လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးများ

0
499

????️‍♂️ ဆရာရေ… ဆရာရှိလားဗျ။

????‍⚕️ ကိုသိန်းဆောင်ပါလား။ လာပါဗျာ… မတွေ့တာတောင်ကြာပေါ့။ ဘယ်ကနေ လှည့်လာတာတုန်းဗျ။

????️‍♂️ ညနေဘက် လမ်းသွားလျှောက်ကြည့်မလို့ ဆရာရဲ့။ ဆရာကလည်း Dry January ဆိုပြီး ဇန်နဝါရီတစ်လလုံး အရက်၊ ဘီယာ ဖြတ်ထားလေတော့ ကျွန်တော်တို့ဆရာတပည့် မတွေ့တာကြာပြီကိုး။ လမ်းလျှောက်ဖို့ကလည်း အချိန်ကစောနေတာနဲ့ ဆရာ့ဆီ ခဏဝင်နှုတ်ဆက်မယ်ဆိုပြီး လာတာ။ လမ်းထိပ်က မုန့်ပေါင်းအနံ့လေးကလည်း သင်းသင်းဆိုတော့ ဝယ်လာခဲ့တယ်။ အကွင်းကြော်လေးတွေလည်း ပါတယ်ရယ် ဆရာ။

????‍⚕️ အဆင်သင့်လိုက်တာဗျာ။ မနက်က ထမင်းကြော်စားဖို့ အသံထက်မြန်တဲ့ ပဲပြုတ်သည်ဆီကနေ ရအောင်ဝယ်ထားတဲ့ စားတော်ပဲပြုတ်လေး ပိုတာနဲ့သိမ်းထားတာ အံကိုက်ပဲ… သွားယူပေးမယ်ဗျာ။ ဒါနဲ့ ဘယ်ကနေ ဘယ်လို လမ်းတွေလျှောက်မယ်ဆိုပြီး စိတ်ကူးပေါက်တာတုန်း။ မိန်မိန်းက ဘီယာဗိုက်ကြီး ထွက်နေပြီဆိုပြီး ကန်ချလိုက်လို့လား။

????️‍♂️ ဟုတ်ပါဘူး ဆရာရယ်။ အရက်၊ ဘီယာလည်း လျှော့နေပါပြီ။ ခုက နည်းနည်းအသက်ရလာချင်တော့ လူက အားနည်းလာသလားဆိုပြီး လေ့ကျင့်ခန်းလုပ်ကြည့်တဲ့ သဘောပါရယ်။ မိန်မိန်း ငြိုငြင်မှာလည်း စိုးရိမ်တာပေါ့လို့ ဟဲ ဟဲ ဟဲ။

????‍⚕️ ကောင်းပါတယ်ဗျာ။ တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်ပေးရင်ကို ကျန်းမာရေးအတွက် အတော် ကောင်းကျိုးများတာဗျ။ ပြောရင် ယုံမှာတောင်မဟုတ်ဘူး။

????️‍♂️ လင်းပါဦး ဆရာရဲ့။

????‍⚕️ တစ်နေ့ကို နာရီဝက် လမ်းလျှောက်ရင် နှလုံးနဲ့ သွေးကြောတွေရဲ့ ကျန်းမာကြံ့ခိုင်မှုကို အားကောင်းစေတယ်။ အရိုးတွေကို သန်မာစေတယ်။ ခန္ဓာကိုယ်ရဲ့ ပိုနေတဲ့အဆီတွေကို လျှော့ချပေးတယ်။ ဒါ့အပြင် ကြွက်သားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ခံနိုင်ရည်ကိုပါ သိသိသာသာ မြှင့်တင်ပေးနိုင်တယ်ဗျ။

????️‍♂️ နာရီဝက်ထဲတင်ကို အဲလောက်သိသာတာလား ဆရာ။

????‍⚕️ အဲဒါတွေတင် မကဘူး။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ လေဖြတ်တာ၊ အရိုးပွရောဂါနဲ့ တချို့ကင်ဆာရောဂါတွေ စတဲ့ မကူးစက်တတ်တဲ့ရောဂါတွေ (Non-communicable diseases) ရဲ့ ရောဂါဖြစ်နိုင်ခြေတွေကိုပါ လျှော့ချပေးနိုင်တယ်ဗျ။

