ဆီးချိုနှင့် အာဟာရမှုန့်များ (December,2023)

0
186

ဒီတစ်ပတ်မှာတော့ လူနာတွေ အမေးများကြတဲ့ ဆီးချိုနို့မှုန့်နဲ့ အခြားဆက်စပ်အကြောင်းအရာလေးတွေကို ရှင်းပြသွားပါမယ်နော်။

လူနာတချို့ မေးကြပုံက ဒီလို…

ဒီနို့မှုန့်ကို လိုင်းပေါ်မှာ ကြော်ငြာတာ တွေ့တယ်ပေါ့… သူများတွေ ၀ယ်သောက်တာလည်း ကောင်းတယ်ပြောတယ်။ အသိလူရင်းတွေတောင် နို့မှုန့်သောက်ပြီး ဆီးချိုဆေးမသောက်ဘဲ ဆီးချိုကျပြီး ကောင်းသွားတာဆိုပြီး… ဆီးချိုသွေးချိုသက်သာနိုး မျှော်လင့်ချက်လေးတွေနဲ့ပေါ့။

ကဲ…..

ဆီးချိုသွေးချိုဆိုတဲ့အကြောင်းကတော့ မကြားချင်မှအဆုံး သိကြပြီးသားဆိုတော့ အသေးစိတ်မပြောလိုပေမယ့် နည်းနည်းလေးတော့ ပြောလိုက်ပါရစေနော်..

ဆီးချိုသွေးချိုဆိုတာ ဇီဝဖြစ်စဥ် ပုံမှန်မဟုတ်တော့တဲ့ (metabolism abnormal ဖြစ်တဲ့) ရောဂါတွေထဲက တစ်ခုပါ။ ဆီးချိုဖြစ်တာ စားလို့တက်တာ တစ်မျိုးတည်းကြောင့်တော့ မဟုတ်ပါဘူး။

တကယ်တော့ ခန္ဓာကိုယ်မှာ အင်ဆူလင်ထုတ်တဲ့နှုန်းနဲ့ အင်ဆူလင်အလုပ်လုပ်ပုံ အားနည်းလာတာကြောင့် စားလိုက်တဲ့ ကစီဓာတ် (ကာဗိုဟိုက်ထရိတ်) တွေကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ကောင်းကောင်းအသုံးမချနိုင်ဖြစ်ပြီး မောလာ၊ နုံးလာ၊ အားမရှိဖြစ်လာရာကတစ်ဆင့်… လူက စားသလောက် အားအင်မရတော့ ပိုဆာ ပိုစားပြီး ပို၀လာတာမျိုး၊ သွေးထဲမှာကျ သကြားဓာတ်တွေ တက်နေတာမျိုး ဖြစ်တာပေါ့။

(သကြားနဲ့အလားတူ ချိုတာတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဆန်၊ ဂျုံ၊ ပြောင်းနဲ့လုပ်တာတွေက ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ကစီဓာတ်ကို ပေးပါတယ်)

ဒါဆို ဘာမှမစားဘဲ နေရင်ရော…

ပုံမှန်လူမှာ ကစီဓာတ် လုံး၀မစားတဲ့ နေ့ရက်တွေမှာတောင် သွေးထဲမှာ ကစီဓာတ်က ဇီးရိုးမဖြစ်သွားပါဘူး။ ဘာလို့လဲဆိုတော့ ကစီဓာတ် (ဂလူးကို့စ်) ဟာ ခန္ဓာကိုယ်ရဲ့ ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်တာကြောင့် ကစီဓာတ်မစားလည်း အခြား အဆီဓာတ်နဲ့ ပရိုတင်းဓာတ်တွေကို လိုအပ်တဲ့ကစီဓာတ် (ဂလူးကိုစ့်) အဖြစ် အသည်းမှာ ပြောင်းလဲထုတ်လုပ်လိုက်တာကြောင့်ပါ။

မပြောတော့ဘူးဆိုပြီး တော်တော်တောင်ရှည်နေပြီ… ရှင်းနေတာနဲ့ ရှုပ်သွားမှာလည်း ကြောက်ရသေး။

လိုတိုရှင်း သိချင်သူတွေအဖို့ တိုတိုပြောပါတော့မယ်…

ဦးဆုံးအနေနဲ့ ဆီးချိုပျောက်နိုင်လားဆိုရင် အကြိုအဆင့်မှာဆို ဆီးချိုကို အရှင်းပျောက်အောင် ကုလို့ရပါတယ်။

ကိုယ်၀န်ဆောင်ဆီးချိုဆိုရင် မီးဖွားပြီးရင် ဆီးချိုပုံမှန်ဖြစ်သွားနိုင်သလို… တချို့က စတီးရွိုက်ဆေးတွေကြောင့် ဆီးချိုတက်တာမျိုး၊ ခန္ဓာကိုယ်ရဲ့ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုအမျိုးမျိုး (stress) ကြောင့် ယာယီဆီးချိုဖြစ်တဲ့ အခြေအနေတွေဆိုရင်တော့ ပျောက်နိုင်ပါတယ်။

