“ ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ခြင်း (သို့မဟုတ်) ဆီးချိုနှီးနွယ် အာရုံကြောရောဂါ” (December,2023)

0
370

ဆီးချိုရောဂါဟာ သင့်ရဲ့အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေရဲ့ ထက်ဝက်ခန့်ဟာ အာရုံကြောထိခိုက်မှု ရှိတတ်ကြပြီး၊ ဒီလိုမျိုး ဆီးချိုကြောင့် အာရုံကြောထိခိုက်ခြင်းဟာ ခြေထောက်နဲ့ လက်တွေမှာသာမက ကိုယ်တွင်းအင်္ဂါတွေနဲ့ ကြွက်သားတွေမှာပါ ထိခိုက်နိုင်ပါတယ်။

ဒီအတွက် သိမှတ်ထားသင့်တဲ့ ဆီးချိုနှီးနွယ် အာရုံကြောရောဂါ အမျိုးအစားတွေကတော့…

(၁) ဆီးချိုကြောင့် အစွန်အဖျား သိမှုအာရုံကြောများ ထိခိုက်ခြင်း (Symmetric peripheral neuropathy)

(၂) ခန္ဓာကိုယ်ရဲ့ ပေါင်၊ တင်ပါး စတဲ့နေရာတွေက ကြွက်သားများ ထိခိုက်ခြင်း (Amyotrophy)

(၃) အာရုံကြောများ တစ်ခုစီ ထိခိုက်ခြင်း (Mononeuritis multiplex)

(၄) ခန္ဓာကိုယ်၏ အလိုအလျောက် ထိန်းချုပ်စနစ်ရှိသော အာရုံကြောများ ထိခိုက်ခြင်း (Diabetic autonomic neuropathy) စတာတွေ ဖြစ်တတ်ပါတယ်။

တစ်ခုချင်းစီရဲ့ လက္ခဏာတွေကို ပြန်ရှင်းပြသွားပါမယ်နော်။

(၁) ဆီးချိုကြောင့် အစွန်အဖျား သိမှုအာရုံကြောများ ထိခိုက်ခြင်း (Diabetic peripheral neuropathy)

အဖြစ်အများဆုံး အမျိုးအစားပါ။ ကျောရိုးထဲမှာရှိတဲ့ အာရုံကြောမကြီး (Spinal cord) ရဲ့အပြင်ဘက်က အာရုံကြောငယ်တွေ ထိခိုက်ခြင်းကြောင့် ဖြစ်ပါတယ်။ ခြေဖျား၊ လက်ဖျားတွေရဲ့ လက်အိတ်/ခြေအိတ်စွပ်ထားသလို နေရာတွေမှာ ထုံခြင်း၊ ကျဥ်ခြင်း‌၊ လေးခြင်း၊ နာခြင်းတွေ ဖြစ်နိုင်ပါတယ်။

Sensory neuropathy လို့ခေါ်တဲ့ အထိအတွေ့ဆိုင်ရာ အာရုံကြောတွေကို ထိခိုက်တဲ့အခါ တွေ့ထိခြင်း၊ အပူချိန်၊ နာကျင်မှုဝေဒနာ စတာတွေကို သိရှိမှုဟာ ပြောင်းသွားပါတယ်။

ခြေထောက်တွေမှာ ထိရင် ထိမှန်းမသိတာ၊ ခြေဖဝါးတွေဟာ ဖိနပ်ဝတ်ထားရင်လည်း ထူထူကြီးဖြစ်နေတာ၊ ဂွမ်းပေါ်မှာ သွားရသလိုမျိုး ခံစားရတတ်ပါတယ်။

ထိခိုက်ဒဏ်ရာရရင် နာမှန်းမသိတာကြောင့် အနာဖြစ်မှန်းမသိဘဲ ဖြစ်တတ်ပါတယ်။ ဥပမာ- ခဲလုံးစူးမိတာကို မသိလိုက်တာ၊ အပူကို မသိဘဲ ‌ကိုင်မိတာ၊ မိမိနဲ့ မတော်တဲ့ ဖိနပ်စီးထားလို့ ခြေထောက်နာတာကို မသိတာမျိုး။

ဒီလို ‌အသေးစားထိခိုက်မှုမျိုးဟာ ကြာလာရင် အနာတွေကြီးလာပြီး ပိုးဝင်လာနိုင်ပါတယ်။ ခြေထောက်အရိုးဟာလည်း ခဏခဏ ခိုက်မိခြင်းကြောင့် ပုံပျက်လာနိုင်ပါတယ်။