????️‍♂️ မကူးစက်တတ်တဲ့ရောဂါတွေဆိုတာ ဘာကိုပြောတာလဲ ဆရာ။ ဒါနဲ့ မုန့်ပေါင်းက ကာဖီလေးနဲ့ဆို ပိုလိုက်မှာ ဆရာရဲ့ ဟီး ဟီး။

????‍⚕️ ကာဖီလေး နှပ်ထားပါတယ်ဗျာ။ ဒီမှာ… “ သဘောရှိ ကလောဟိ” သာ သုံးဆောင်ပါ။

ရောဂါ (Diseases) တွေကို ကူးစက်တတ်တဲ့ရောဂါတွေ (Communicable diseases CDs) နဲ့ မကူးစက်တတ်တဲ့ရောဂါတွေ (Non-communicable diseases NCD) ဆိုပြီး ခွဲလို့ရတယ်ဗျ။ ကူးစက်တတ်တဲ့ရောဂါတွေ (Communicable diseases) ဆိုတာ လူ ဒါမှမဟုတ် တိရစ္ဆာန်ကနေ ကူးစက်နိုင်တဲ့‌ရောဂါမျိုး၊ ပိုးမွှားတွေနဲ့ တိုက်ရိုက်ထိတွေ့တာမဟုတ်ဘဲ ပစ္စည်းတွေကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါမျိုးတွေကို ပြောတာ။ မြင်သာထင်သာရှိတာကို ပြောပြရရင် တီဘီ (TB) တို့၊ ငှက်ဖျား (Malaria) တို့၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) တို့ စသဖြင့်ပေါ့လေ။

ဒါတွေကို နောက်မှ အသေးစိတ်ပြောပြမယ်ဗျာ။ လောလောဆယ်တော့ မကူးစက်တတ်တဲ့ရောဂါတွေ (Non-communicable diseases NCDs) အကြောင်းကို အရင်ပြောပြချင်တယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ၂၀၂၃ စက်တင်ဘာလမှာ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးအနေနဲ့ မကူးစက်တတ်တဲ့ရောဂါတွေ (Non-communicable diseases NCDs) ကြောင့် တစ်နှစ်တစ်နှစ်ကို လူပေါင်း ၄၁ သန်းလောက် သေနေရပြီး ရာခိုင်နှုန်းအနေနဲ့ဆို ၇၄ ရာခိုင်နှုန်းတောင် ရှိနေတယ်တဲ့ဗျ။ သ‌ဘောက တစ်နှစ်အတွင်း လူလေးယောက်သေတယ်ဆိုရင် သုံးယောက်က မကူးစက်တတ်တဲ့ရောဂါတွေ (NCDs) ကြောင့် ဖြစ်ပြီး ကျန်တဲ့တစ်ယောက်ကမှ ကူးစက်တတ်တဲ့ရောဂါတွေ (CDs) ကြောင့် သေရတယ်ပေါ့ဗျာ။

????️‍♂️ မထင်ရဘူးနော်။ ကျွန်တော်က ကူးစက်တတ်တဲ့ရောဂါတွေကြောင့် သေတာက ပိုများမယ် ထင်နေတာ ဆရာရဲ့။

????‍⚕️ ထင်တော့ ထင်ချင်စရာပေါ့လေ။ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးတာ၊ အရက်၊ ဘီယာ သောက်တာ၊ ခန္ဓာကိုယ်လှုပ်ရှားမှု သိပ်မရှိတာ၊ မသန့်ရှင်းတဲ့ အစားအသောက်တွေ စားတာတွေဟာ မကူးစက်တတ်တဲ့ရောဂါတွေ (Non-communicable diseases) ဖြစ်နိုင်ခြေကို များစေတယ်။ အင်းးး ပြောရရင် မိန်မိန်းလက်ရာလေးကမှ စားမြိန်တာဆိုပြီး မကျက်တကျက်အကင်လေးတွေ ကိုက်လိုက်၊ ဆေးလိပ်လေး ရှိုက်လိုက်၊ ဘီယာလေးတစ်ကျိုက်လောက် မော့လိုက်နဲ့ မိုက်နေတဲ့ ကိုသိန်းဆောင်ကို ကြည့်ရေးထားသလား မှတ်ရတာပဲ။