ဒီလူတွေမှာ သက်သွားရင် ဆီးချိုဆေးတော့ မလိုဘူးဆိုပေမယ့် အစားအသောက် ဆက်ပြီးဆင်ခြင်၊ ကိုယ်လက်လှုပ်ရှားမှုတော့ ဆက်လုပ်ရပါမယ်။

နောက်တစ်ခုက ဆီးချိုလူနာအတွက် နတ်ဆေးဆိုတာ လုံး၀ မရှိပါဘူး။ ဒီတစ်ခုကို စားလိုက်လို့ တခြားဘာမှမလိုတော့ဘဲ နတ်ရေကန်ထဲဆင်းလိုက်သလို မွေးကင်းစ ဆီးချိုမရှိတုန်းကအချိန် ပြန်ရောက်သွားတယ်ဆိုတာ လုံး၀ (လုံး၀) မရှိနိုင်ပါဘူး။

ဒါနဲ့ဆက်နွယ်ပြီး ပြောရရင် ဆီးချိုကျ လက်ဖက်ခြောက်ဆိုတာ မရှိပါနော်။ လက်ဖက်ခြောက်ဟာ ဆီးချိုဆေး မဟုတ်ပါဘူး။ ဆေးတွေကို အမှုန့်ကြိတ်ပြီး ထည့်ထားရင်တော့ မပြောတတ်ပါ။

ပုံမှန်အားဖြင့်တော့ ဆေးမသောက်ဘဲ herbal tea တွေပဲသောက်ပြီး ကြိုက်ရာစားလို့ရတယ်ဆိုတာ လုံး၀ မဖြစ်နိုင်တာကြောင့် မြန်မာ့ရိုးရာ ရိုးရိုးရေနွေးကြမ်းကိုပဲ အေးအေးလူလူသောက်တာ ပိုကောင်းပါတယ်။ ဆီးချိုကျမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့သောက်ရင်တော့ ရေတိုရေရှည်မှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပြီး ငါးပါးမှောက်ပါလိမ့်မယ်နော်။

နောက်တစ်မျိုးကတော့ အစားအစာကိစ္စတွေပါ။

ဆီးချိုလူနာအတွက် ဘာစားရမလဲဆိုတော့ တကယ်က သီးသန့်လုပ်ဖို့ မလိုပါဘူး။ တစ်အိမ်မှာ တစ်ယောက်က ဆီးချိုဖြစ်ရင် ကျန်တဲ့သူတွေလည်း သူဆင်ခြင်ရမယ့်ဟာကို လိုက်ဆင်ခြင်ပေးတာမျိုး၊ သူနဲ့တည့်ပြီး များများစားလို့ရတဲ့ အသီးအရွက်နဲ့ ဟင်းတွေကို တစ်အိမ်သားလုံး ပုံမှန်အစားအစာမှာ အတူတူထည့်စားတာမျိုး၊ အားကစားလေ့ကျင့်ခန်းတွေ အတူတူလုပ်ကြတာမျိုးကသာ အအောင်မြင်ဆုံးနည်းလမ်း ဖြစ်ပါတယ်။

ဆီးချိုသမားတွေ အစားသောင်းကျန်းတဲ့အခါ ဆီးချိုတက်ပါတယ်။ ဒါပေမယ့် ဘာမှလည်းမစားဘူး၊ ဆေးလည်းမသောက်ဘူးဆိုပြီး လုပ်ရင်တော့ ဆီးချိုက ကောင်းသွားမှာ မဟုတ်ပါဘူး။ ဆေးဝါး၊ လေ့ကျင့်ခန်းနဲ့ အအိပ်အစား လူနေမှုပုံစံ (lifestyle) ကို ထိန်းရင်းကုသမှသာ ပုံမှန်ဖြစ်နိုင်ပါတယ်။

ဆီးချိုဖြည့်စွက်စာတွေ စားတယ်၊ သောက်တယ်ဆိုတဲ့ကိစ္စကို ဆက်ပြောရရင်… ဥပမာ- နို့မှုန့်လိုဟာမျိုးအတွက် ပြောရရင် တကယ်တော့ ဒါဟာ နို့မှုန့်သာဖြစ်တာကြောင့် နို့သောက်တဲ့ အာနိသင်ပဲ ရပါမယ်။ နို့သောက်ထားတော့ ဗိုက်ပြည့်ပြီး တခြားပေါက်တတ်ကရတွေ ပိုမစားဖြစ်ဖို့ အခွင့်အလမ်း (chance) တော့ များတာပေါ့လေ။

နောက်ထပ် အာဟာရမှုန့်တွေအကြောင်း…

ဆီးချိုရှိလို့ အားရှိအောင် အာဟာရမှုန့်တွေကို ထပ်ဆောင်းသောက်ဖို့ လိုသလားဆိုရင်တော့ ပုံမှန်ထမင်းဟင်းနဲ့ အာဟာရအစုံ စားနိုင်သူဖြစ်တယ်ဆိုရင် မလိုပါဘူး။