Motor neuropathy (ခေါ်) လှုပ်ရှားမှုဆိုင်ရာ အာရုံကြောတွေ ထိခိုက်တဲ့အခါ ကြွက်သားတွေ လေးလာတာ၊ လှုပ်မရတာတွေဖြစ်ပြီး ကြွက်သားတွေ တဖြည်းဖြည်း သိမ်သွားနိုင်ပါတယ်။

ကုသမှုအနေနဲ့ အာရုံကြောထုံကျဥ်တာ သက်သာစေတဲ့ သောက်ဆေးအမျိုးအစားတွေနဲ့ အနာသက်သာစေတဲ့ ဆေးတွေ သောက်ဖို့လိုပါမယ်။ အလေးအပင်မတာကို ရှောင်ကြဉ်ပါ။ ခြေထောက်ကို အမြဲစစ်ဆေးပါ။

(၂) ပေါင်၊ ပေါင်ရင်း၊ တင်ပါး စတဲ့ နေရာတွေမှာရှိတဲ့ အာရုံကြောများထိခိုက်ခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်း (Amyotrophy)

အာရုံကြောထိခိုက်ခြင်းဟာ ကြွက်သားတွေမှာ နာတာ၊ သိမ်တာ၊ အထိုင်အထ ခက်တာ၊ လေးတာ၊ မလှုပ်နိုင်တာတွေ ဖြစ်တတ်ပါတယ်။

(၃) အာရုံကြောများ တစ်ခုစီ ထိခိုက်ခြင်း (Mononeuritis multiplex)

ဒီလို အာရုံကြောတစ်ခုစီ ကွက်ကျားထိတဲ့အခါ ထိတဲ့ အာရုံကြောပေါ်မူတည်ပြီး‌ ဝေဒနာခံစားရပါတယ်။ ဥပမာ – မျက်စိအာရုံကြောတွေထိရင် မျက်စိစွေခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ ဝါးခြင်း၊ မျက်နှာအာရုံကြောတွေထိရင် မျက်နှာတစ်ခြမ်းရွဲ့ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ကုသရ ခက်ပါတယ်။ ကိုယ်ခံအားထိန်းတဲ့ဆေးတွေ သုံးရလေ့ရှိပါတယ်။

(၄) Diabetic autonomic neuropathy (ခေါ်) ခန္ဓာကိုယ်၏ အလိုအလျောက် ထိန်းချုပ်စနစ်ရှိသော အာရုံကြောများ ထိခိုက်ခြင်း

ဒါကတော့ ကိုယ်တွင်းအင်္ဂါတွေကို သွားတဲ့ အာရုံကြောတွေထိခိုက်ခြင်း ဖြစ်ပါတယ်။ သိစိတ်နဲ့ ထိန်းချုပ်စရာမလိုတဲ့ အပြုအမူတွေ ဥပမာ- နှလုံးဘယ်လိုခုန်တာ၊ အစာအိမ်ကနေ အစာတွေခြေတာ၊ ချွေးထွက်တာ စတာတွေဟာ ပျက်ယွင်းလာနိုင်ပါတယ်။

လက္ခဏာတွေ အနေနဲ့…

အစာစားပြီးရင် အကြာကြီးနေအောင် ဗိုက်ကယ်နေတာ၊ ဝမ်းချုပ်လွန်တာ၊ ဝမ်းခဏခဏ လျှောတာ၊ ဆီးမထိန်းနိုင်တာ၊ နှလုံးခုန်မမှန်တာတွေ၊ ချွေးမထွက်တာ ဒါမှမဟုတ် ချွေးထွက်လွန်တာ၊ ပန်းသေပန်းညှိုးခြင်း၊ အထိုင်အထ‌ သွေးပေါင်ကျခြင်း၊ အမျိုးသမီးများတွင် လိင်စိတ်ကျဆင်းခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း စတာတွေ ကြုံနိုင်ပါတယ်။