????️‍♂️ အမလေး လွဲပါစေ ဖယ်ပါစေ ဆရာရယ်။ တစ်ချိန်ချိန်တော့ နွှာမယ်ဆိုတာ သိပြီးသားပါ။ အချီကြီးကျမှ တွယ်တော့တာပဲ။ လူကို ခြိမ်းခြောက်ပြီးရင်လည်း ဘယ်လို လုပ်သင့်လဲဆိုတဲ့ နည်းလမ်းလေးတော့ ပြန်ပြောပြဦးလေ ဆရာရဲ့။

????‍⚕️ အလွယ်ဆုံးနည်းလမ်းတစ်ခုပဲ ပြောမယ်ဗျာ။ လေ့ကျင့်ခန်း (Exercise) သာလုပ်ပါ။ အဲဒီ လေ့ကျင့်ခန်း (Exercise) ထဲကမှ ကိုသိန်းဆောင် အခုလုပ်နေတဲ့ လမ်းလျှောက်တာကိုပဲ ဆက်လုပ်ဗျာ။

????️‍♂️ ဘာလို့လဲ… တခြား ဒီထက် ပိုထိရောက်တဲ့ လေ့ကျင့်ခန်းရှိရင် ပြောင်းလုပ်မယ်လေ ဆရာ။

????‍⚕️ မပြောင်းပါနဲ့။ လမ်းလျှောက်တယ်ဆိုတာ ကုန်ကျစရိတ် အသက်သာဆုံးဖြစ်တဲ့အပြင် တခြား ထူးထူးခြားခြား ကိရိယာတန်ဆာပလာတွေလည်း မလိုဘူး။ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ မြန်ချင်မြန်၊ နှေးချင်နှေး ကိုယ်အဆင်ပြေသလောက်လေး လျှောက်လို့ရတယ်။ တစ်ခုပဲ… လမ်းလျှောက်တတ်ဖို့တော့ လိုတယ်ဗျ။

????️‍♂️ ဆရာ့စကားက အဆန်းပါလားဗျ။ လမ်းလျှောက်တာပဲ ဥစ္စာကို… ဘာတွေ ပိုထူးမှာတုန်း ဆရာရဲ့။

????‍⚕️ လာမယ်လေ ကိုသိန်းဆောင်ရဲ့။ ကျန်းမာရေးကောင်းကျိုးတွေ ရချင်သပါ့ဆိုရင် တစ်ရက်ကို မိနစ်သုံးဆယ် ရှယ်လျှောက်ရမယ်။ သီချင်းမဆိုနိုင်တော့ဘဲ စကားလောက်ပဲ ပြောနိုင်တော့တဲ့အထိ လျှောက်ရမယ်။ နည်းနည်း‌လောက် အသက်ရှူပြင်းနေတာမျိုးတော့လည်း ရှိမှာပေါ့လေ။ ဒီလို အားစိုက်ရတာမို့ လမ်းလျှောက်ဖို့ သင့်တော်ရဲ့လားဆိုတာကို နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ အရင်ဆုံး ပြသစစ်ဆေးကြည့်ထားသင့်တယ်ဗျ။

????️‍♂️ နာရီဝက်လုံး အဲလိုလျှောက်ရရင် ကျွန်တော် အမောဆို့မယ်ထင်တယ် ဆရာ။

????‍⚕️ မပူပါနဲ့။ စစချင်း အဲလိုမျိုး တစ်ဆက်တည်း မိနစ်သုံးဆယ်လျှောက်ဖို့ ခက်နေသေးတယ်ဆိုရင် တစ်ခါလျှောက်ရင် ဆယ်မိနစ်နှုန်းနဲ့ သုံးခါခွဲပြီး လျှောက်လို့ရပါတယ်ဗျ။ နောက်မှ တဖြည်းဖြည်းတိုးလျှောက်ဖို့ ကျင့်ရမှာ။

