၊ ပြင်းတဲ့အရသာတွေပဲ ခံစားနိုင်တာမျိုး ဖြစ်လာလို့ပါ။ အိမ်မှာချက်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီနည်းနည်း ဆားနည်းနည်း အချိုမှုန့်မပါဟင်းတွေက အရသာမရှိသလိုဖြစ်လာတာပေါ့။
ဒီပြဿနာအတွက်တော့ ဆေးလိပ်ကိုလျှော့သောက်တာ၊ အာရုံခံအဖုလေးတွေ အားကောင်းအောင် ဇင့်များများပါတဲ့အစားအစာ စားပေးတာမျိုး လုပ်နိုင်ပါတယ်။ အစေ့အဆန်၊ ဥအမျိုးမျိုးနဲ့ နို့တို့မှာ ဇင့်ဓာတ်ကြွယ်၀ပါတယ်။
…
…
(၅) ဆေးလိပ်သောက်ရင် ပိန်သွားတယ်၊ ဗိုက်တော့ရွှဲလာတယ်။
ဒါကတော့ ဆေးလိပ်ရဲ့ nicotine က adrenaline လို stress hormone တွေထွက်အောင် အားပေးတာမျိုးကြောင့် ကိုယ်တွင်းဇီ၀ဖြစ်စဥ်လည်ပတ်တာ ပိုမြန်လာတော့ အားပိုကုန်တာ မြန်တာပေါ့။ (၅-၁၀%) လောက် ဆေးလိပ်မသောက်တဲ့သူထက် ပိုမြန်ပါတယ်တဲ့။ ပိန်အောင် ဆေးလိပ်သောက်ခိုင်းတာ မဟုတ်ပါဘူးနော်။ ဆေးလိပ်ကြောင့် ၀ိတ်ကျတာ ပိန်တာ မှန်ပေမယ့် ရှိသင့်တဲ့ အဆီတွေကျပြီး မရှိသင့်တဲ့အဆီတွေက ၀မ်းဗိုက်ပိုင်းလိုနေရာတွေနဲ့ အသည်းတို့ သွေးကြောတွင်းတို့မှာစုလာပြီး နှလုံးသွေးကြောကျဥ်းရောဂါ ဖြစ်နိုင်ခြေများလာပါရော။
ဒီပြဿနာရဲ့အဖြေကတော့ ဆေးလိပ်လျှော့သောက်ဖို့နဲ့ လေ့ကျင့်ခန်းနဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်နေ့အနည်းဆုံး နာရီ၀က်လုပ်ခြင်းပါ။
၀ချင်တဲ့သူတွေကတော့ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတာအကောင်းဆုံးပါပဲနော်။
…
…
(၆) ဆေးလိပ်သောက်ရင် တုပ်ကွေးခဏခဏ ၀င်လွယ်တယ်။
ဒါကတော့ ဆေးလိပ်က oxidative stress လို ဖြစ်စေတဲ့အတွက် ဗီတာမင်စီလို ဓာတ်မျိုးတွေကို ခါတိုင်းထက် ပိုမိုသုံးစွဲလိုက်ရပါတယ်။ ဒီတော့ စားတာချင်းတူရင်တောင် ဆေးလိပ်သောက်တဲ့သူတွေက ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ ဖော်လစ်အက်စစ်ဓာတ်ချို့တဲ့ဖို့ ပိုလွယ်ပါတယ်။
ဒီပြဿနာဖြေရှင်းဖို့ကတော့ ဆေးလိပ်ဖြတ်ဖို့ပါ။ သောက်ဖြစ်နေဦးမယ်ဆိုရင်တော့လည်း ၀ိနည်းလေးလွတ်အောင် ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ အစုံပါမယ့် အားဆေးတစ်ခုခု ထည့်သောက်တာ၊ တစ်နေ့ကို အသီးအနှံတစ်မျိုးမျိုး မပါမဖြစ် စားပေးတာမျိုးနဲ့ လုပ်ဆောင်နိုင်ပါတယ်။
.
မလွယ်မှန်းသိပေမယ့်လည်း နောက်ဆုံးအနေနဲ့ပြောချင်တာကတော့… အခုလိုဗဟုသုတလေးတွေ ရေးပေးနေတဲ့ တယ်လီကျန်းမာကို အသိအမှတ်ပြုပေးတဲ့အနေနဲ့ စီးကရက်၊ ဖက်ကြမ်း အစရှိတဲ့ ဆေးလိပ်အမျိုးမျိုးတွေကို နည်းနည်းလေးတော့ လျှော့ပေးကြပါဦးလို့ တောင်းဆိုလိုက်ပါရစေနော်….။
အာဟာရဆရာဝန်တစ်ဦး
တယ်လီကျန်းမာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.