ဒါပေမယ့် ဆေးရုံတက်နေရတာ၊ အိပ်ရာထဲ လဲနေရတာ၊ နလန်ထစလူနာ ဖြစ်နေတာ၊ အစားမ၀င်လို့ ဖြည့်စွက်စာ ကျွေးနေရတာမျိုးတွေအပြင် တစ်နပ်လျှော့စားပြီး နို့တစ်ခွက်သောက်တာမျိုးတွေအတွက်တော့ ဆီးချိုအာဟာရမှုန့်/ နို့မှုန့်သောက်တာ သင့်တော်ပါတယ်။

ဒါ့အပြင် ဆီးချိုရှိတဲ့လူနာက ရိုးရိုးသကြားမပါ ဆားမပါ နွားနို့၊ နို့မှုန့်အစစ်၊ ဒိန်ချဥ် စတာတွေနဲ့လည်း တည့်ပါတယ်… သောက်လို့ရပါတယ်နော်… ဆီးချို တအားထိုးတက်တာမျိုး မဖြစ်စေနိုင်ပါဘူး။

တကယ်လို့ အပေါ်မှာပြောထားတဲ့ အခြေအနေအချို့ကြောင့် ဆီးချိုနို့မှုန့်တွေ အာဟာရမှုန့်တွေကို ၀ယ်ယူသောက်သုံးရမယ် ဆိုရင်လည်း Myanmar FDA နံပါတ်ပါရှိပြီး တရား၀င်ရောင်းချတဲ့ ဆေးဆိုင်အကြီးကြီးတို့၊ supermarket တွေမှာ တွဲထားတဲ့ ဆေးဆိုင်တို့လို ဆေးရုံဆေးဆိုင်တွေမှာ ရောင်းချတဲ့ တံဆိပ်တွေကိုသာ ၀ယ်ယူပါ။

အွန်လိုင်းက တွင်တွင်ရောင်းတာ၊ နာမည်ကြားဖူးသလိုလိုမျိုးနဲ့ official pharmacy တွေမှာလည်း မရ၊ ဆေးရုံဆေးခန်းတွေမှာလည်း မရောင်းတဲ့ဟာမျိုးကို မ၀ယ်ပါနဲ့။ ဟိုးတစ်ချိန်က မယ်လမင်းပါ၀င်မှုများလို့ ပိတ်ခံရတဲ့ နို့မှုန့်တွေလိုမျိုး ဒီအာဟာရမှုန့်တွေမှာ ပါမလာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ (Glucerna, Glucomeal, Gen DM ဒီလိုတံဆိပ်တွေကတော့ safe ဖြစ်ပါတယ်…)

ကမ္ဘာမှာ သန်းနဲ့ချီ လူပေါင်းများစွာ အစမ်းသပ်ခံပြီးမှ ကောင်းတယ် စိတ်ချရတယ်ဆိုလို့ ဆရာ၀န်တွေ ညွှန်တဲ့ဆေးတွေသာ သောက်ပါ။ မိမိကိုယ်မိမိ အစမ်းသပ်ခံ ဖြစ်မှန်းမသိ ဖြစ်တဲ့ဘ၀ မရောက်အောင် ဂရုပြုပါ။

လက်ရှိမှာ ဆီးချိုကျစေတယ်၊ ကောင်းတယ်ဆိုပြီး စမ်းသပ်နေတဲ့ ဆေး၀ါးတွေဟာ ကင်ဆာဖြစ်စေနိုင်တယ်ဆိုပြီး တွေ့ရှိလို့ ပြန်ပိတ်ရတာတွေ၊ လူတွေမှာ မသုံးရဆိုပြီး အမိန့်ထုတ်ထားတာတွေ အများကြီးရှိပါတယ် (မြန်မာပြည်မှာတော့ ဒီလိုမျိုးဆေးဝါးတွေ မရသေးတာကြောင့် စိတ်တော့မပူပါနဲ့)

ဆက်စပ်ပြီးပြောရရင် တယ်လီကျန်းမာက ဆရာ၀န်တွေပေးတဲ့ဆေးတွေကတော့ စိတ်ချရပါတယ်။ ဆေးသောက်လို့ ကင်ဆာဖြစ်တာ၊ ကျောက်ကပ်ပျက်တာ မရှိတာမျိုးတွေပဲ ပေးတာမို့ပါ။

ဒါကြောင့် အဆုံးသတ်အနေနဲ့ ပြောလိုတာက ဆရာ၀န် ညွှန်တာကလွဲပြီး၊ လူအချို့က ကောင်းတယ် ဆီးချိုကျတယ်ဆိုတိုင်း တစ်ဖက်မှာ မိမိမသိနိုင်တဲ့ ဆိုးကျိုးတွေရှိနိုင်လို့ သတိပြုကြပါ….

အသက်ကို ဉာဏ်စောင့်ကြပါစေ….။

အာဟာရဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here