????️‍♂️ ဝိတ်ရော ကျမှာလား ဆရာ။

????‍⚕️ ဝိတ်ကို သိသိသာသာကျချင်ရင်တော့ တစ်ရက်ကို နာရီဝက်ထက်ပိုပြီး လျှောက်မှရမယ်။ တစ်ရက်ကို အချိန်ပိုင်းလေးတွေ ခဏခဏ ခွဲခွဲလျှောက်ရာကနေ သက်လုံကောင်းလာတဲ့အခါ တိုးလျှောက်ရမှာပေါ့လေ။

????️‍♂️ ဆရာပြောသလို အချိန်ပိုင်းလေးတွေ ခဏခဏ ခွဲခွဲလျှောက်ဖို့က အချိန်မပေးနိုင်ဘူး ဆရာရဲ့။

????‍⚕️ အံမယ်လေး။ ဒါမျိုးကျ အချိန်မ‌ပေးနိုင်ဘူး။ မိန်မိန်းဘေးကျ တစ်နေကုန် ကပ်နေနိုင်တယ်ပေါ့ ဟုတ်လား။

????️‍♂️ ဟဲ ဟဲ ဒါကတော့ ချစ်စ ခင်စ ညားခါစဆိုတော့ မျက်စိအောက်က အပျောက်မခံနိုင်တာပါ။ ဆရာကကျ FA လူပျိုကြီး ဆိုတော့ ဒါတွေ ဘယ်သိပါ့မလဲဗျာ ဟွင်း ဟွင်း ဟွင်း။

(ဆရာ FA ၏ မျက်စောင်းက ဒိုင်းကနဲ)

????‍⚕️ တော် တန် တိတ်။ ဆက်ပြောပြမယ်။ တစ်နေရာရာ သွားရရင် ဓာတ်လှေကား မသုံးနဲ့။ ရိုးရိုးလှေကားပဲသုံးဗျာ။ တကယ်လို့ တအားမြင့်တာမျိုးဆိုရင်တော့ လမ်းခုလတ်လောက်ကျမှ ဓာတ်လှေကားကနေ ဆင်းပြီး ရိုးရိုးလှေကားနဲ့ တက်တာ၊ ဆင်းတာမျိုး အကျင့်လုပ်ပေးသင့်တယ်။ ရုံးနဲ့အိမ် အသွားအပြန်တွေမှာ လိုင်းကားတို့၊ မီးရထားတို့၊ ဆိုက်ကားတို့ စီးရရင်လည်း သွားရမယ့်နေရာမရောက်ခင် တစ်မှတ်တိုင်လောက်၊ တစ်ပြနှစ်ပြ‌လောက်အလိုကျ ဆင်းပြီး လမ်းလျှောက်ပေးပေါ့ဗျာ။ အိမ်နဲ့ ပြောပလောက်အောင်မဝေးတဲ့ ဆိုင်တွေဆို စက်ဘီးတွေ ဆိုင်ကယ်တွေ ဘာမှစီးမနေဘဲ လမ်းသာလျှောက်ပစ်လိုက်ပါ။

????️‍♂️ ဟုတ်ပြီဗျာ… လျှောက်မယ်။ ဒါနဲ့ တစ်ရက်ကို ဘယ်လောက်လောက် လျှောက်တာက အသင့်တော်ဆုံးလဲ ဆရာ။

????‍⚕️ ကောင်းတာကတော့ တစ်ရက်ကို ခြေလှမ်းတစ်သောင်းနဲ့အထက် လျှောက်နိုင်ရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရဖို့သေချာတယ်ဗျ။ ခြေလှမ်းအရေအတွက်တိုင်းပေးတဲ့ ကိရိယာလေးတွေကို Pedometer လို့ခေါ်ပြီး ဝယ်လို့ရသလို ဖုန်းထဲမှာ အဲဒီကိရိယာ (Application) ကို ထည့်ထားလို့လည်း ရနေပြီ။ ခြေလှမ်း ဘယ်လောက်‌လျှောက်ထားတယ် ဆိုတာကိုမြင်ပြီး ထပ်ထပ်လျှောက်ချင်စိတ်တွေ တဖွားဖွား‌ပေါ်လာမှာ‌ပေါ့လေ။ ကဲပါ ကိုသိန်းဆောင်ရယ်… ကျွန်တော့ဖုန်းထဲကနေသာ ယူသွားလိုက်… ရော့ ရော့။