ဆီးချိုနှီးနွယ် အာရုံကြောရောဂါ ဖြစ်ရခြင်းအကြောင်း

ဆီးချိုရောဂါရဲ့ ရေရှည်နောက်ဆက်တွဲ ဆိုးကျိုးပါ။ သွေးတွင်းသကြားဓာတ် လွန်စွာများပြားလာခြင်းဟာ အာရုံကြောတွေမှာရှိတဲ့ သွေးကြောငယ်တွေကို ထိခိုက်စေပါတယ်။ ဒီအခါ အာရုံကြောတွေဆီ အာဟာရဓာတ်တွေ မရောက်နိုင် ဖြစ်ရပါတယ်။ တဖြည်းဖြည်း အာရုံကြောတွေဟာ ထိခိုက်ပျက်စီးလာပြီး ထိခိုက်တဲ့ အာရုံကြောပေါ်မှာ မူတည်လို့ ဝေဒနာတွေ ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။

ပြန်ကောင်းနိုင်လား

ခံစားရတဲ့ ဝေဒနာတွေကို သက်သာအောင် ဆေးကုနိုင်ပေမယ့် အာရုံကြောတွေ ပျက်စီးရင် ပြန်မကောင်းနိုင်ပါဘူး။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းညှိခြင်း၊ သွေးတွင်းကိုလက်စရော ချခြင်း၊ သွေးပေါင်ချိန်ထိန်းခြင်းတို့က သွေးကြောတွေပျက်စီးတာကို ကာကွယ်နိုင်ပါတယ်။

ဆီးချိုနှီးနွယ် အာရုံကြောရောဂါနှင့် နာကျင်မှုဝေဒနာ

အာရုံကြောတွေဟာ ဦးနှောက်ဆီမှ ခန္ဓာကိုယ်အနှံ့သို့ အသွားအပြန်လုပ်ပြီး ကျွန်ုပ်တို့ခန္ဓာကိုယ်ရဲ့ ခံစားချက်တွေကို သတင်းပို့ခြင်း လုပ်ဆောင်ပါတယ်။ အာရုံကြောတွေ ထိခိုက်ရင် ဒီလိုသတင်းပို့ခြင်းဟာ မမှန်တော့တဲ့အတွက် ခံစားရတဲ့ အထိအတွေ့တွေဟာလည်း ပုံမှန်မဟုတ်တော့ပါဘူး။ အဲအခါ ထုံတာ၊ ကျဉ်တာ၊ နာတာ၊ စူးကနဲ ပူကနဲ နာတာမျိုးတွေ ခံစားရပါတယ်။

ညအခါမှာ ပိုဆိုးလေ့ရှိပါတယ်။

ညအခါမှာ ပြင်ပအပူချိန် နည်းသွားတာကြောင့်၊ ဒါ့အပြင် မိမိကိုယ်ကို ပိုအာရုံစိုက်မိတာကြောင့် နာကျင်မှုကို ပိုသိတယ်လို့တော့ ယူဆရပါတယ်။

ဆေးကုသခြင်း

နာကျင်မှုဝေဒနာအတွက် အာရုံကြောဆိုင်ရာ ဆေးတွေအပြင် ဆီးချိုကုသခြင်း၊ သွေးတိုးကုသခြင်း၊ သွေးတွင်းကိုလက်စထရော ကုသခြင်း၊ ခြေထောက်စစ်ဆေးခြင်းတို့ကို ပုံမှန်လုပ်ဖို့ လိုပါတယ်။ ဖြစ်ပေါ်လာတဲ့ ဝေဒနာများအလိုက် ဆေးကုသခြင်း လုပ်ရပါမယ်။

.

ကာကွယ်ရန်

အာရုံကြောထိခိုက်ခြင်းဟာ လုံးဝမရှောင်လွဲနိုင်တာ‌ တော့ မဟုတ်ပါဘူး။

– ခြေထောက်စစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ပါ။

– ဆီးချိုကုသခြင်း၊ သွေးတိုးကုသခြင်း၊ သွေးတွင်းကိုလက်စထရော ကုသခြင်း သုံးခုလုံးကို သေချာလိုက်နာပါ။

– ကျန်းမာရေးနဲ့ ညီညွတ်သော လေ့ကျင့်ခန်းများ၊ အစားအသောက်များ၊ လူနေမှုဘဝပုံစံများကို ကျင့်သုံးရပါမယ်။

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

Reference : ????

Oxford Handbook of Clinical Medicine

https:// www. diabetes. org. uk /guide-to-diabetes/complications/nerves_neuropathy#:~:text=Neuropathy%20is%20one%20of%20the,damaged%2C%20and%20they%20may%20disappear.

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here