????️‍♂️ အိုစကေ ဆရာရေ။ နောက်ရက်ကနေ စပြီး အသားကုန်လျှောက်မယ်။

????‍⚕️ အသာလုပ်ပါဗျ။ မြန်မြန်လျှောက်တာက ဖြည်းဖြည်းလျှောက်တာထက် ကယ်လိုရီတွေကို ပိုလောင်ကျွမ်းစေပြီး အဆီတွေ ပိုကျစေတယ်ဆိုပေမယ့် ဟောဟဲလိုက်နေတဲ့အထိတော့ ကိုယ့်ကိုယ်ကိုယ် အတင်းကြီး မခိုင်းရဘူး။ လူကို အန္တရာယ်မဖြစ်စေတဲ့ နှလုံးခုန်သံလောက်အထိပဲ လျှောက်သင့်တယ်။ ခုနကပြောသလို သီချင်းမဆိုနိုင်တော့ဘဲ စကားလောက်ပဲ ပြောနိုင်တော့တဲ့အထိလျှောက်ရင် ရပါပြီ။ ပြီးတော့ ကျွန်တော်တို့ ကိုယ်ခန္ဓာက ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေအလိုက် ကျင့်သားရသွားတတ်တယ်။ ပြောချင်တာက သက်လုံကောင်းလာတာနဲ့အမျှ လျှောက်နေကျထက် ပိုပိုလျှောက်လာနိုင်လိမ့်မယ်။

????️‍♂️ သက်လုံကောင်းလာအောင်၊ ပိုလျှောက်နိုင်အောင် ဘယ်လိုတွေ လုပ်လို့ရနိုင်လဲဆရာ။

????‍⚕️ တောင်အမြင့်ကို လမ်းလျှောက်တက်တာတို့၊ လက်နှစ်ဖက်မှာ အလေးတုံးလေးတွေကိုင်ပြီး လျှောက်တာတို့၊ ကိုယ်လျှောက်နေကျ အမြန်နှုန်းကို ဖြည်းဖြည်းချင်းတိုးပြီး လျှောက်ကြည့်တာတို့ လုပ်ကြည့်ဗျ။ ပြီးတော့ ပုံမှန်နှုန်းနဲ့ ပြန်မလျှောက်ခင်… ခပ်မြန်မြန်လျှောက်နေကျ အကွာအဝေးကို မြှင့်ကြည့်တာမျိုး၊ ပုံမှန်နှုန်းကိုပဲ ကြာကြာလျှောက်ကြည့်တာမျိုးတွေလည်း လုပ်လို့ရသေးတယ်။

????️‍♂️ ဆောင်ရန် ရှောင်ရန်တွေ ရှိသေးလား ဆရာ။

????‍⚕️ ထွေထွေထူးထူးတော့ မရှိပါဘူး။ စမလျှောက်ခင်နဲ့ လျှောက်လို့ပြီးသွားတဲ့အခါတွေမှာ သွေးပူလေ့ကျင့်ခန်း လုပ်ဖို့တော့လိုတယ်။ ခြေထောက်နဲ့ လက်လေ့ကျင့်ခန်းတွေ အထူးသဖြင့် ခြေသလုံးကြွက်သားနဲ့ ပေါင်ကြွက်သားတွေကို သေချာအကြောလျှော့ပေးဖို့ အရေးကြီးတယ်။ ‌အကြောလျှော့တဲ့အခါမှာလည်း အရမ်းကာရော မလျှော့ရဘူးဗျ။ ကြွက်သားတွေ၊ အရွတ်တွေမှာ မျက်စိနဲ့မမြင်နိုင်တဲ့ အစုတ်အပြဲ (Microscopic tears) တွေ ရသွားပြီး ကြွက်သားတွေ တင်းလာတာ၊ နာလာတာတွေ ဖြစ်လာနိုင်တယ်ဗျို့။

????️‍♂️ လမ်းလျှောက်တဲ့ ဒီဇိုင်းကာလာအနေအထားတွေကရော ဘယ်လိုတွေရှိသေးလဲ လင်းပါဦးဆရာရဲ့။

????‍⚕️ စလျှောက်လျှောက်ချင်း ကိုယ်လျှောက်နေကျ အမြန်နှုန်းထက် ဖြည်းပြီး လျှောက်သင့်သလို… လမ်းလျှောက်တာ ပြီးခါနီးရင်လည်း အမြန်နှုန်းကို ဖြည်းဖြည်းချင်း လျှော့ပေးဗျာ။ မဟုတ်ရင် ခုနကလိုပဲ ကြွက်သားတွေ ထိခိုက်တတ်တယ်။

ပြီးတော့ လမ်းလျှောက်ဖိနပ်ကလည်း အရေးကြီးတယ်။ တတ်နိုင်ရင်တော့ လမ်းလျှောက်ဖိနပ် အမျိုးအစားကောင်းတာလေးတွေ ဝယ်စီးပေါ့။ သက်တောင့်သက်သာရှိနေဖို့ လိုတယ်။ မဟုတ်ရင် ဖိနပ်ပေါက်တာတို့၊ ခြေထောက်နာတာတို့ ဖြစ်နိုင်တာကိုး။

ခြေလှမ်းတဲ့အခါ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပဲ လှမ်းရမယ်။ ခြေဖျားထက် ဖနောင့်က အရင်ချရမယ်ဗျ။ ကွန်ကရစ်လို အမာပေါ်ထက် ခြေချလိုက်တဲ့အခါ သက်ရောက်မယ့်အားကို စုပ်ပေးနိုင်တဲ့ မြက်ခင်းပြင်လိုမျိုးတွေပေါ်ကို လျှောက်စေချင်တယ်ဗျာ။

????️‍♂️ နေ့တိုင်း လျှောက်နေရတော့ ကြာရင် ပျင်းလာနိုင်လား ဆရာ။

????‍⚕️ လျှောက်တဲ့လမ်းကို ပြောင်းပြောင်းလျှောက်ကြည့်ဗျာ။ ဥပမာ – ကနေ့ကို မနက်ခင်းပိုင်းမှာ ဒီလမ်းဆိုရင် နောက်ရက်ကျ ညနေမှ လျှောက်တာမျိုးပေါ့။ ဝေးတဲ့တစ်နေရာရာကို သွားလျှောက်ကြည့်တာ ဥပမာ ပန်းခြံကို ကား ဒါမှမဟုတ် ဆိုင်ကယ်နဲ့သွားပြီး သေချာအပ်နှံပြီးမှ အဲမှာလျှောက်လည်း ရတာပဲ။ သူငယ်ချင်းတွေနဲ့ တူတူလျှောက်တာမျိုးကလည်း အပြောင်းအလဲဖြစ်တာပေါ့။ ဒါမှမဟုတ်လည်း ခွေးတစ်ကောင်လောက်မွေးပြီး ခွေးကျောင်းဗျာ။ သူပြေးတာ လိုက်နေရတာနဲ့ ပျင်းချိန်တောင် ဘယ်ရလိမ့်မလဲ။ အဲ ခွေးမွေးရင်တော့ လည်ပတ်ကြိုးလေးတော့ မလွတ်စေနဲ့ပေါ့။ ပြီး ပလတ်စတစ်အိတ်နဲ့ လက်အိတ်လေးတော့ ပါပလေ့စေ။ ခွေးလေးက ညစ်ပတ်အောင်လုပ်ခဲ့ရင် ရှင်းလို့လင်းလို့ရတာပေါ့။ တခြားသူတွေကို အားနာရမယ်မလား။

မိသားစုနဲ့ လျှောက်ရင်လည်း ကောင်းတာပဲ။ လူကြီးတွေလည်း လေကောင်းလေသန့်လေးရပြီး ခြေညောင်းလက်ဆန့် လုပ်နိုင်သလို ကလေးတွေလည်း ပျော်မှာပေါ့လေ။ ခင်ဗျားမိန်မိန်းကို အမြန်သာ မွေးပေးဖို့ ပူဆာလိုက်တော့‌ ကိုသိန်းဆောင်ရေ။

????️‍♂️ ကလေးကတော့ ယူချင်လှပြီ ဆရာရဲ့။ ခေတ်ကာလ အခြေအနေအရကြောင့်သာ ချိန်ဆနေတာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဆင်ပြေပါတယ်။ မိန်မိန်းလေးနဲ့ မနက်တိုင်း တူတူလမ်းလျှောက်ရုံပဲ။ ဆရာသာ တူတူလျှောက်မယ့်သူ မရှိတာမလား ဟင်း ဟင်း ဟင်း

(ပြောရင်းမှ ကိုသိန်းဆောင် တစ်စုံတစ်ခုကို တွေးမိသွားသည်။ ဆရာ FA မှာ Dry January ဟု ဆိုခါ ဇန်နဝါရီတစ်လလုံး အရက်၊ ဘီယာ ရှောင်ထားသူ ဖြစ်သည့်အပြင် ချစ်သူများနေ့ကလည်း နီးလာပြီမို့ သက်ဆိုင်သူကိုလည်း သတိရနေမည်မှာ အသေအချာ။ ဆရာ FA ၏ အလွမ်းအဆွေးပုံပြင်ကို ဘီယာဆိုင်ထိုင်ရင်း နားဆင်ပေးရလျှင် မထောင်းသာ။ မိန်မိန်းလေး၏ “ အိမ်ပြန်နောက်ကျရင် ညစာငတ်ပြီသာမှတ်” ဆိုသည်ကို ကြားယောင်လာလေသည်။ ဂုန်းဆင်းရမည့် ဘီယာနှင့်အရက်ထက် မိန်မိန်းလက်ရာညစာကိုတော့ မလဲနိုင်ပေ)

ထိုစဉ်‌ ဆရာ FA က အဝေးတစ်နေရာသို့ ငေးကြည့်ရင်း….

????‍⚕️ ခုလည်း ‘သူ’ နဲ့ တူတူလျှောက်နေတာပါပဲဗျာ… ကျောခိုင်းပြီးတော့ပေါ့။ ဒါပေမယ့် ကမ္ဘာကြီးက လုံးနေတာဗျ။ တစ်နေ့နေ့ကျ ကျွန်တော်နဲ့ ‘သူ’ မျက်နှာချင်းဆိုင် ပြန်တွေ့ရင်တွေ့မှာပါ….

….

…. ဟူ၍ ရင်ခေါင်းသံကြီးနှင့် ပြောချလိုက်လေရာ ကိုသိန်း‌ဆောင်မှာ ခေါင်းနားပန်းများကြီးသွားပြီး

“ ဗုဒ္ဓေါ… ဆရာ FA ရောဂါက အတော်ရင့်နေပါလား။ ဒီပုံစံနဲ့ဆို ငါ့ကို ဘီယာဆိုင်ခေါ်သွားမှာ သေချာနေပြီ။ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တို့၊ တစ်ထောင့်တစ်ညတို့ထက် ပိုကြာမှာ။ ငါတော့ ပြေးမှဖြစ်မယ်” ဟူ၍ အမှန်ကို မြင်လာသည့်နောက် မျက်ရည်လေး စမ်းစမ်း စမ်းစမ်းဖြင့် NUG မှပေးမည့် အကယ်ဒမီမှန်းနေသော ဆရာ FA မမြင်အောင် ဆိုင်ကယ်လေးအား အသာတွန်းထုတ်လာစဉ် ဝင်းတံခါးဝသို့အရောက် ဆရာ FA ၏အသံကို ကြားလိုက်ရလေသည်။

????‍⚕️ ကိုသိန်းဆောင်… ဘယ်ပြေးမလို့တုန်း။ ဒါ ခင်ဗျား ဆိုင်ကယ်သော့လေးမို့လား…ခေါ်ဦးလေဗျာ ဟဲ ဟဲ ဟဲ

ဟူ၍ ဆိုင်ကယ်သော့လေးကို မြှောက်ပြ‌နေလေရာ…

ကိုသိန်းဆောင်ခမျာ မျက်တောင်လေး ပေကလပ် ပေကလပ်ဖြင့် မှင်သက်မိနေရင်း မစားရတော့မည့် ညစာတစ်နပ်အား အိပ်မက်မက်နေလေတော့သည်တကား…….။

Dr Frodo

တယ်လီကျန်းမာဆရာဝန်တစ်ဦး

References : ????

https:// www. betterhealth. vic. gov. au /health/healthyliving/walking-for-good-health

https:// www. who. int /news-room/fact-sheets/detail/noncommunicable-diseases

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here